သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကော်မရှင် ဥပဒေပြင်ရေး လွှတ်တော်ကော်မတီတွေနဲ့ ဆွေးနွေး


လွှတ်တော်ကော်မတီများနဲ့ CSO ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံ- သတင်းဓာတ်ပုံ- ညီမျှခြင်းမြန်မာဒါရိုက်တာ ဦးအောင်မျိုးမင်း
လွှတ်တော်ကော်မတီများနဲ့ CSO ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံ- သတင်းဓာတ်ပုံ- ညီမျှခြင်းမြန်မာဒါရိုက်တာ ဦးအောင်မျိုးမင်း

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွတ်လွတ်လပ်လပ် စုံစမ်းဖော်ထုတ်နိုင်ဖို့ လူ့အခွင့်အရေးကော်မရှင်ဥပဒေ ပြင်ဆင်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဥပဒေကြမ်းဆိုင်ရာ လွှတ်တော်ကော်မတီတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ လူ့အခွင့်အရေးကော်မရှင် ဥပဒေပြင်ဆင်ရေး အရပ်ဖက်အဖွဲ့အစည်းတွေ လှုပ်ရှားမှုတွေထဲက တခုဖြစ်တဲ့ ဥပဒေပြုအမတ်တွေနဲ့ဒီတွေ့ဆုံမှုမှာ ဘယ်လိုအလားအလာ အခြေအနေတွေရှိလဲ မဆုမွန်က မေးမြန်းတင်ဆက်ထားပါတယ်။

လက်ရှိမြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ သက်တမ်းဟာ လာမယ့်စက်တင်ဘာလအတွင်းမှာ ကုန်ဆုံးတော့မှာဖြစ်တဲ့ အတွက် အသစ်ပြန်လည်ဖွဲ့စည်းမယ့် ကော်မရှင်သစ်အနေနဲ့ ပိုလွတ်လပ်ပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်လုပ်ကိုင်နိုင်ဖို့ ဒီကော်မရှင်ဥပဒေကို အမြန်ဆုံး ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်ကို မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၀ကျော်က တောင်းဆိုနေကြတာပါ။

ဒီကနေ့မှာတော့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေပြင်ဆင်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ နေပြည်တော်အထိသွားရောက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ နောက် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသားလွှတ်တော်ကော်မတီနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာရဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဗွီအိုအေမြန်မာပိုင်းကိုအခုလိုပြောပါတယ်။

“ကျနော်တို့ ဒီ အရပ်ဘက်အဖွဲ့အစ်ညး ၂၄ ဖွဲ့ပေါင်းပြီးတော့ ကော်မရှင်က လူလည်းပြောင်းဖို့လိုတယ်၊ မူလည်းပြောင်းဖို့လိုတယ်ဆိုတဲ့ ကြေညာချက်ကို မီဒီယာကတဆင့် အများပြည်သူသိအောင် ထုတ်ပြန်ခဲ့ပါတယ်။ အခုကျတော့ လွှတ်တော်မှာရှိတဲ့ ကော်မတီတွေနဲ့တွေ့ပါတယ် အဲဒီတော့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ အမျိုးသားလွှတ်တော် နိုင်ငံသားများရဲ့ မူလအခွင့်အရေးနဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီနဲ့ တွေ့ပါတယ်။ အဓိကကတော့ ကျနော်တို့ ဒီဥပဒေကို ပြုပြင်ပြောင်းလဲဖို့အတွက်က လွှတ်တော်ရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဥပဒေတခုကို ပြင်မယ်၊ ပြောင်းမယ်၊ ဖျက်မယ်ဆိုရင် လွှတ်တော်မှာ တင်ပြဆွေးနွေးတာရှိမယ်။ ပြည်သူလူထုကတဆင့် တဖက်က ဒီဥပဒေရဲ့ အားနည်းချက်ကို သိတာတင်မကဘူး လွှတ်တော်မှာ ဒီဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အချိန်မှာ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ လိုလားတဲ့ ထောက်ပြတဲ့အချက်တွေ၊ ကော်မရှင် ကို ပိုမိုအားကောင်းအောင်လုပ်ဆောင်ဖို့အတွက် အကြံပေးတဲ့ အချက်တွေကို လွှတ်တော်ကိုယ်စားလှယ်များက ကြိုတင်သိထားမယ်ဆိုရင် ဒီဥပဒေက လွှတ်တော်မှာ ပြဌာန်းဖို့အတွက် ၊ ဒါမှမဟုတ်ရင် ပြင်ဆင်ဖို့အတွက် လုပ်ဆောင်တဲ့အခါမှာ ပိုမိုအားကောင်းမယ် ကျနော်တို့အတွက် ပိုမိုပြီးတော့ ပြောင်းလဲနိုင်မယ့်လမ်းကြောင်းသွားနိုင်မှာဖြစ်တဲ့အတွက် အခုကတည်းက ကြိုတင်ပြီးတော့ ကော်မတီနဲ့ တွေ့တာဖြစ်ပါတယ်ခင်ဗျ။”

လက်ရှိ လူ့အခွင့်အရေးကော်မရှင်ဥပဒေပြင်ဆင်ဖို့ကော်မရှင်ကိုယ်တိုင်ကလည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး တိုင်ပင်ညှိုနှိုင်းမှုတွေရှိနေပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်နေတဲ့လက်ရှိ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု တိုင်တန်းချက်တွေ၊ စုံစမ်းဖော်ထုတ်နိုင်ဖို့ အဓိကအခန်းကဏ္ဍကပါဝင်နေတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြုပြင်ပြောင်းလဲဖို့ ဘာကြောင့် အကြံပြုရပါသလဲ။ လွှတ်တော်တွေ့ဆုံပွဲတွေမှာ ဦးဆောင်ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီရဲ့ စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ မသဉ္ဇာရွှန်းလဲ့ရည်က ဗွီအိုအေကိုပြောပါတယ်။

“ဥပဒေပြင်ဆင်ဖို့အတွက် ဇယားပေါ့နော် ။ ဒီဥပဒေ ပညာရှင်တွေနဲ့ တိုင်ပြင်ပြီး ပြင်ဆင်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ တိုက်တွန်းချက်ဆိုတာမျိုးကို လက်ထဲအရောက်ကို ပေးပို့နိုင်ခဲ့တယ်လို့ ပြောလို့ရတာပေါ့နော်။ ဒါ့အပြင် သူတို့ဘက်ကလည်း သဘောထားတွေကိုလည်း ကျမတို့ အချင်းချင်း အပြန်အလှန် ဖလှယ်တဲ့အခါမှာ တော်တော်လေးကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စိတ်ဝင်စားမှု အပြည့်ရှိတာကိုတွေ့ရတယ်။ ဒီထက်ပိုကောင်းမွန်တဲ့ ကော်မရှင် ဖြစ်လာဖို့က ကျမတို့အားလုံးမှာ တာဝန်ရှိတယ်။ အရပ်ဘက်အဖွဲ့အစည်းတင်မဟုတ်ပဲနဲ့ ပြည်သူတွေအားလုံးမှာလည်း တာဝန်ရှိတဲ့အတွက် အဓိကအားဖြင့် ပွင့်လင်းမြင်သာမှုရှိတယ်၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ လူ့အခွင့်အရေးကို အခြေခံပြီးတော့ ယုံကြည်တဲ့ ကော်မရှင်ပေါ်လာဖို့အတွက်က လွှတ်တော်ကိုယ်စားလှယ်တွေထံ သူတို့လက်ထဲကို သူတို့က ဥပဒေပြင်ဆင်ခွင့်ရှိခဲ့ အခွင့်အာဏာရှိတဲ့အတွက်ကြောင့် သူတို့ကို ကျမတို့ တိုက်တွန်းဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။”

အခုလက်ရှိမှာလည်း လွှတ်တော်တွင်းမှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပြင်ဆင်ရေး လွှတ်တော်ကော်မတီတွေဘက်ကလည်း လှုပ်ရှားဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ ဒါကြောင့် အခုလို အရပ်ဘက်အဖွဲ့စည်းတွေဘက်က အကြံပြုတိုက်တွန်းချက်တွေက ပိုပြီးတော့မှအထောက်အကူဖြစ်လာစေဖို့ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က မျှော်လင့်ပါတယ်။ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းက

“လက်ရှိမှာ လူ့အခွင့်အရေးကော်မရှင်ကလည်း သူတို့ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့အတွက် ဒီတရားလွှတ်တော်ချုပ်ရုံးကို တင်ထားတယ်။ တရားလွှတ်တော်ချုပ်က ပြန်လာပြီးရင်လည်း သူတို့ ဖြတ်သန်းရမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ပဲ ဖြစ်ပါလိမ့်မယ် အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေက အရပ်ဘက် လူမှုအဖွဲ့အစည်း တွေရဲ့အသံ ကျနော်တို့ရဲ့ ဆန္ဒကို သိထားမယ်ဆိုရင် ဒါနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အချိန်မှာ ပိုမိုအားကောင်းတဲ့ လူ့အခွင့်အရေးကော်မရှင် ဥပဒေနဲ့အညီ လူ့အခွင့်အရေးကော်မရှင်အသစ်ကို ဖြစ်နိုင်ဖို့အတွက် စတင်တွေ့ဆုံတာ ဖြစ်ပါတယ်ခင်ဗျ။ ပြည်သူကြားထဲကို ကော်မရှင်ကို အားကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ လှုံ့ဆော်မှုကို ကျနော်တို့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားပါမယ်။ ပြုပြင်ပြောင်းလဲဖို့အတွက် ပိုပြီးတော့ အားသွန်ခွန်စိုက်လုပ်ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးချင်းကိုလည်း ကျနော် ဆက်လက်တွေပပြီးတော့ လှုံ့ဆော်သွားပါမယ်။”

လူ့အခွင့်အရေးကော်မရှင်ဘက်က ကော်မရှင် လုပ်ပိုင်ခွင့်အာဏာရှိသမျှ ကာကွယ်စောင့်ရှောက် လုပ်ဆောင်ပေးနိုင်ရေး လွှတ်တော်ဘက်က ဥပဒေပြင်ရေးဆောင်ရွက်ပေးဖို့ကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေဘက်က မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေနဲ့အညီ ပြီးခဲ့တဲ့၂၀၁၄ စက်တင်ဘာက မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကိုယ်တိုင် ဖွဲ့စည်းပေးထားတာလည်းဖြစ်ပြီး လာမယ့် စက်တင်ဘာလမှာ ငါးနှစ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ရွေးချယ်ခြင်းဘုတ်အဖွဲ့မှာတော့ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော် ပြည်ထဲရေးဝန်ကြီး၊လူကယ်ပြန်ဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် တရားလွှတ်တော်ရှေ့နေများကောင်စီအပါအဝင် ရွေးချယ်ရေးအဖွဲ့ဝင်တွေနဲ့ စိစစ်ရွေးချယ်ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG