ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် ဒုက္ခသည်တွေနဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကြား ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တယ်လို့ ဘင်္ဂလားဒေရှ့် အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပြီး ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့လည်း ရှိနေတာပါ။ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး မြန်မာ အစိုးရဘက်က ကြိုးပမ်းချက်တွေနဲ့ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အလားအလာတွေကို လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW ရဲ့ အာရှရေးရာ ဒုတိယ တာဝန်ခံ Phil Robertson နဲ့ ဗွီအိုအေ အာရှ ဌာနက Ira Mellman တို့ရဲ့ ဆက်သွယ်မေးမြန်းမှုတွေထဲကနေ မသိင်္ဂ ီထိုက် ကောက်နုတ်တင်ပြပေးမှာပါ။
ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကောဇ့်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ရိုဟင်ဂျာ ဒုက္ခသည် ခေါင်းဆောင်တွေ ဌာနေပြန်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ၂ ရက်တာ ဆွေးနွေးမှုတွေ အပြီးမှာတော့ တိုးတက်မှုတွေ ရှိတယ်လို့ ဘင်္ဂလားဒေရှ့်ဘက်က ပြောဆိုပါတယ်။ ဒုက္ခသည်တွေနဲ့ မြန်မာ အစိုးရကြား ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။ ဒုက္ခသည်တွေကို နိုင်ငံသား ဖြစ်ခွင့်ပေးရေး မြန်မာ အစိုးရဘက်က ဥပဒေ အတိုင်းသာ ဆောင်ရွက်မယ်လို့ ပြောဆိုထားတာကြောင့် ဒုက္ခသည်တွေ ဌာနေပြန်ရေးဟာ အရင်အခြေအနေ ထက် ဘာမှ ပိုကောင်းမလာမယ့် အပေါ် စိုးရိမ်ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အာရှ ဆိုင်ရာ ဒုတိယ တာဝန်ခံ Phil Robertson က ပြောပါတယ်။
“မြန်မာ အစိုးရက ရိုဟင်ဂျာတွေကို အခု ပြန်ပြီး ခေါ်ချင်နေပြီး နိုင်ငံသားဖြစ်ခွင့်ကို ဆွေးနွေးမှုနဲ့ ဟန်ပြ ဆောင်ရွက်နေတာပါ။ ရိုဟင်ဂျာတွေ ကလည်း သူတို့ ဌာနေမပြန်ခင်မှာ အဓိက လိုအပ်ချက် တချို့ကို သတ်မှတ်ထားပါတယ်။ ပထမ တချက်က နိုင်ငံသား ဖြစ်ခွင့်ပါ။ ဒုတိယ တချက်ကတော့ လုံခြုံရေးပါ။ တတိယ အချက်ကတော့ သူတို့ ဌာနေပြန်တဲ့ အချိန်မှာ သူတို့ အခွင့်အရေးကို လေးစားဖို့ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်ခွင့် ကိစ္စနဲ့ ပတ်သက်တဲ့ ပြသနာကတော့ သူတို့က မြန်မာ အစိုးရရဲ့ ကတိတွေကို မယုံကြတာပါ။ သူတို့ လွတ်လွတ်ကင်းကင်း နိုင်ငံသား ဖြစ်ချင်ကြတာပါ။ နိုင်ငံသား ဖြစ်ရေး ကွဲပြားတဲ့ ပုံစံ အများအပြား ပါတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေရဲ့ ခက်ခဲတဲ့ လုပ်ငန်းစဉ် အများအပြား အတိုင်း ဆောင်ရွက်ရမယ်လို့ မြန်မာ အစိုးရက ပြောဆိုနေတာပါ။ ဒီလို ဆောင်ရွက်ပြီးရင်တော့ ရနိုင်ပါတယ်။ ဒါက ရိုဟင်ဂျာတွေ အတွက်တော့ မကောင်းလှပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒါက သူတို့ နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေ အတိုင်းဘဲ ဌာနေပြန်ရမှာ ဖြစ်လို့ပါ။”
ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ အတွင်း သွားရောက် ဆွေးနွေးမှုတွေမှာတော့ ပြေပြေလည်လည် ရှိခဲ့ပါတယ်။ ဒါကလည်း ဘင်္ဂလားဒေရှ့် အစိုးရ အလိုကျ ဒုက္ခသည်တွေ လုပ်ခဲ့ကြရတာလို့ HRW ရဲ့ အာရှရေးရာ ဒုတိယ တာဝန်ခံ Phil Robertson ကရှုမြင်ပါတယ်။ မြန်မာဘက်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံရေး ဆောင်ရွက်လာတာက နိုင်ငံတကာရဲ့ ဖိအားတွေ ကြောင့်လည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ရိုဟင်ဂျာ ပဋိပက္ခက မြန်မာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ အကြောင်းအရာသစ် တခု ဖြစ်လာတယ်လို့ ထင်ပါတယ်။ဒါကြောင့် မြန်မာဘက်က ဒီပြသနာကို ဖြေရှင်းဖို့ မျှော်လင့်နေတာပါ။ ဒီလူတွေ ဌာနေပြန်ရေး အတွက် မြန်မာဘက်က ဖြေရှင်းချက် တခု ထွက်ပေါ်လာဖို့ မျှော်လင့်နေတာပါ။ သေချာတာကတော့ ဘင်္ဂလားဒေရှ့်ကလည်း ဒီလူတွေ သူတို့ နိုင်ငံထဲမှာ ရှိနေတာကို မကျေနပ်ပါဘူး။ ဘင်္ဂလားဒေရှ့်ဘက်က နယ်စပ်တွေ ဖွင့်ပြီး ဒီလူတွေကို လက်ခံခဲ့တာက လူသားချင်းစာနာမှုနဲ့ လူအခွင့်အရေးဆိုင်ရာ အရေးပါတဲ့ ခြေလှမ်းတရပ် အနေနဲ့ ဆောင်ရွက်ခဲ့တယ်ဆိုတာကို ဘင်္ဂလားဒေရှ့်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြား နားလည်ခဲ့ကြပါတယ်။ ဒါပေမယ့် ကာလ တခုအထိ နေထိုင်ကြပြီးတော့ ဌာနေပြန်ကြမယ်လို့ တွေးထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလူတွေက အချိန်ကန့်သတ်ချက် မရှိ ကြာသွားနိုင်တယ်ဆိုတာကို ဘင်္ဂလားဒေရှ့်ဘက် ရှုမြင်လာပြီး သိပ်ပြီး စိတ်ပျက်နေတာပါ။ ဒါ့အပြင် ဒီလူတွေကို တနည်းတဖုံနဲ့ ပြန်လည် ခေါ်ယူဖို့နဲ့ ပေးထားတဲ့ ကတိတွေ အတိုင်း အပြည့်အ၀ လိုက်နာဆောင်ရွက်ဖို့ အတွက် မြန်မာ အပေါ်မှာ ဖိအားတွေ ပေးနေတာက ကုလသမဂ္ဂတင် မဟုတ်တော့ဘဲ OIC နဲ့ တခြားအဖွဲ့တွေလည်း ပါဝင်လာပါတယ်။”
ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား သဘောတူထားချက်ကလည်း အခုအချိန်ထိ အလုပ်မဖြစ်သေးပါဘူး။ ဒုက္ခသည်တွေက နိုင်ငံသား ဖြစ်ခွင့်ပေးဖို့၊ ရိုဟင်ဂျာဆိုတာကို အသိအမှတ်ပြုဖို့နဲ့ လုံခြုံရေး အာမခံချက် စတာတွေကို တောင်းဆိုနေကြတာပါ။ မြန်မာ အစိုးရဘက်ကတော့ ဒုက္ခသည်တွေ နိုင်ငံသာ ဖြစ်ခွင့် ကတိမပေးသေးပါဘူး။ HRW အဖွဲ့ကြီးက Phil Robertson ကတော့ အခုလို သုံးသပ်ပါတယ်။
“အရိုးသားဆုံး ပြောရရင်တော့ တကယ်တမ်း စစ်မှန်စွာ ဆောင်ရွက်လိုစိတ် မတွေ့ရသေးပါဘူး။ ကျနော်တို့ သံသယတွေ ရှိပါတယ်။ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းတွေက ၁၂၀၀၀၀ ကျော် ရှိတဲ့ ရိုဟင်ဂျာတွေ အပေါ် ပြုမူဆက်ဆံမှုတွေကြောင့် ကျနော်တို့ ဒီလို ပြောရတာပါ။ ဒီလူတွေက ၂၀၁၂ ခုနှစ်မှာ အိုးအိမ်စွန့် ထွက်ပြေးရသူတွေပါ။ စခန်းတွေထဲမှာ အပြင်ထွက်ခွင့် ပိတ်ပင်ခံထားရသူတွေ၊ ရွှေ့ပြောင်းလို့ မရသူတွေလည်း ရှိပါတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ခွင့်မရှိသလို ကျန်းမာရေးနဲ့ ပညာရေးလို အခြေခံ ဝန်ဆောင်မှုတွေလည်း မရပါဘူး။”
နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ရဲ့ ဘင်္ဂလားဒေရှ့် ခရီးစဉ်အတွင်းမှာတော့ ဘင်္ဂလားဒေရှ့်ဘက်က ဌာနေပြန်ရေး အလားအလာရှိတဲ့ ရိုဟင်ဂျာ ၂၅၀၀၀ ရဲ့ စာရင်း အသစ်ကို တနလာၤနေ့တုန်းက လွဲပြောင်းပေးခဲ့ပါတယ်။ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ မြန်မာဘက်က အဆင်သင့် ရှိနေပြီလို့လည်း တစိုက်မတ်မတ် ပြောဆိုနေတာပါ။ ထွက်ပြေးရသူတွေကို မြန်မာနိုင်ငံက ဟုတ်မဟုတ် စိစစ်ပြီး လက်ခံမယ်လို့ ပြောဆိုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို နိုင်ငံသား ဖြစ်ခွင့်လည်း အာမခံချက် မပေးပါဘူး။