သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားကြွေးမြီ ဒေါ်လာသန်း ၉၀၀၀ကျော်ပေးဆပ်ရန် စီမံခန့်ခွဲမှု မဟာဗျူဟာရှင်းလင်း


့ပြည်သူ့လွှတ်တော်

မြန်မာနိုင်ငံအနေနဲ့ ဆပ်ရန်ပြည်ပချေးငွေ လက်ကျန်ငွေမှာ ကန်ဒေါ်လာသန်း ၉၀၀၀ကျော်ရှိတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန က ပြောဆိုလိုက်ပါတယ်။ ပြည်တွင်း/ပြည်ပ ကြွေးမြီများကို စီမံခန့်ခွဲနိုင်ရန် ကြွေးမြီစီမံခန့်ခွဲမှု ဌာနခွဲက ချေးငွေတစ်ခုချင်းအလိုက် အရင်း/အတိုးပေးဆပ်ရမည့် အချိန်ဇယားများ ရေးဆွဲထားရှိကာ စီမံခန့်ခွဲဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

NLD အစိုးရသစ်အတွက် အရေးကြီးတဲ့ နိုင်ငံတော်မှ ပေးဆပ်ရန် ကျန်ရှိနေတဲ့ ပြည်ပချေးငွေ အခြေအနေမှန်ကို ပြည်သူတွေ သိရှိဖို့လိုအပ်နေတာကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ဒီကနေ့ပြည်သူ့လွှတ်တော်မှာမေးမြန်းခဲ့တဲ့အပေါ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ဦးခင်ချိုက လက်ရှိကြွေးကျန်တွေနဲ့ပတ်သတ်ပြီး ခုလိုပြောဆိုလိုက်တာပါ။

“ချေးငွေ တခုချင်းရဲ့ အတိုးနှုန်းထား ပေးဆပ်ရမယ့် သက်တမ်းပေးဆပ်ရန် သက်တမ်းစေ့တဲ့နေ့တွေနဲ့ ချေးငွေပေးဆပ်ဖို့အတွက် စီမံချက်များ ရေးဆွဲထားမှု ရှိမရှိ ၊ ပေးဆပ်ရန်ကျန်ငွေတွေအတွက် ရရှိနိုင်မယ့် အရင်းအမြစ် resources တွေအခြေအနေကို အများပြည်သူတွေ သိရှိနိုင်ေ၇းအတွက် ပွင့်လင်းမြင်သာစွာ ဖြေကြားပေးနိုင်ဖို့ မေးမြန်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

လက်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ငွေတိုက်ဦးစီးဌာနဟုဖွင့်လှစ်ပြီး ပြည်တွင်း/ပြည်ပ ကြွေးမြီများကို စီမံခန့်ခွဲနိုင်ရန် ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲကိုလည်း ဖွဲ့စည်းထားကာ ကြွေးမြီးတွေနဲ့ပတ်သတ်ပြီးစီမံခန့်ခွဲမှုတွေလုပ်ဆောင်နေတယ်လို့စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောပါတယ်။ လက်ရှိ တင်ရှိနေတဲ့ ကြွေးမြီးတွေနဲ့ပတ်သတ်ပြီး ဦးမောင်မောင်ဝင်းကအခုလို ရှင်းလင်းခဲ့ပါတယ်။

“နိုင်ငံအဖွဲ့အစည်းအလိုက် ၃၁ ရက် ၃ လ ၂၀၁၅ ရက်နေ့မှာရှိတဲ့ ပြည်ပချေးငွေ လက်ကျန် အခြေအနေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၀၈၆.၇၉၆ သန်း ဖြစ်ပြီး ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ယူသုံးစွဲသည့်ချေးငွေမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၉၀.၃၃၆ သန်း ဖြစ်ပါတယ်။ ချေးငွေများ၏ အခွင့်အေ၇းကို ဆိုင်းငံ့ကာလ အပါအ၀င် ချေးငွေသက်တမ်း အဖြစ် ပြုစုထားခြင်းဖြစ်ပါတယ်။ ချေးငွေစာချုပ် ချုပ်ဆိုပြီးနောက် ဆိုင်းငံ့ကာလအတွင်းမှာ ချေးငွေထုတ်ယူသုံးစွဲတဲ့ကာလအပေါ်မှာ ကျသင့်တဲ့ အတိုးကိုသာ ပေးဆပ်ရပြီး ဆိုင်းငံ့ကာလကုန်ဆုံးတဲ့အချိန်ကစပြီးတော့ ကျသင့်တဲ့အတိုးအပြင် အရင်းငွေကိုပါ အရစ်ကျ ပြန်ပေးဆပ်ရပါတယ်။”

အစိုးရဘက်ကတော့ ချေးယူထားတဲ့ကြွေးမြီတွေအတွက် ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာကိုချမှတ်ကာ နိုင်ငံမနစ်နာဖို့အတွက် စီမံခန့်ခွဲသွား ဖို့ပြင်ဆင် နေပြီလို့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုထားပါတယ်။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ လိုအပ်တဲ့ငွေကြေး တွေ အတွက် နိုင်ငံတကာ၊ ပြည်တွင်း ကနေ ကြွေးမြီတွေရယူခဲ့ပေမယ့် သေချာစနစ်တကျစီမံ ခန့်ခွဲနိုင်ဖို့ နည်း ပါဘူး။ ဒီလိုစီမံခန့်ခွဲဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ဦးမောင်မောင်ဝင်းက အခုလိုရှင်းပြပါတယ်။

“ကျနော်တို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတွေ ငွေတိုက်ဦးစီးဌာနကို ဖွင့်လစ်ပြီး ပြည်တွင်းပြည်ပ ကြွေးမြီများကို စီမံခန့်ခွဲနိုင်ရန် ကြွေးမြီစီမံခန့်ခွဲမှု ဌာနခွဲကို လည်းဖွဲ့စည်းထားရှိပြီးဖြစ်ပါတယ်။ ၄င်းဌာနခွဲအနေဖြင့် နိုင်ငံတော်ရဲ့အာမခံချက်အဖြစ် ရယူထားသည့် ပြည်ပချေးငွေများ အပေါ် ပြည်ပချေးငွေပေးအပ်သည့် အဖွဲ့အစည်းအလိုက်ချေးငွေသုံးစွဲသည့် ဌာန အဖွဲ့အစည်းလိုက် မှတ်တမ်း များထားရှိခြင်း၊ ချေးငွေတခုချင်းအလိုက် အရင်းအတိုး ပေးဆပ်ရမယ့်အချိန်ဇယားများ ရေးဆွဲထားရှိခြင်း ၊ ၄င်းအချိန်ဇယားများအပေါ်မူတည်၍ သက်ဆိုင်ရာဌာနများ၏ ဘတ်ဂျက် လျာထားမူ၊ ပြန်လည်ပေးဆပ်မူ အတိုးကိုပေါင်းစပ်ညှိနိုင်းကြီးကြပ် ကွပ်ကဲပေးခြင်း ၊ ပြည်ပချေးငွေစာချုပ်များအတွက် ညှိနိုင်းဆွေးနွေးပေးခြင်း ၊ အတိုးနှုန်းသက်သာမူရှိမရှိ ဆန်းစစ်ပေးခြင်း ၊ နိုင်ငံတော်ရဲ့ ပြည်ပကြွေးမြီ အခြေအနေကို ဆန်းစစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။”

လက်ရှိအစိုးရသစ်လက်ထက်မှာ ပထမဆုံးအနေနဲ့ ဒေါ်လာ သန်း ၁၀၀ ချေးယူဖို့ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ ဒီချေးယူထားတာနဲ့ပတ်သတ်ပြီး ဝန်ထမ်းလစာ တိုးဖို့ ယူရတာဖြစ်တယ်လို့ သတင်း တွေထွက်ပေါ်ခဲ့လို့ ဂယက်ရိုက်တာတွေဖြစ်ခဲ့ပါသေးတယ်။ တကယ်က ဒီ ဒေါ်လာသန်း ၁၀၀မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၀န်ထမ်းလစာ၊ စရိတ်၊ ပင်စင်ငွေပေးဖို့ အထောက်အပံ့အနေနဲ့ သုံးစွဲသွား မှာဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်ရဲ့ စွမ်းဆောင်ရည်မြင့်မားရေး၊ ၀န်ထမ်းတွေ အရည်အသွေးမြှင့် တင်ရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်ဖို့အတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။လွှတ်တော်ကိုယ်စားလှယ် အချိုကတော့ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာအပါအဝင် ချေးယူထားတဲ့ ချေးငွေတွေများနေကြောင်းထောက်ပြဝေဖန်တာတွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG