သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာ/လုံ ခေါ်ဖို့ သင့်မသင့်


ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ပုံမှန် ခေါ်ယူကျင်းပဖို့ လိုအပ်တယ်လို့ တပ်မတော်က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တဲ့အပေါ် အာဏာရပါတီ NLD က ဝေဖန်လိုက်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ နှစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှုတွေ အရှိန်မြင့်လာတာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ခက်ခဲမယ်လို့ သုံးသပ်နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မေခက စုစည်းတင်ပြထားပါတယ်။

စက်တင်ဘာ ၂၈ ရက်၊ စနေနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာ ရှင်းလင်းပွဲ မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က နိုင်ငံ့ထိပ်ပိုင်း ခေါင်းဆောင်တွေပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ပုံမှန် ခေါ်ယူ ကျင်းပဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး စတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ဦးတစ်ယောက်တစ်ဖွဲ့တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ မဟုတ်ဘဲ အားလုံး ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်သင့်တယ်လို့ ပြောဆိုခဲ့တာပါ။

ဒီလိုပြောဆိုလိုက်တဲ့ အပေါ် အာဏာရပါတီ NLDရဲ့ ဗဟိုအမှုဆောင်လဲဖြစ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်ကတော့ တပ်မတော်အနေနဲ့ သတင်းစာ ရှင်းလင်းပွဲကနေ ဘာကြောင့် ကာလုံခေါ်ဖို့ တောင်းဆိုရသလဲဆိုတဲ့အပေါ် မေးခွန်းထုတ် လိုက်ပါတယ်။

“ကျနော်စဉ်းစားတာက အခုလိုသတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောစရာလိုရဲ့လားပေါ့ ။ တကယ်တမ်း ဒီအခြေအနေမှာ မူတည်ပြီးတော့ ကာလုံခေါ်ဖို့ဆိုတာက ဘာကြောင့်ခေါ်စေချင်တာလဲ ဘာကြောင့်ခေါ်သင့်သလဲ ရှင်းလင်းပြီးတော့ သမ္မတတွေထဲမှာ ဒုတိယ သမ္မတက တပ်မတော်ကို ကိုယ်စားပြုတာလည်းရှိနေတာပဲလေ ဟုတ်တယ်မလား ကာလုံကို ခေါ်ဖို့လိုတယ်ဆိုရင် တိုင်းပြည်အတွက် အရေးတကြီးလိုအပ်တယ်။ ဒါမှမဟုတ်ရင်လည်း ဘယ်လိုကိစ္စမျိုးတွေလည်း ရှိနေပြီ ဒါကြောင့်မလို့ ကာလုံကို ခေါ်သင့်ပြီဆိုတဲ့ကိစ္စက ကျနော်ထင်တယ် ၊ သတင်းစာရှင်းလင်းပွဲကနေတဆင့် ပြောရအောင် လိုအပ်တဲ့ကိစ္စမဟုတ်ဘူးလို့ ကျနော်သဘောရတယ်။”

မကြာသေးခင်ကလည်း တပ်မတော် အရာရှိ ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ဘက်က ကာ/လုံရဲ့ အကြံပြုချက်နဲ့ သမ္မတက လွှတ်တော်ကို ဖျက်သိမ်းရေး၊ ကာ/လုံ အစည်းအဝေးကို ၂ လတကြိမ် ခေါ်ယူခွင့်တို့ ပါဝင်တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းတခုတင်ခဲ့ပါတယ်။ ဒါဟာတပ်မတော်ရဲ့လုပ်ပိုင်ခွင့်အာဏာ ပိုရလာအောင် ကြိုးပမ်းမှုသာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေချိန် အခုလိုတပ်မတော်ဘက်က တရားဝင် ပြောဆိုလိုက်တာဖြစ်တယ်။

ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ နိုင်ငံတော် သမ္မတ ၊ ဒုသမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ နိုင်ငံခြားရေး ဝန်ကြီး ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စတဲ့ သူတွေပါဝင်ပြီး တပ်မတော်ဘက်က (၆) ဦး၊ ပြည်သူက ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေဘက်က (၅) ဦး၊ စုစုပေါင်း (၁၁) ဦး ပါဝင်ပါတယ်။

လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်နဲ့ လက်ရှိ အာဏာရပါတီတို့ ပွတ်တိုက် မှုပြင်းထန်နေမှုက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပိုပြီး ခက်ခဲစေမယ်လို့ သုံးသပ်နေကြပါတယ်။

တကောင်းအင်စတီကျူက အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်း ကတော့ တပ်မတော်ရဲ့ ပြောဆိုလာမှုနဲ့ပတ်သတ်ပြီး

“ကျနော်တို့ဒီနိုင်ငံလိုမျိုးမှာ အထူးသဖြင့် ဒီအာဏာ ပြောမယ်ဆိုရင်တော့ တဖက်မှာ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရ ရှိတယ်၊ တဘက် ကလည်း အာဏာ ကိုင်ထားတဲ့ အင်အားစုပေါ့ တပ်မတော်ရှိနေတယ် အဲလိုမျိုး နိုင်ငံမျိုးမှာတော့ တဖက်နဲ့ တဖက်အကြား ပွတ်တိုက်မှုတွေနဲ့ တွဲပြီးတော့ဖြစ်နေတဲ့ နိုင်ငံမှာတော့ တနေရာမဟုတ် တနေရာမှာတော့ ပွတ်တိုက်မှုတွေ ရှိနေမယ်လို့ မြင်တယ် ။ အခြေခံဥပဒေ စပြီးလုပ်ကတည်းက လွယ်တဲ့အနေအထားမျိုးတော့ မရှိဘူး။ အခြေခံဥပဒေပြင်ဆင်မှုတွေက အတော်လေး မျှော်လင့်ချက် နည်းတယ်လို့ မြင်ပါတယ်။ ဒီလို ပွတ်တိုက်မှုတွေ အားပြိုင်မှုတွေနဲ့ပဲ ဆက်ပြီးတော့ သွားနေမယ့် အနေအထား အလားအလာလို့ မြင်ပါတယ်။”

လက်ရှိမှာတော့ တပ်မတော်နဲ့ ကြံခိုင်ရေးပါတီဘက်က အရင်ဦးသိန်းစိန် လက်ထက်ကနဲ့ မတူဘဲ ဖွဲ့စည်းပုံပြင်ရေးကို အခု NLD အစိုးရလက်ထက်မှာ ပိုကြိုးပမ်းလာနေတာကို တွေ့ရပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် မူကြမ်း ၅ခု တင်သွင်းထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အခု ကာ/လုံကိုလဲ တပ်မတော်ဘက်က ခေါ်ချင်တဲ့အချိန် ခေါ်လို့ရနိုင်မယ့် ပြင်ဆင်ချက်မူကြမ်းအဆိုကို တင်သွင်းထားတာ ဖြစ်ပါတယ်။

....................

{Unicode}

ကာ/လုံ ခေါျဖို့ သင့ျမသင့ျ











ကာ/လုံ ခေါ်ဖို့ သင့်မသင့်
please wait

No media source currently available

0:00 0:03:51 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG