သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး ဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးဖွယ်ရှိ


ကုလလုံခြုံရေးကောင်စီ
ကုလလုံခြုံရေးကောင်စီ

ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်သွင်းထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို လက်မခံနိုင်ကြောင်း မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအပေါ် ဖိအားပေးမယ့် အစီအစဉ်တွေ ဖြစ်တဲ့အတွက် လက်မခံနိုင်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာပါ။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အချိန်အတိအကျ သတ်မှတ်ဖို့ အပါအဝင် ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ ဖိအားပေးဖို့ ရည်ရွယ်ထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကိုတော့ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီး လုံခြုံရေးကောင်စီမှာ တင်သွင်းထားတာပါ။ ဒါပေမဲ့လည်း ဒီလို ဖိအားတွေဟာ လက်တွေ့ ပြဿနာကို ဖြေရှင်းရာမှာ အကျိုးမရှိနိုင်တဲ့အတွက် လက်မခံနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောဆိုလိုက်တာပါ။

"လုံခြုံရေးကောင်စီကနေပြီးတော့ ဆုံးဖြတ်ချက်တွေချမယ် ၊ ဒီနေ့ဒီနေ့တွေမှာ မပြီးရင် အရေးယူဖို့ကိစ္စတွေ စဉ်းစားမယ် ဆိုတာနဲ့ လုပ်နေတာတွေကတော့ နိုင်ငံရေးအရ ဖိအားပေးတဲ့ သဘောသပ်သပ်ပဲလေ ။ ဒါက ဘယ်လိုမှ အကျိုးမပြုနိုင်ဘူး ကျနော်တို့ဆောင်ရွက်နေတဲ့ ဖြစ်စဉ်တွေကိုလည်း ဘယ်လိုမှ အကျိုးမပြုနိုင်တဲ့အပြင် ဆိုးကျိုးပဲ ဖြစ်စေမှာပဲ ဆိုတော့ ကျနော်တို့က ဘယ်လိုမှ လက်မခံပါဘူး ဒါကို။"

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းမှာတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နားလည်မှု စာချွန်လွှာရေးထိုးထားတာတွေ၊ ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့တွေကိုလည်း တိုက်တွန်းထားပါ။ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကတော့ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် အကျပ်အတည်း ဖြေရှင်းနိုင်ရေး သက်ဆိုင်ရာ နိုင်ငံတွေ၊ နိုင်ငံတကာ အသိုင်းအဝန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

"ကျနော်တို့က ဒေသအတွင်းမှာရော ၂ နိုင်ငံချင်းရော လုပ်နေတာတွေရှိတယ်။ တဖက်ကလည်း UNDP ၊ UNHCR နဲ့လည်း ကျနော်တို့ MOU ထိုးပြီးတော့ လုပ်နေတာလေ။ ဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ပြန်လည်လက်ခံရေးကိစ္စ ကျနော်တို့ လုပ်နေတာပဲ။ ကျနော်တို့ဘက်ကနေပြီးတော့ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် စိတ်ချလုံခြုံတဲ့ အနေအထားဖြစ်အောင် ကျနော်တို့ တဆင့်ချင်း ကျနော်တို့ လုပ်နေတယ်။ နောက်တခု အရေးယူဖို့ ကိစ္စတွေဆိုတာကလည်း လူ့အခွင့်အရေးကိစ္စ ဖောက်ဖျက်လို့ ကျူးလွန်တယ်ဆိုရင် အရေးယူမယ်ဆိုတာက လူကြီးတွေကိုယ်တိုင်က တပ်မတော်ပိုင်းဆိုင်ရာကပြောထားတယ်။ လူကြီးတွေကိုယ်တိုင်က ကပြောထားတယ်။ နိုင်ငံတော်အပိုင်းကပြောထားတယ်။အဲဒါကြောင့် ကျနော်တို့က အခု ICO လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကြီးဖွဲ့ပြီးတော့ လုပ်နေတယ် ။ ၁၂ ရက်နေ့ကပဲ ကြေညာချက်ထုတ်တာလေ အားလုံးလည်း သိတဲ့အတိုင်း သက်သေအထောက်အထားပေးကြပါ။ ဘယ်သူပဲဖြစ်ဖြစ်ပေးလို့ရတယ် အားလုံးကိုလည်း သိုသိုသိပ်သိပ် ကျနော်တို့ အင်တာဗျူးလုပ်မယ် အချက်အလက်ပေါ်မှုတည်ပြီးတော့ ကျနော်တို့ သူတို့အနေနဲ့ စုံစမ်းစစ်ဆေးရေးကိစ္စတွေ သူတို့လုပ်မယ်ဆိုတာလည်း ပြောထားပြီးပြီ။"

မြန်မာပြည်အရေး ဆုံးဖြတ်ချက် မူကြမ်းနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လထဲက လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံကြား သဘောထား ကွဲပြားနေဆဲဖြစ်ပါတယ်။ လတ်တလောမှာ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ထောက်ခံမှုပေးမထားသလို၊ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကလည်း လက်မခံနိုင်ကြောင်း Reuters သတင်းဌာနကို ပြောဆိုထားတာပါ။ မြန်မာသံအမတ်ကြီးက ဦးဟောက်ဒိုဆွမ်း ကတော့ မြန်မာနိုင်ငံအနေနဲ့ လုံခြုံရေးကောင်စီဝင်တနိုင်ငံချင်းစီ ချဉ်းကပ်ဆွေးနွေးမှုနေတယ်လို့ ပြောပါတယ်။

"ကျေျနာ်တို့က ဒီမှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင် တဦးချင်းကိုလည်း လိုက်တွေ့ပြီးတော့ ကျနော်တို့ရပ်တည်ချက်ကို ရှင်းပြနေပါတယ်၊ ပြောနေပါတယ်။ ကျနော်တို့ ဒီဟာကို လက်မခံနိုင်ဘူး ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတယ်၊ အဲဒီ ပူးပေါင်းဆောင်ရွက်မှုကိုပဲ ကျနော်တို့က အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်တာကိုပဲ လိုချင်တယ်။ အဲဒီ ကျနော်တို့ လက်မခံနိုင်တဲ့အကြောင်းကိုတော့ ကျနော်တို့ အကုန်လုံးပြောထားပါတယ်။ ကျနော်တို့ UK ကိုလည်း ပြောထားတယ် အထူးသဖြင့် ကျနော်တို့ မိတ်ဆွေနိုင်ငံတွေလည်း အကုန်ပြောထားတယ်။ ဆိုတော့ ဒါကတော့ သူတို့ ဦးဆောင်ပြီးလုပ်နေတဲ့ UK နဲ့ အထူးသဖြင့် အနောက်နိုင်ငံတချို့ပေ့ါဗျာ သူတို့တွေက ဦးဆောင်ပြီး အဓိကလုပ်နေတာပေါ့။ သို့သော်နိုင်ငံအားလုံးကတော့ သဘောတူတာတော့မဟုတ်ဘူး ၊ ဒါတော့ သေချာတယ် သဘောမတူတဲ့နိုင်ငံတွေလည်း အများကြီးရှိတယ်။ ဆိုတော့ ဒီဟာကတော့ ဘယ်လိုဆက်သွားမယ်ဆိုတာ ကျနော်တို့ မသိဘူး။ သို့သော်ကျနော်တို့ဘက်ကတော့ လက်မခံနိုင်ဘူးဆိုတာ ကျနော်တို့ ကောင်စီဝင်တွေကိုလည်း အသိပေးပြောကြားထားတာရှိပါတယ်။"

ဆုံးဖြတ်ချက် မူကြမ်းကိုတော့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၉ နိုင်ငံရဲ့ ထောက်ခံမဲ ရရှိဖို့ လိုအပ်သလို၊ တရုတ်၊ ရုရှားတို့လို အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေက ဗီတိုအာဏာ မသုံးမှသာ အတည်ပြုနိုင်မှာပါ။ ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ ရှင်းလင်းရာမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စွပ်စွဲထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင်အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရကတော့၊ နိုင်ငံတကာက စွပ်စွဲနေတဲ့ အဆင့်အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်း ငြင်းဆန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG