မြန်မာနိုင်ငံကနေ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေအတွက် မဖြစ်မနေလိုတဲ့ ပညာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တွေကို နိုင်ငံခြားရေးဌာနက မှန်ကန်ကြောင်းအထောက်အထား ထုတ်ပေး တာကို ဒီနေ့ မတ်လ ၆ ရက်ကစပြီး အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ (Notary) နိုတြီအထောက်အထား ထုတ်ပေးတာကိုပဲ ရပ်လိုက်တာဖြစ်ကြောင်း ရန်ကုန်ကသတင်းပေးပို့တာကို အခြေခံပြီး တင်ပြထားပါတယ်။
နိုင်ငံခြားသွားကြမယ့်သူတွေအနေနဲ့ ပညာရေး၊ လက်ထပ်စာချုပ်၊ ယာဉ်မောင်း၊ နိုင်ငံသားမှတ်ပုံတင် စတဲ့အချက်အလက်တွေ မှန်ကန်ကြောင်း နိုင်ငံခြားရေးဌာနမှာ ကျမ်းကျိန် (Notary public) အထောက်အထား လုပ်ကြရပါတယ်။ အဲဒီထဲက နိုင်ငံခြားမှာ ကျောင်းတက်မယ့်သူတွေ မဖြစ်မနေ လိုတဲ့ ပညာရေးထောက်ခံချက် နိုတြီအထောက်အထားကို ဒီနေ့ကစပြီး ယာယီပိတ်လိုက်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန MOFA၊ နေပြည်တော်ရုံးက တာဝန်ရှိသူတဦးက VOA ကိုပြောပါတယ်။
တခြား အချက်အလက်တွေကို ဆက်ပြီး Notary လုပ်ပေးနေပေမဲ့ ပြည်ပမှာ ကျောင်းတက်မယ့်သူတွေ အတွက် အထောက်အထား မှန်ကန်ကြောင်း လုပ်ပေးနေတာတွေ ရပ်နေတယ်လို့ သူကပြောပါတယ်။
"ရန်ကုန်ရုံးက ပညာရေး MOFA ထိုးပေးတဲ့ ဆရာကြီးတွေ နည်းနည်း အဖမ်းအဆီးရှိလို့တဲ့ ရုံးက ခဏ ပိတ်ထားတယ်။ အကန့်အသတ်တော့ မရှိဘူးတဲ့။ အခုဆရာ့ကိုလှမ်းမေးလိုက်တော့လေ။ ခဏ ပိတ်ထားတယ်ရှင့်။ ရက်အကန့်အသတ်မရှိဘူး အခုတော့ ယာယီပိတ်ထားတယ် အဲလိုပဲပြောတယ်။ နိုတြီကရတယ် MOFA ရုံးသာ ပညာရေးနဲ့ပတ်သက်တာ ခဏပိတ်ထားတာ။"
နိုင်ငံခြားရေးဌာနက ထောက်ခံချက်မရလို့ ဒီနေ့ နေပြည်တော်က နိုင်ငံခြားရေးဌာန MOFA ရုံးချုပ်ကို ဆက်သွယ်စုံစမ်းခဲ့တဲ့ ကျောင်းသားတဦးကတော့ သူ့အတွေ့အကြုံကို အခုလိုပြောပါတယ်။
"အကန့်အသတ်မရှိ ပိတ်ထားတယ်၊ ရုံးတွင်းပြဿနာ တခုခု ဖြစ်လို့နေလိမ့်မယ်။ နေပြည်တော်ပါ ပိတ်သွားတယ် ဘာမှလုပ်လို့ မရတော့ဘူး။ ပြည်ပကိုထွက်သူတွေ အကုန်ထိတာပေါ့နော်။ ပညာရေးမှ မဟုတ်ဘူးနော် တချို့ဘယ်ပဲသွားသွား တုံးထုဖို့လိုတဲ့သူတွေ အကုန်လုံးထိတာ။ နိုတြီရုံးပိတ်တာ ဆိုတော့ ပညာရေးကိုပဲ မဟုတ်ဘူး။ သူတို့က ပိတ်တယ်ဆိုရင် ဒီနေ့ပိတ်တယ်ဆို ပိတ်တယ်ပဲ။ ဘယ်နေ့ ဘယ်လောက်ထိပိတ်မှာလဲမေးရင် အကန့်အသတ်မရှိ၊ မသိသေးဘူ ဒါပဲဖြေတယ်။"
သူပြောသလို တခြားစာရွက်စာတမ်းတွေအတွက် နိုတြီအထောက်အထားလုပ်ပေးနေတာတွေ အကုန်ရပ်ဆိုင်းထားလားဆိုတာ ဗွီအိုအေက သီးခြား စုံးစမ်းနေတုန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက်ပြည့်ပြီးသူတွေ စစ်မှု မဖြစ်မနေထမ်းရမယ်ဆိုတဲ့ ဥပဒေကို စစ်ကောင်စီက အသက်သွင်းခဲ့ပြီး နောက်မှာ လူငယ်တော်တော်များများ နိုင်ငံခြားကို ထွက်ခွာဖို့ နည်းမျိုးစုံ ကြိုးစားခဲ့ပါတယ်။ အဲဒီလို အခြေအနေဖြစ်နေချိန်မှာပဲ အသက် (၁၈) နှစ်နဲ့ (၃၅) နှစ်ကြားက လူငယ်တွေကို ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ခွင့်အပါအဝင် အလည်အပတ် ထွက်ခွာခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ခဲ့ပါတယ်။
စစ်သားစုဆောင်းမှုတွေကိုလည်း နေရာတော်တော်များများမှာလုပ်နေပါတယ်။ အခုနောက်ဆုံးကတော့ စစ်မှုထမ်းနိုင်တဲ့ ကျောင်းသားအရွယ်တွေ နိုင်ငံခြားမှာ ကျောင်းသွားတက်နိုင်ရေးကိုပါ ပိတ်ပင်တဲ့သဘောဖြစ်နေပါတယ်။ နိုင်ငံခြားရေးဌာနအနေနဲ့ ဘယ်လောက်အထိ ပညာရေးဆိုင်ရာ Notary အထောက်အထား လုပ်ပေးတာတွေ ရပ်ထားမှာလည်းဆိုတာ အတိအကျ မသိနိုင်ဘူးလို့ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းတချို့ကက ဗွီအိုအေကို ပြောပါတယ်။
Forum