သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်စာရင်းမူကြမ်း ရွေးကောက်ပွဲကော်မရှင် ကောက်ခံပြုစုမည်


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်း မူကြမ်းတခု ကောက်ယူပြုစုဖို့ ပြင်ဆင်ဆောင်ရွက် နေပါတယ်။ ယခင်ရွေးကောက်ပွဲ တွေမှာ မဲဆန္ဒရှင် စာရင်း အငြင်းပွား မှုတွေ ကြုံခဲ့ရတာမို့၊ ဒီဇွန်လကုန် ကစပြီး ၃လကြာ ဆောင်ရွက်မယ့် ဒီစီမံချက်ဟာ နိုင်ငံတွင်းက မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး အတွက်ဆောင်ရွက် ပေးနိုင်ဖို့ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ ထားပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်မှန်တဲ့ မဲစာရင်းတွေရဖို့နဲ့ မဲပေးခွင့် ဆုံးရှုံးတာတွေ မဖြစ်ဖို့ ဒီစီမံချက်ကိုလုပ် ဆောင်တာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဆိုပါတယ်။ စီမံချက်အရ မဲစာရင်း ပြုစုရေး၊ ကောက်ယူရေး၊ ကြီးကြပ်ရေးစတဲ့ အဖွဲ့များခွဲခြား လုပ်ဆောင်မှာဖြစ်ပါတယ်။ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဦးမြင့်နိုင် ပြောပြတာကတော့

“ ဒီလကုန်ကနေ စတင်ကောက်ယူမယ်။ တနိုင်ငံလုံးပါ။ ၃လအတွင်းကျနော်တို့ ကောက်ယူမယ်။ လဝကနဲ့ ထွေအုပ်တို့နဲ့ အဖွဲ့တွေဖွဲ့ သေချာကောက်ပြီး ဒီရလာတဲ့ အကြမ်းတွေကို သက်ဆိုင်ရာ အခြေစိုက် ပါတီတွေကို CD ဓါတ်ပြားတွေနဲ့ ဝေမယ်။ သူတို့က သူတို့ ပါတီဝင်တွေ ကျန်မကျန် စစ်ကြမယ်။ စစ်ရင်ကျန်တာဆို ကျနော်တို့က ထည့်ပေးမယ်။ ဒါ့အပြင် သက်ဆိုင်ရာပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဆီကိုလည်း မဲစာရင်းအကြမ်းတွေ ပေးမယ်။ သူတို့ကလည်းသူတို့ ပါတီဝင်တွေ၊ မဲဆန္ဒရှင်တွေဘယ်သူတွေကျန်နေသေးလဲ။ အဲဒါတွေ သူတို့ဆီကို ပေးပြီးတော့ သူတို့ဆီကလည်းတောင်းခံပြီးတော့ ပြုစုသွားမယ်ဆိုရင် အင်မတန်ကို မှန်သွားတာဖြစ်မှာပေါ့နော်။စစ်ဘေးရှောင်တွေ၊ ပြောင်းရွှေ့လုပ်သားတွေလည်း သေချာစနစ်တကျကောက်မယ်။”

ဒီလိုကောက်ယူတာမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေက ပြည်သူတွေ၊ စစ်ဘေး ရှောင်ပြည်သူတွေ၊ ရွှေ့ပြောင်းလုပ် သား တွေ အပါအဝင် နိုင်ငံအတွင်း ရှိ မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင် ရေး အတွက် အားလုံးကို စာရင်းကောက်ယူမယ်လို့ ကော်မရှင်က ဆိုပါတယ်။ ဒီစီမံချက်ကနေ ပြီးပြည့်စုံတဲ့ မဲစာရင်းတခုထွက်လာမယ်လို့ ကော်မရှင်က ယုံကြည်နေတာပါ။ လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့နေရာတွေ ထဲကို ဘယ်လို ကောက်ယူမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ဘယ်အကူအညီမှမယူဘဲ ကော်မရှင်တခုထဲ ကပဲ ဒီစီမံချက် ကို လုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်။

“ကျနော်တို့ဘာသာကျနော်တို့ စီမံချက်ချပြီးလုပ်မှာပါ။ ကျနော်တို့ လဝကရယ် ထွေအုပ်ရယ်ပေါင်းလုပ်မယ်။ ချပြမယ် အရင်လိုပဲ ကျနော်တို့အရင်ကလိုဘဲ ဒါကို ၂ကြိမ်ချပြမယ်”

ဒီလိုလုပ်ဆောင်မယ့် စီမံချက်က တကယ်ကောအောင်မြင်ပါ့မလား ဆိုတာကိုတော့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေ က မေးခွန်းထုတ်နေတာတွေရှိပါတယ်။

တကောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က စိုင်းရဲကျော်စွာမြင့်ကတော့ ပြည့်စုံတဲ့မဲစာရင်းတခုရဖို့ဆိုရင် ကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေအတွက် မဲစာရင်းကောက်ယူ တာမှာ သုံးတဲ့နည်းလမ်းတွေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ မှာတွေ့ကြုံခဲ့ရတဲ့ တွေ့ရှိချက်တွေကို အရင်စုစည်းသုံးသပ်ပြီးမှသာ စီမံချက်တခုရေးဆွဲလုပ်ဆောင်သင့်တယ်လို့ သူကတော့ အကြံပြုပါတယ်။

“ မဲစာရင်းက အခုလက်ရှိဥပဒေအရ ကော်မရှင်ကမဲစာရင်းကိုပြုစုမယ်။ ပြီးကပ်မယ်။ ဒါကိုနိုင်ငံသားတွေက သွားကြည့်မယ်။ သွားကြည့်ပြီးရင် အဲမှာပြင်စရာရှိတာ ပြင်။ ဒါကိုမှကော်မရှင်က update လုပ်မယ်ဆိုတဲ့နည်းဘဲ။ အဲဒါအပြင်ကို ကော်မရှင်ကပြောသလိုမျိုးဘဲ မဲစာရင်းကောက်မယ် ၊ ပြီးတော့ ပါတီတွေ လက်ထဲထည့်မယ်ဆိုတော့ မဲစာရင်းပြုစုရေးမှာ နောက်ထပ် ပါတီတွေကို ထပ်ထည့်လိုက်သလို ဖြစ်တာပေါ့။ ပါတီတွေကမြို့နယ် တိုင်းမရှိဘူး။ တနိုင်ငံလုံးမှာ ပါတီ ရှိတာဆိုလို့ပါတီကြီး ၂ခုဘဲရှိတယ်။ဘယ်လိုသဘော နားလည်မှုယူလဲမသိဘူး။ ကော်မရှင်ကဖြစ်စေ၊ လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့တခုကဖြစ်စေ မဲစာရင်းတွေကိုစနစ်တကျ သုတေသနလုပ်၊ ဆန်းစစ် လေ့လာမှုတွေလုပ်ပြီးမှ မဲစာရင်းဘယ်လိုကောက်တယ်ဆိုတာကို မူဝါဒ ချစေချင်တယ်။ အဲဒါမျိုးဆိုရင် ပိုပြီးတော့မှ မဲစာရင်းက ပိုကောင်းလာမယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံ စာအရ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးမှာ မြို့နယ် အခု ၄၀နီးပါးလောက်က နယ်မြေအေးချမ်းမှုမရှိလို့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG