သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေအတွက် မဲပေးခွင့်မရသူတွေ ရှိနေ


မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေတဲ့မြင်ကွင်း။
မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေတဲ့မြင်ကွင်း။

(Zawgyi / Unicode)

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာ မဲဆန္ဒရှင်အချို့ဟာ လွှတ်တော် ၃ ရပ်အတွက် မဲပေးခွင့်ရပေမယ့် တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် မဲပေးခွင့်မရကြသလို ရန်ကုန်တိုင်းဒေသကြီးမှာလည်း ဒီလိုအဖြစ်တွေ ကြုံတွေ့နေရပါတယ်။ အပြည့်အစုံကို ကိုမိုးဇော်က စုစည်း တင်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာ ၂၉ နေရာ ပါဝင်ပြီး ကချင်ပြည်နယ်မှာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ ၄ နေရာနဲ့ ရှမ်းပြည်နယ်မှာဆိုရင် ၇ နေရာကို သက်ဆိုင်ရာ လူမျိုးအလိုက် ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း မဲဆန္ဒရှင်တချို့ဟာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအတွက် မဲပေးဖို့ စာရင်းသီးသန့် မပေးခဲ့တာကြောင့် မဲပေးခွင့်မရခဲ့ကြကြောင်း ဒေသခံတဦးဖြစ်တဲ့ မမိုင်မိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီမှာ ရေးရာဝန်ကြီးစာရင်းနဲ့ ပတ်သက်ပြီး နာမည်စာရင်း သတ်သတ် တင်သွင်းရတယ်တဲ့။ မဲစာရင်းပေးမယ်ဆို ကျမတို့က ပြည်သူ၊ အမျိုးသား၊ ပြည်နယ်အတွက်ကို မဲစာရင်းတခုရှိတယ်။ ရေးရာအတွက်ကိုကျတော့ မဲစာရင်းတခု ရှိတယ်တဲ့။ အဲဒါ သူတို့ မဲစာရင်းလုပ်တဲ့ အချိန်ကျတော့ လူမျိုးဆိုပြီးတော့ သူတို့ သီးသန့်ရေးထည့်ထားပြီးတော့ မဲစာရင်းနံပါတ်နဲ့အတူ ၄ မဲလုံး ထည့်လို့ရမယ်လို့ ကျမတို့ထင်ခဲ့တယ်။ ဒါပေမယ့်လည်း ရွေးကော်ကတော့ အဲလိုမဟုတ်ဘူး။ နင်တို့ နာမည်မထည့်လို့ အဲဒီမှာ နာမည်စာရင်း မထွက်တာပေါ့ ဆိုတဲ့ဟာမျိုး။ ၃ မဲတော့ ထည့်လို့ရပေမယ့် ရေးရာမှာကျတော့ ထည့်လို့မရတဲ့ဟာမျိုးတွေ ကြုံတွေ့နေရတဲ့ဟာမျိုးတွေ ကျမတို့ မြင်ရပါတယ်ပေါ့နော်။”

ရှမ်းပြည်နယ်အတွင်းမှာ ဗမာ၊ ကချင်၊ လီဆူ၊ လားဟူ၊ အင်းသား၊ အခါ၊ ကယန်း စတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် သက်ဆိုင်ရာ လူမျိုးတွေက မဲပေးရွေးချယ်ရတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်းက လားဟူတိုင်းရင်းသားတွေလည်း အလားတူ မဲပေးခွင့်မရတာတွေ ရှိခဲ့ကြောင်း ဒေသခံတဦးက အခုလို ပြောပါတယ်။

“နာမည်စာရင်း မပေါက်ဘူးကွာ။ သူတို့လုပ်လာတဲ့ နာမည်မရှိဘူး။ မရှိတဲ့အတွက် ရေးရာဝန်ကြီးအတွက် နာမည်မရှိတဲ့အတွက် တခြားမဲတော့ ထည့်ရပေမယ့် ရေးရာဝန်ကြီးကျတော့ ထည့်လို့မရှိဘူးဖြစ်နေတဲ့ ဟာကွက်တွေရှိတယ်။ ကျနော် မပေးလိုက်ရဘူး။ မပေးလိုက်ရတာများတယ်။ ကျနော်တို့ လားဟူတွေ။”

ကချင်ပြည်နယ်အတွင်း တချို့မဲရုံတွေမှာလည်း ဒီလို အခြေအနေတွေ ရှိနေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လီဆူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာတီယောဟန်က အခုလို ပြောပါတယ်။

“ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်က တခု။ အဲဒါက မဲလက်မှတ်မှာ တခု။ တိုင်းရင်းသားရေးရာဝန်ကြီးကို ပေးရမယ့်ဟာ လီဆူဆို လီဆူ၊ နံပါတ်ရှိတယ်။ ဗမာဆိုဗမာ၊ ရှမ်းဆိုရှမ်း အဲဒီ နံပါတ်တွေ ပျောက်နေတယ်။ အဲဒီဟာကို ပေးခွင့်မရှိဘဲနဲ့ အဲလိုဖြစ်နေတယ်။ တော်တော်များများ မကျေနပ်ကြဘူး။ အဲလိုဖြစ်နေတယ်။ ပူတာအိုရော၊ ကျနော်တို့ မြစ်ကြီးနားဘက်ရော အဲဒီ ရမ်ပူ၊ ခေမာသီရိ၊ ကျွန်းပင်သာ နေရာကွက်ကြားပေါ့။ နေရာကွက်ကြား အဲလို အများပိုင်းဖြစ်နေတယ်။”

ဒီလို တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် မဲမပေးကြရတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်က ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတဦးက အခုလို တုံ့ပြန်ပြောဆိုပါတယ်။

“အဲဒီဖြစ်စဉ်က ပထမတကြိမ် ကြေညာတယ်။ ဒုတိယတကြိမ် ကြေညာတယ်။ အဲဒီအချိန်မှာ မဲစာရင်းမှာ ပါ၊ မပါ ဆိုတာကိုက မဲစာရင်းရှင်တွေက ကိုယ်တိုင်စစ်ဆေးရတာပါ။ အဲဒီစစ်ဆေးတဲ့အခါမှာ သူတို့တွေ လာမစစ်ဘဲနဲ့ တကယ်မဲပေးတဲ့ အခါကျမှ ကျနော်တို့မပါဘူးဆိုပြီး ပြောတာပါ။ တချို့ လွှတ်တော် ၃ ရပ်ကိုပဲ ကြည့်သွားပြီးတော့ တိုင်းရင်းသားကို မကြည့်ဘူး။ အဲလိုဖြစ်တဲ့အခါကျတော့ တကယ် နောက်ဆုံးပိတ် မဲစာရင်းအတည်ယူတဲ့အခါကျ ပါမလာတာသည် သူတို့လိုခဲ့လို့ မပါခဲ့တာပါ။ တိုင်းရင်းသားရေးရာထဲမှာ သူတို့ရဲ့ နာမည်မပါတာသည် ကျနော်တို့က သူတို့ကို မဲပေးခွင့်ပြုလို့ မရပါဘူး။ စာရင်းထဲမှာ မပါတဲ့အတွက်။”

ရန်ကုန်တိုင်းဒေသကြီးက ရခိုင်တိုင်းရင်းသား လူမျိုးရေးရာအတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါ်ထုမေကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရခိုင်လူမျိုး အတော်များများ မဲပေးခွင့်ဆုံရှုံးရကြောင်း ပြောပါတယ်။

“ကျမတို့ ရခိုင်တိုင်းရင်းသားတွေဆိုရင် မဲထည့်ခွင့် အများကြီး ဆုံးရှုံးသွားနေကြပြီ။ ကျမတို့ ရခိုင်တိုင်းရင်းသား မဲစာရင်းမှာ မပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မဲစာရင်းတွေ ထည့်ခွင့်မရဘူး။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးစာရင်းထဲမှာတော့ ပါပြီးတော့ ရခိုင်စာရင်းထဲမှာ မပါဘူး။ အခုဆို တမနက်ဆို ထောင်ချီ၊ သောင်းချီ ရှိနေပြီ။”

ဒီအချက်နဲ့ပတ်သက်ပြီး မြို့နယ်နဲ့ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးတို့ကို သွားရောက်ဆွေးနွေးခဲ့ပေမယ့် အများစု မဲပေးခွင့်မရရှိကြသလို ကြိုတင်မဲကောက်ယူချိန်ကလည်း တချို့မြို့နယ်တွေမှာ အလားတူအဖြစ်တွေ ကြုံတွေ့ခဲ့ကြောင်း ပြောပါတယ်။

၂၀၂၀ ပြည့် အထွေထွေရွေးကောက်ပွဲကို မနက် ၆ နာရီက စတင်ကျင်းပနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးက နေရာဒေသတိုင်းလိုလိုမှာ အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်ကြောင်း သတင်းတွေ ရရှိထားပါတယ်။ မွန်၊ ရှမ်းနဲ့ မန္တလေးတိုင်းဒေသကြီးဘက်တွေမှာ မဲတံဆိပ်တုံးအတု ယူဆောင်လာလို့ ဖမ်းဆီးစစ်ဆေးတာတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခြား ကြီးမားတဲ့ ပြဿနာ တစုံတရာဖြစ်တယ် ဆိုတာမျိုးတော့ မကြားသိရပါဘူး။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)

















XS
SM
MD
LG