သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲရုံတချို့ မဲတံဆိပ်တုံးအတု ဖမ်းဆီးရမှုရှိ


ရန်ကုန်မြို့ နေရာအချို့မှာ မဲပေးနေကြတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၈၊ ၂၀၂၀။ ဓာတ်ပုံ - ဟုတ်တယ် Vs မဟုတ်ဘူး Real or Not)
ရန်ကုန်မြို့ နေရာအချို့မှာ မဲပေးနေကြတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၈၊ ၂၀၂၀။ ဓာတ်ပုံ - ဟုတ်တယ် Vs မဟုတ်ဘူး Real or Not)

(Zawgyi / Unicode)

မြန်မာတနိုင်ငံလုံး ဒီနေ့ နိုဝင်ဘာ ၈ ရက် မဲစတင်ပေးနေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသားဒေသတချို့မှာ ဆန္ဒမဲပေးရာမှာ အသုံးပြုတဲ့ တံဆိပ်တုံးအတုတွေ စစ်ဆေးဖမ်းဆီးရမိတာတွေ ရှိနေပါတယ်။ အပြည့်အစုံကို အဂ္ဂနွန်က စုစည်းတင်ပြထားပါတယ်။

တိုင်းရင်းသားဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်က မဲရုံတချို့မှာ ဆန္ဒမဲပေးရာမှာ အသုံးပြုတဲ့ တံဆိပ်တုံးအတုတွေကို စစ်ဆေးဖမ်းဆီးရမိကြောင်း ကော်မရှင်တွေက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်၊ အစင်စံပြကျေးရွာ မဲရုံအမှတ် ၆ မှာ ပါတီ မဲရုံကိုယ်စားလှယ်တဦးထံက ဆန္ဒမဲပေးရာမှာ အသုံးပြုတဲ့ တံဆိပ်တုံးအတုကို တွေ့ရှိတာကြောင့် ရေးမြို့မရဲစခန်းမှာ စစ်ဆေးနေပါတယ်လို့ အစင်စံပြကျေးရွာ ရပ်ကျေးကော်မရှင် အတွင်းရေးမှူး ဦးကျော်စွာက ဗွီအိုအေကို အခုလို အတည်ပြုပြောပါတယ်။

“အဲ့ဒီမှာ အဲ့ဒီ ဒေါ်နုနုဝင်းဆိုတဲ့ အမျိုးသမီးက အဲဒီမဲရုံမှာရှိတယ်၊ ရှိတော့ သူ့လက်ကိုင်အိတ်တွေမှာ အဲ့တံဆိပ်တုံးနှစ်တုံး ရှိတယ်။ အဲဒီဘေးမှာရှိတဲ့ ပြည်သူများက သူ့အိတ်ဝိုင်းပြီးတော့မှ စစ်တယ်။ စစ်ကြတော့က ပထမတော့ သူတို့က သတင်းရထားတယ်၊ တံဆိပ်တုံးရှိနေတယ် ဆိုပြီးတော့။ အဲ့မှာ သူတို့ဝိုင်းစစ်ကြတော့ တံဆိပ်တုံးနှစ်ခုမှာက တခုကအတု၊ တခုက အစစ်ဖြစ်နေတယ်ခင်ဗျာ။ ပြီးတော့မှ မဲလက်မှတ်အတုက တခု။ သူက မဲရုံကိုယ်စားလှယ်ပါခင်ဗျ။ USDP က မဲရုံကိုယ်စားလှယ်ပါခင်ဗျ။ လက်ရှိတော့ ကော်မရှင်ဥက္ကဋ္ဌရယ်၊ ကာယကံရှင်အမျိုးသမီးရယ် ရေးမြို့ မြို့မရဲစခန်း ရောက်နေပါပြီခင်ဗျ။”

ပါတီမဲရုံကိုယ်စားလှယ်တဦးထံမှာ တံဆိပ်တုံးအတု တွေ့ရှိရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်မြင်ခဲ့တဲ့ အစင်စံပြကျေးရွာ ရာအိမ်မှူး ဦးသန်းစိုးက အခုလို ပြောပါတယ်။

“ကျနော်က ဒီမှာ လူတွေကို အတန်းလိုက် စီပေးတယ်ပေါ့နော်။ လူတွေကို အတန်းလိုက် စီပေးတဲ့အချိန်မှာ မဲရုံကော်မတီ အောင်သူဟိန်းက ဒီအစ်မက ထွက်ပြေးလာတာ တွေ့တယ်၊ တွေ့တော့ သူက ကျနော့်ကို အဲ့ကနေ ကိုသန်းစိုးတဲ့ အဲ့ဒီအစ်မကို ခဏဖမ်းပေးပေါ့နော်၊ သူ့မှာ တံဆိပ်တုံးအတုတွေ့တယ်ဆိုလို့ ကိုအောင်သူဟိန်းက ပြောတယ်။ ပြောတဲ့အချိန်မှာ ကျနော်တို့ လိုက်ဖမ်းတဲ့အချိန်မှာ သူက ပြေးထွက်လာတယ်။ ပြေးထွက်လာတဲ့အချိန်မှာ ကျနော်တို့က ယာယီရဲက သူ့ကို ဝင်ဖမ်းလိုက်တယ်ပေါ့။ သူ့ကို ဝိုင်းပြီးတော့ သူ့မှာ ဘာပါလဲဆိုပြီးတော့ အဲ့ဒီမှာ သူ့ကို စစ်တယ်ပေါ့နော်။ သူ့မှာ ဘာတွေတွေ့ရှိလဲဆိုတော့ ပါတီရဲ့ လက်မှတ်တွေ၊ သူ့မှာ တံဆိပ်တုံးနှစ်တုံးရယ် အဲ့ဒါကို တွေ့တယ်ပေါ့။ မဲပေးတဲ့စာရွက်တွေပေါ့နော် သူ့ဆီမှာ တွေ့တယ်ပေါ့။ သူကတော့ ပြည်ခိုင်ဖြိုးပါတီကပါ။”

ဒီသတင်းနဲ့ပတ်သက်ပြီး ရဲစခန်းကို ပထမအကြိမ် ဆက်သွယ်မေးမြန်းရာမှာ အလုပ်များနေတဲ့အတွက် နောက်မှဆက်သွယ်ပါလို့သာ ဖြေကြားခဲ့ပြီး ပြန်ဆက်သွယ်တဲ့အခါ အဆက်အသွယ် မရခဲ့ပါဘူး။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးကတော့ ဖြစ်ရပ်အသေးစိတ် မသိပေမယ့် ဥပဒေအရပဲ ဖြေရှင်းရမှာဖြစ်တယ်လို့ ဗွီအိုအေကို တုံ့ပြန်ပြောခဲ့ပါတယ်။

“ကျာ်နော်ကတော့ ခုနလိုပေါ့နော် ဒီဖြစ်စဉ်ကို အသေးစိတ်မသိတဲ့အတွက် ကျနော် သဘောထားမှတ်ချက် မပေးလိုဘူး။ သို့သော် ဥပဒေအရ ဆောင်ရွက်ခြင်းကိုတော့ ဥပဒေအရပဲ ပြန်လည်၊ ပါတီနဲ့ အမှန်ပတ်သက်မယ်ဆိုရင် ဥပဒေအရပဲ ပြန်လည်ဖြေရှင်းမှာပေါ့၊ ဒီလိုပဲ ပြောချင်တယ်။”

ရှမ်းပြည်နယ် မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာက မဲရုံအမှတ် ၃ မှာလည်း တံဆိပ်တုံးအတု ယူဆောင်လာသူတဦးကို ဖမ်းမိထားတယ်လို့ တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းဆိုင်ကျောက်က အတည်ပြု ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကို ထည့်သွင်းပြောဆိုတာ မရှိပါဘူး။

အလားတူ မန္တလေးတိုင်း စဉ့်ကူးမြို့က မဲရုံတခုမှာလည်း မဲလာပေးတဲ့ လူတဦးထံမှာ မဲပေးရာမှာ အသုံးပြုတဲ့ တံဆိပ်တုံးအတုတခုကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကော်မရှင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒီလအစောပိုင်းက ကြိုတင်မဲပေးစဉ်မှာလည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ပဲခူးတိုင်း ရေတာရှည် စတဲ့မြို့နယ်တွေမှာ အလားတူ တံဆိပ်တုံးအတု တွေ့ရှိရတာကြောင့် တံဆိပ်တုံးအတု ကိုင်ဆောင်သူကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ အရ အရေးယူထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒီဥပဒေအရ ပြစ်မှုထင်ရှားရင် တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တာဖြစ်ပါတယ်။

မဲရုံတံဆိပ်တုံးအတု တွေ့ရှိခဲ့တဲ့နောက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်တွေကို အမှန်ခြစ်တံဆိပ်တုံးမှာ UEC စာလုံး ပါ မပါ စစ်ဆေးဖို့နဲ့ မပါကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ မဲရုံမှူးထံကို သတင်းပို့ဖို့ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)















XS
SM
MD
LG