သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးထားတဲ့ စစ်သား ရဲသား တချို့ကို AA ပြန်လွှတ် 


AA ရခိုင် လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းထားတဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင် တချို့ကို ပြန်လွှတ်ပေး။ (ဓာတ်ပုံ - AA Info Desk -VK)
AA ရခိုင် လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းထားတဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင် တချို့ကို ပြန်လွှတ်ပေး။ (ဓာတ်ပုံ - AA Info Desk -VK)

(Zawgyi / Unicode)

AA ရခိုင်လက်နက်ကိုင်တပ်က သူတို့ဖမ်းဆီးထားတဲ့ မြန်မာစစ်တပ် ဗိုလ်ကြီးတဦး အပါအဝင် စစ်သားနဲ့ ရဲသား စုစုပေါင်း ၁၅ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဆေးမှူး ဗိုလ်ကြီး ရဲလင်းစိုး အပါအဝင် ဖမ်းဆီးထားတဲ့ တပ်သား ၁၅ ဦးကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ရွာနဲ့ ဒီပါရုံကျေးရွာကြားမှာမြန်မာ့တပ်မတော်ဖက်က ဗိုလ်မှူး ဇေခိုင်ဟိန်း ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပုံနဲ့တကွ ထုတ်ပြန်လိုက်တာပါ။

သူတို့ဖမ်းထားသူတွေထဲက နှစ်ရှည်လများ အဖမ်းခံနေရသူတွေနဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေ ထဲက ဆေးကုသဖို့ အရေးတကြီး လိုအပ်နေသူတွေကို ပြန်လွှတ်ပေးတာဖြစ်သလို ဖမ်းဆီးထားသူတွေမှာ Covid ကူးစက်ခံရရင် ဆေးကုသရေး အခက်ကြုံမှာ စိုးတာကြောင့် အခုလို ပြန်လွှတ်ပေးတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က ဖမ်းဆီးထားတဲ့ ရခိုင်ဒေသခံတွေနဲ့ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ ULA/ AA တပ်ဖွဲ့ဝင်တွေ ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ် Mr. Yohei Sasakawa ရခိုင်ပြည်နယ်ကို လာရောက်တဲ့ တနင်္လာနေ့မှာပဲ AA က အခုလို အကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ မစ္စတာ Sasakawa က သူမြန်မာနိုင်ငံကို ရောက်ရောက်ချင်း နိုဝင်ဘာ ၁၂ ရက်နေ့က AA အဖွဲ့ခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၈ အကုန်ပိုင်းလောက်ကစပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွါးခဲ့ပေမယ့် မနှစ်က နိုဝင်ဘာလမှာ မစ္စတာ Sasakawa ပထမအကြိမ် လာရောက်ခဲ့ပြီးနောက်ပိုင်း စစ်ရေးတွေ ငြိမ်သက်နေတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ AA နဲ့ မြန်မာစစ်တပ်တို့ကြား မောင်တောဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွါးပြီး အခြေနေတွေ တင်းမာနေချိန်မှာ AA က သူတို့ဖမ်းထားသူတချို့ ကို အခုလို ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG