သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် မောင်တောမှာ မြန်မာစစ်တပ်နဲ့ AA စစ်ရေးတင်းမာ


ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi / Unicode)

ရခိုင်မြောက်ပိုင်း မောင်တောမှာ မနေ့ နိုဝင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မြန်မာစစ်ဘက်ကတော့ ဒီတိုက်ပွဲဟာ ARSA အကြမ်းဖက်အဖွဲ့နဲ့ဖြစ်တဲ့ တိုက်ပွဲလို့ ပြောဆိုထားပေမယ့် ရခိုင်လက်နက်ကိုင် AA ဘက်ကတော့ သူတို့နဲ့ဖြစ်တဲ့တိုက်ပွဲလို့ ပြောပါတယ်။ အခုအချိန်အထိလည်း မောင်တောဒေသမှာ မြန်မာစစ်တပ်နဲ့ AA အကြား စစ်ရေးတင်းမာနေတယ်လို့ AA ပြောခွင့်ရသူက ပြောဆိုပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူ ပြောပြမှာပါ။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တပ်မတော်ကြား နားလည်မှုနဲ့ တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက ဝေလာတောင်အနီးမှာ နိုဝင်ဘာလ ၉ ရက်နေ့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်အနီးမှာရှိတဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို တပ်မတော်ဘက်က ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ကြားဝင်ညှိနှိုင်းတာတွေ ရှိနေပေမယ့် လက်ရှိအချိန်ထိ နှစ်ဖက်အဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ အနေအထားမှာ ရှိတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“မနေ့က နိုဝင်ဘာလ ၉ ရက် နေ့လယ် ၁၁ နာရီမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင် ပတ်ဝန်းကျင်မှာ ကျနော်တို့ ရခိုင့်တပ်တော် တပ်ဖွဲ့တွေရှိတဲ့နေရာကို မြန်မာစစ်တပ်ဘက်က ဝင်ရောက်လာတဲ့အတွက် မိနစ်အနည်းငယ်ကြာ ထိတွေ့မှုဖြစ်တာ ရှိတယ်။ အဲဒီမှာ ထိခိုက်ကျဆုံးမှု အသေးစိတ်ကတော့ လောလောဆယ် မသိရသေးပါဘူးခင်ဗျာ။ ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက် ကြားခံလူတွေကတဆင့် ညှိနှိုင်းနေကြတာတွေတော့ ရှိတယ်။ အခုအချိန်ထိ အဲဒီဒေသမှာ နှစ်ဖက်တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ အနေအထားမှာ ရှိတယ်ဗျာ။”

တပ်မတော်ဘက်ကတော့ မနေ့က မောင်တောမှာဖြစ်တဲ့ တိုက်ပွဲဟာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ဖြစ်တာမဟုတ်ဘဲ ARSA အကြမ်းဖက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“AA နဲ့ဖြစ်တာ မဟုတ်ပါဘူးဗျာ။ အဲဒီမှာ မောင်တောမှာ ၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲလောက်မှာ မောင်တော ခမောင်းဆိပ်ကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၇,၀၀၀ လောက်မှာ ARSA အကြမ်းဖက်သောင်းကျန်းသူ ၃၀ လောက်နဲ့ တပ်က လုံခြုံရေးစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ ပစ်ခတ်မှုကတော့ ငါးမိနစ် ဆယ်မိနစ်လောက်ထိ ပစ်ခတ်မှုဖြစ်ခဲ့တယ်။ အဲဒီမှာ ARSA အဖွဲ့တွေက မြောက်ဘက်ကို ဆုတ်ခွာထွက်ပြေးတယ်။ ကျနော်တို့ဆီကတော့ စစ်သည်အချို့ ဒဏ်ရာရခဲ့တာ ရှိပါတယ်ဗျာ။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား နားလည်မှုတွေနဲ့ အပစ်ရပ်ထားတာ တနှစ်ကျော်ကြာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနေ့ကစပြီး တပ်နဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေ ရပ်တန့်ထားပြီးနောက်ပိုင်း ပထမဆုံး ထိတွေ့မှုဖြစ်သလို မြန်မာစစ်တပ်ပေါ်မှာ မူတည်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုက ဗွီအိုအေကို ပြောပါတယ်။

“ရှေ့ဆက်ပြီးတော့ ဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ မြန်မာစစ်တပ်အပေါ်မှာပဲ မူတည်တယ်ဗျာ။ သူတို့ဘက်က ဆက်ပြီးတော့ ထိုးစစ်ဆင်လာမယ် ဆိုလို့ရှိရင်တော့ တိုက်ပွဲက ဆက်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကစပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့တာကြောင့် ဒေသခံ ၂ သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို လက်ရှိအချိန်ထိလည်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေ တသိန်းနီးပါး ရှိနေသေးတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)











XS
SM
MD
LG