သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်မှာ စစ်ပွဲတကျော့ပြန်လာမယ့်အရေး စိုးရိမ်နေကြ


AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi/Unicode)

ရခိုင်ကမြို့နယ်တချို့မှာ စစ်ကောင်စီဘက်က လုံခြုံရေး တင်းကြပ် စစ်ဆေးတာတွေနဲ့ လက်နက်ကြီးပစ် လေ့ကျင့်တာတွေ လုပ်ဆောင်နေတာကြောင့် ရခိုင်ဒေသ စစ်ပွဲ ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်မှာ အင်အားတိုးချဲ့တာမရှိဘူးလု့ိ တုံ့ပြန်ပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းတွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က စတင်လုပ်ဆောင်နေပြီလို့ ပြောဆိုပြီးတဲ့နောက် ကျောက်ဖြူမြို့နယ်မှာ အေအေနဲ့ ဆက်စပ်သူတွေကို အကြောင်းကြားပေးဖို့နဲ့ AA အဖွဲ့ရဲ့ ထုန်ပြန်ချက်တွေကို ရပ်ကွက်တွေမှာ ကပ်ထားတာတွေ့ရင် သတင်းပေးဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုထားတယ်လို့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံကပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေကို ခေါ်တဲ့ကိစ္စကတော့ အေအေက နေပြီးတော့ ကိုဗစ်နဲ့ ပတ်သတ်ပြီး သူတို့ လက်ကမ်းစာစောင်တွေ ကြေငြာချက်တွေ ထုတ်တယ်။ အဲတာကို တချို့ ရပ်ကွက် တွေမှာ စာတွေ လိုက်ပြီးတော့ ကပ်ထားတယ်။ အဲတာတွေကို တွေ့ရင် အကြောင်းကြား ပေးရမယ်။ ဘယ်သူဘယ်ဝါကပ်သလဲဆိုတဲ့ ဥစ္စာကို ခင်ဗျားတို့ အသိပေးရမယ်ဆိုပြီးတော့ အဲလိုပြောတာရှိတယ်။ နောက်ပြီးတော့ အေအေနဲ့ ပတ်သက်တဲ့ သူတွေရှိလို့ရှိရင် ခင်ဗျားတို့ သတင်းပေးရမယ်ဆိုပြီးတော့ အဲဒီလို သူတို့ကို မှာတယ်ဆိုပြီးတော့ အဲလိုပြောပါတယ်ခင်ဗျာ။”

ဒါ့အပြင် ကျောက်ဖြူအပါအဝင် မြို့နယ်တချို့မှာလည်း ရဲနဲ့ စစ်တပ်ပူးပေါင်းထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာတွေရှိသလို ကျေးရွာအတွင်း စစ်ကြောင်းတွေ ဝင်ထွက်သွားလာတာတွေလည်း ရှိနေတာပါ။
ဒါ့အပြင် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်က ပင်လယ်ပြင်မှာ လက်နက်ကြီးပစ်လေ့ကျင့်တာတွေ ရှိနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဦးဖိုးစံကပြောပါတယ်။

“ကျနော်တို့ကတော့ စစ်ပွဲဖြစ်တာကိုတော့ မလိုလားဘူး အများပြည်သူက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ နိုင်ငံရေးအရ AA ဘက်က လိုချင်တဲ့ကိစ္စတွေကို ဆွေးနွေး အစိုးရဘက်ကလည်း ညှိနှိုင်း တိုင်ပင်ပြီးလို့ရှိရင် တည်ဆောက်နိုင်ရင်ကတော့ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ စစ်ဖြစ်တာကတော့ မကောင်းဘူး။ အများပြည်သူပဲနာတယ်။ မြေစာပင်ဖြစ်တာကတော့ ပြည်သူတွေပဲ ဖြစ်တယ်ဆိုတာကတော့ ကျနော်တို့က လက်တွေ့ပဲ ပြီးခဲ့တဲ့နှစ်တွေက ရခိုင်မှာ ဖြစ်တုံးကလည်း ပြည်သူတွေနစ်နာတာ အခုအထိကြုံနေရတုံးပဲ။ အဲတာကြောင့် စစ်ဖြစ်တာ မကောင်းဘူးလို့ မြင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း တပ်အင်အား တိုးချဲ့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့်လည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြင်းပါတယ်။
“ရခိုင်ပြည်နယ်မှာ ကျနော်တို့ မည်သည့်လုံခြုံရေးမှ တိုးမြှင့် ဆောင်ရွက်တာတွေ မရှိပါဘူးခင်မျာ။ ရခိုင်ပြည်နယ်မှာ နဂိုရှိတဲ့ လုံခြုံရေးအဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တပ်မတော် လုံခြုံရေးအဖွဲ့တွေ ယခင်ရှိတဲ့ အတိုင်းပဲ ရှိပါတယ် တိုးမြှင့် ချထားတာမရှိပါဘူးခင်ဗျာ။ ဘယ်သူမှ တပ်အင်အားလည်း မတိုးချဲ့ဘူး ရဲအင်အားလည်း တို့ချဲ့ထားတာ မရှိပါဘူးခင်ဗျာ။”

ရခိုင်ပြည်နယ်တွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားနိုင်တဲ့နေရာ၊ အထူးသဖြင့် ရခိုင်ကျေးလက်ဒေသတွေမှာ AA က တရားစီရင်ရေး လုပ်ဆောင်နေတာရှိသလို တဘက်မှာလည်း စစ်ကောင်စီဘက်က လုံခြုံတင်းကြပ်တာတွေနဲ့ AA အဖွဲ့နဲ့ ဆက်စပ်သူတွေကို သတင်းပေးဖို့ ပြောဆိုထားတာပါ။ အခုလို တပ်နဲ့ AAအဖွဲ့ကြား ရခိုင်ပြည်တွင်း အားပြိုင်မှုတွေကြောင့် စစ်ပွဲတွေပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

.......................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)








XS
SM
MD
LG