သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေကို နောက်ကွယ်က ပံ့ပိုးနေသူတွေရှိကြောင်း ကာချုပ်ပြော


ရုရှားနိုင်ငံ RT သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဇွန် ၂၄၊ ၂၀၂၀။ ဓာတ်ပုံ - seniorgeneralminaunghlaing.com)
ရုရှားနိုင်ငံ RT သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဇွန် ၂၄၊ ၂၀၂၀။ ဓာတ်ပုံ - seniorgeneralminaunghlaing.com)

(Zawgyi/Unicode)

ပြည်တွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တဦးချင်းစီရပ်တည်လို့မရဘဲ နောက်က အားပေးကူညီမှုတွေရှိလို့သာ ရပ်တည်နိုင်တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားရုပ်သံသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံကို ရည်ရွယ်ပြောဆိုတာလို့ ပြည်ပသတင်းဌာနတချို့မှာ ရေးသားသလို ပြည်တွင်းက နိုင်ငံရေးလေ့လာသူတွေကရောဘယ်လိုမြင်ပါလဲ။ ဒီသတင်းကို ကိုဇော်ထက် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံစစ်ရေးပြအခမ်းအနားကိုသွားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြည်တွင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်လို့ Russia Today ရုပ်သံက မေးတဲ့အခါမှာ အကြမ်းဖက်တယ်ဆိုတာ သီးသန့်ရပ်တည်တာမရှိဘဲ သူတို့ရဲ့ နောက်မှာ အားပေး၊ကူညီတာတွေ ပံ့ပိုးတာတွေ ရှိတယ်လို့ ရုရှားရုပ်သံကိုပြောခဲ့တာပါ။ အင်တာဗျူးအဆုံးမှာ “ မိတ်ဆွေကောင်းတွေလိုတာပေါ့” ဆိုတဲ့ စကားနဲ့ အဆုံးသတ် ထားတာပါ။ ဒါဟာ တရုတ်နိုင်ငံကို ရည်ရွယ်ပြောတာဖြစ်နိုင်တယ်လို့ သုံးသပ် ပြောလာကြတဲ့အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ် ထွန်းထွန်းညီကို ဗွီအိုအေက မေးတဲ့အခါမှာ အခုလိုဖြေကြားခဲ့ပါတယ်။

“ ဗိုလ်ချုပ်မှူးကြီးပြောသွားတာ ရှင်းရှင်းလင်းရှင်း ရှိမယ်ထင်ပါတယ်။ သေချာပြန်ဖတ်ကြည့်လိုက်ရင် သဘောပေါက်မှာပါ။ ဒီမေးခွန်းအပေါ်မှာ ဘာမှ comment ပေးစရာမရှိပါဘူး။ သမိုင်းကြောင်းသိရင် သဘောပေါက်မှာပါနော်။”

မနေ့က ဇူလိုင် ၂ရက်က အိန္ဒိယသတင်းဌာနဖြစ်တဲ့ Hindustan Times ဖော်ပြခဲ့တဲ့ သတင်းမှာတော့ တရုတ်က မြန်မာပြည်တွင်း လက်နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့နေတာဟာ သူ့ရဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း ချောမွေ့ဖို့ အသုံးချမှုတခုဖြစ်တယ်ဆိုတာ မြန်မာဘက်က သံသယရှိနေတယ် ဆိုပြီး ရေးသားခဲ့တာပါ။ အခုတော့ အရှေ့တောင်အာရှမှာ အနီးကပ်ဆုံးမိတ်ဆွေဖြစ်တဲ့ မြန်မာက ပေကျင်းအစိုးရဟာ လက်နက်ကိုင်အုပ်စုတွေကို စစ်လက်နက်တွေ ထောက်ပံ့နေတယ်ဆိုပြီး အပြစ်တင်လာတယ်လို့ ဆိုပါတယ်။ မြန်မာဘက်က တရုတ်ကို အပြစ်တင်ပြောဆိုတာက ထုံးစံမဟုတ်သလို၊ ဒီလိုသွယ်ဝိုက်ပြီး ပြောလာတာကလည်း ပထမဆုံးအကြိမ်တော့ မဟုတ်တော့ဘူးလို့ ရေးသားထားပါတယ်။

သက်သေအထောက်အထား အတိအကျမပြနိုင်ပေမဲ့လည်း တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်မှုရှိနေတယ်လို့ တပ်မတော်အငြိမ်းစားအရာရှိ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာအောင်မျိုးက အခုလိုပြောပါတယ်။

“ ဒါကတော့ ကျနော့်အမြင်ကတော့ တရုတ်လို့ပဲ ဖြစ်နိုင်ပါတယ်၊ တရုတ်နိုင်ငံအစိုးရမှ ခွင့်ပြုနိုင်တဲ့ ပုခုံးထမ်းတဲ့ ဒုံးပစ်လောင်ချာတွေ ပေါ့နော်၊ လေယာဉ်ပစ်ဒုံးကျည်တွေပေါ့၊ သာမန် လက်နက်ငယ်တွေ မှောင်ခိုချတာတို့ ဘာတို့ဆိုရင်တော့ ( တရုတ်) အစိုးရ မပတ်သက်ဘူးလို့ ပြောနိုင်ပေမဲ့ အဲလို ပုခုံးထမ်းလောင်ချာတွေ ပါနေတဲ့ အနေအထားကတော့ တရုတ်အစိုးရရဲ့ ပါဝင်မှု ပတ်သက်မှုကတော့ ရှိနေပြီလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။”

လက်နက်တွေကို တရုတ်တောင်ပိုင်း လာအို၊ ပြီးတော့ ထိုင်းကနေ သင်္ဘောနဲ့ စစ်တကောင်းကိုသယ်၊ တောင်တန်းတွေကိုဖြတ်ပြီး ချင်းပြည်နယ် ပလက်ဝထိ သယ်ယူတယ်လို့ သိထားရကြောင်း သူကပြောပါတယ်။

စီးပွားရေး ပိတ်ဆို့တဲ့ ကာလတွေမှာ တရုတ်အကူအညီနဲ့ မြန်မာစစ်အစိုးရက ရပ်တည်ခဲ့ရပြီးပေမဲ့ နောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင် AA၊ တအောင်းလက်နက်ကိုင် TNLA လှုပ်ရှားမှုတွေ ကြီးထွားလာတာကို တပ်မတော်က မဖြေရှင်းနိုင်တာကလည်း အဓိကအကြောင်း ဖြစ်ပါတယ်။ တရုတ်နပ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြည်ဝင်ခွင့်အပါအဝင် ငွေကြေးကိစ္စတွေ ဒါတွေကို တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုနဲ့ ဆောင်ရွက်နိုင်တယ်လို့ တပ်မတော်ဘက်က မြင်ကြောင်း နိုင်ငံရေးလေ့လာသူတွေကပြောပါတယ်။

ဒီအခြေအနေအပေါ်မှာ တရုတ်အစိုးရကို တပ်မတော်ဘက်က သွယ်ဝိုက်ပြီးပြောလာတာဖြစ်နိုင်ကြောင်း သတင်းစာဆရာ ကိုသီဟသွေးက သုံးသပ်ထားပါတယ်။

“ တရုတ်နိုင်ငံကိုလည်း ထောက်ထားစရာလေးတွေရှိတော့ တည့်တည့်မပြောဘဲနဲ့ အစဉ်တစိုက်ပေါ့ သွယ်ဝိုက်ပြီးတော့ ပြောလာတဲ့ ကိစ္စတွေရှိတယ်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတယ်ဆိုတဲ့ ‘အဖွဲ့အစည်း’ ဆိုတဲ့ကိစ္စကတော့ နည်းနည်း ဝေဝါးတယ်။ ဘာလို့ဆို မြောက်ပိုင်း မဟာမိတ်ရှိတယ်၊ ပြီးတော့ ‘ ဝ’ နဲ့လည်း ပူးတွဲပြီးတော့ လုပ်ကိုင်နေတာလည်း ရှိတာပေါ့။ ဆိုတော့ တရုတ်ကိုပဲ ပြောသလား၊ ‘ ဝ’ ကိုပဲပြောသလား နောက် တခြားအဖွဲ့အစည်းကိုပဲ ပြောသလား စဉ်းစားစရာရှိတယ်။ သို့သော်လည်း သေချာတာ တခုကတော့ တနည်းတဖုံတော့ ပတ်သက်နေတာတော့ သေချာတယ်။ ဘာလို့ဆို သူက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တိုက်ပွဲတွေ၊ အများကြီးဆင်နွဲအောင် တဖက်မှာ ဘယ်လောက်ကူညီ နေလဲဆိုတာ မသိသာပေမဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်တော့ တရုတ်နိုင်ငံကရော၊ ‘ ဝ’ အဖွဲ့အစည်းကရော TNLA နဲ့ AA ပေါ်မှာ၊ ငြိမ်းချမ်းရေး အကျိုးစီးပွားအပေါ်မှာ ရပ်တည်ပြီး ပြောဆိုနေတာတွေရှိတယ်။ အားပေးတာတွေ ရှိတာပေါ့နော်။ တဘက်မှာရော စစ်ရေးရော စစ်ရေးအတွက် ကူညီမနေဘူးလားဆိုတာ မပြောနိုင်တဲ့ အနေအထားရှိတာပေါ့နော်။ ဘယ်သူမှတော့ ဒီအချိန်မှာ အဖွဲ့အစည်းနာမည်တွေ၊ နိုင်ငံနာမည်တွေ၊ ပြောမှာမဟုတ်ဘူး။”

အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် သုံးပွင့်ဆိုင် တွေ့ဆုံပွဲတွေကိုလည်း တရုတ်နိုင်ငံရဲ့ စီစဉ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ထဲမှာ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ တရုတ်အစိုးကတော့ မြန်မာပြည်တွင်းရေးမှာ ဝင် မစွက်ဖက်ဘူးဆိုတာ အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


................

(Unicode)












XS
SM
MD
LG