သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

"၀" ပြည်နယ် တောင်းဆိုမှုအပေါ် ပြည်ပရောက်မြန်မာတချို့  အမြင်


‘ဝ’ဒေသကို ပြည်နယ်အဆင့် သတ်မှတ်ပေးဖို့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က တောင်းဆိုလိုက်တာဟာ နိုင်ငံရေးအရ ဖိအား ပေးလိုက်ခြင်းသာဖြစ်ပြီး အစိုးရနဲ့ မြန်မာ့ တပ်မတော်က ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုရင် ပြည်တွင်းစစ်အရှိန် တိုးလာ နိုင်တယ်လို့ တိုင်းရင်းသားအရေး၊ နိုင်ငံရေး ကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။ UWSA တပ်ဖွဲ့က အပစ်ရပ် ငြိမ်းချမ်းရေးယူခဲ့တဲ့ နှစ် ၃၀ ပြည့်ပွဲမှာ ‘ဝ’ ပြည်နယ် တောင်းဆိုခဲ့ပြီးနောက် အခုလို သုံးသပ်လိုက်ကြတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထား ပါတယ်။

UWSA ဝတပ်ဖွဲ့က ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ပြည့်အခမ်းအနားကို ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့မှာ ဧပြီ ၁၇ ရက်နေ့ကကျင်းပခဲ့ပြီး အဲဒီ ပွဲမှာ ဝအထူးဒေသ ၂ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ်သတ်မှတ်ပေးဖို့ UWSP ဥက္ကဌ၊ UWSA ရဲ့ စစ်သေနာပတိချုပ်ဖြစ်တဲ့ ဦးပေါက်ယူချန်းက သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြား သွားပါတယ်။ ဒီတောင်းဆိုမှုဟာ နိုင်ငံရေးအရ ဖိအားပေးခြင်းသာ ဖြစ်တယ်လို့ ဂျာမနီ နိုင်ငံမှာနေတဲ့ တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ဦးစိုင်းဝမ်စိုင်းက သုံးသပ်ပါတယ်။

" သူတို့က တောင်းခဲ့တာ အခုမှ မဟုတ်ပါဘူး။ ၂၀၁၆ ခု ၂၁ ပင်လုံညီလာခံ လာတုန်းကလည်း သူတို့က အဲဒါ ပြောပြီးသား။ အခုကတော့ နှစ် ၃၀ ပြည့်မြောက် အပစ်အခတ်ရပ်စဲရေးပေါ့နော်၊ တပ်မတော်နဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး အခမ်းအနားမှာ တရားဝင် ပြောတဲ့ သဘောမျိုးပေါ့နော်။ ဒါပေမယ့် ဒီအစိုးရဘက်က ကြည့်မယ်ဆိုရင်တော့ ဒါက ဒီနိုင်ငံရေး ဆွေးနွေးမှုတွေ အခြေမကျသေးတဲ့ အချိန်မှာ တောင်းတယ်ဆိုတော့ သူက ဖိအားပေးတဲ့ ပုံစံမျိုးတော့ သူက ရောက်တာပေါ့။"

ဝတပ်ဖွဲ့ရဲ့ ဒီလို တောင်းဆိုချက်တွေကို ညှိနှိုင်း အဖြေမရှာနိုင်ဘူး ဆိုရင် ပြည်တွင်းစစ် အရှိန် မြင့်တက် လာနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူ ABSDF ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း ဒေါက်တာ နိုင်အောင်က ပြောပါတယ်။

" ၀ အနေနဲ့ ဒီပြည်နယ် တောင်းဆိုမှုနဲ့ ထိုက်တန်တယ်ဆိုတာကို ဒါ ဖွင့်ပြီးတော့ ချပြတဲ့ သဘောမျိုး ဖြစ်တယ်လို့လည်း ယူဆလို့ ရတယ်။ အဲတော့ ဒီ တောင်းဆိုချက်၊ တင်ပြချက်က ၁ က ဘာလဲဆိုတော့ ပြည်နယ် ရသင့်တယ်၊ မရသင့်တယ် အပါအ၀င် နော် ။ ဒီဟာတွေရဲ့ တောင်းဆိုတင်ပြချက်တွေကို ညှိနှိုင်း အဖြေမရှာနိုင်ဘူးဆိုရင် ပြည်တွင်းစစ်ပွဲ အရှိန်က ပိုပြီး မြင့်တက်လာနိုင်တယ် ထင်တယ်။ "

UWSA ဝတပ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးထဲမှာ စစ်ရေးအင်အားအတောင့်တင်းဆုံး အဖွဲ့ဖြစ်ပါတယ်။ ဝတပ်ဖွဲ့ရဲ့ ပြည်နယ် တောင်းဆိုမှုက အခြား တိုင်းရင်းသားလက်နက်ကိုင်တွေကို တွန်အားဖြစ်စေခဲ့တယ်လို့ ဦးစိုင်းဝမ်စိုင်းက မြင်ပါတယ်။

" ဒီ ၀ ရဲ့ ပြည်နယ်တောင်းဆိုမှုက စစ်ရေးအင်အားကို သူက တိုးချဲ့ပြီးတော့ တောင်းဆိုတဲ့ အခါကျတော့ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဟာ တို့ အင်အားတောင့်တင်းလို့ ရှိရင်တော့ သူလည်း သူတို့ တောင်းသလို တောင်းလို့ ရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ၀င်သွားတာပေါ့။ ၀င်သွားတော့ ဒီအခု လက်ရှိ ဖြစ်နေတဲ့ ဒီ နိုင်ငံရေး ဆွေးနွေးပွဲ ပေါ့ဗျာ။ ၂၁ ပင်လုံ အဲဒါကြီးကို သွားရိုက်ခတ်တာ။ အဲဒီ ၂၁ ပင်လုံကြီးကလည်း သူကလည်း ဖုတ်လှိုက်၊ ဖုတ်လှိုက်နဲ့ သေမလို၊ ရှင်မလို ဖြစ်နေတဲ့ အချိန်ကြီးမှာ အဲဒါကြီးက တက်လာတဲ့ အခါကျတော့ ပိုပြီးတော့ အခြေအနေ ဆိုးသွားတယ်လို့ ကျနော်တို့က ပြောလို့ရတယ်။ အခြေအနဆိုးတယ်လို့ ကျနော်တို့ ပြောနိုင်ပေမယ့် အစိုးရနဲ့ တပ်မတော်ဘက်က လိုက်လိုက်လျောလျော ဖြစ်လာနိုင်မလားလို့ ကျနော်တို့ တဖက်က စဉ်းစားလို့ ရတာပေါ့။ "

ဦးသိန်းစိန်အစိုးရ လက်ထက်ကစပြီး အခုချိန်ထိ အပစ်ရပ်ငြိမ်းချမ်းရေး အကောင်ထည်ပေါ်လာစေဖို့ NCA စာချုပ် ချုပ်ဆိုနိုင်ရေးကို ကြိုပမ်း လာခဲ့ပေမယ့် အဲဒီဖြစ်စဉ်မှာ UWSA တပ်ဖွဲ့က ပါဝင်ခြင်းမရှိဘဲ ဆွေးနွေးပွဲတွေ မတင်မကျဖြစ်နေတာကြောင့် ဝတပ်ဖွဲ့ရဲ့ ပြည်နယ်တောင်းဆိုမှု က ဆွေးနွေးပွဲ ရှေ့ဆက်နိုင်အောင် ရည်ရွယ်ပုံရတယ်လို့ ဒေါက်တာ နိုင်အောင်က သုံးသပ်ပါတယ်။

" တဖက်မှာ NCA ပင်လုံဖြစ်စဉ်မှာလည်း ဒီအဆင်မပြေဖြစ်နေတာလည်း ဒီဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးမှာ ဒီအာဏာခွဲဝေမှု မကျေလည်တဲ့ သဘောရှိနေတော့ ဒီကိစ္စကို အဖြေတခုခု ညှိနှိုင်းဖို့ အတွက် အားမထုတ်နိုင်ဘူး သို့မဟုတ် ပိုပြီးတော့မှ တရားမျှတတဲ့ သူတို့တောင်းဆိုချက်နဲ့ နီးစပ်နိုင်တဲ့ ဒီဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးကို နည်းလမ်းကောင်းတွေ နည်းလမ်းသစ်တွေရှာပြီး လုပ်မလား၊ ဒါမှမဟုတ်လို့ ရှိရင် ပိုပြီး တင်းမာတဲ့ အခြေအနေ ရှိမလားဆိုတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ အဲဒီတော့ တသက်လုံး ငြိမ်လာတဲ့ နှစ် ၃၀ ငြိမ်လာတဲ့ ၀ တပ်ဖွဲ့ဟာ ဒီနေ့ နိုင်ငံရေး တောင်းဆိုမှုဟာ ပိုပြီး မောင်းတင်ပေးလိုက်တဲ့ အားတင်းပေးလိုက်တဲ့ သဘောဖြစ်တယ်လို့ ကျနော်တော့ ထင်တယ်။ "

UWSA ဝပြည်သွေးစည်းညီညွတ်ရေး (ဝသဖ)အဖွဲ့ဟာ အရင် စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်နေ့မှာ အပစ်ရပ်ငြိမ်းချမ်းရေး ယူခဲ့ပြီးနောက် အစိုးရတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာမျိုး မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG