မြန်မာနိုင်ငံတဝန်းမှာ မိုးအပြင်းအထန်ရွာပြီး ရေကြီးတာကြောင့် သြဂုတ်လ ၁၁ ရက်နေ့အထိ နောက်ဆုံးရထားတဲ့ အချက်အလက်တွေအရ လူဦးရေ ၈၀,၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ၊ လူသား စာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမှာ သြဂုတ်လ ၉ ရက်နေ့က တောင်ပြိုပြီး လူနေအဆောက်အဦး နဲ့ ဆိုင်ခန်းတွေ၊ ကားတွေ မြေအောက်ရောက်သွားတဲ့ ဖြစ်ရပ်အတွင်း ဒီကနေ့ထိဆိုရင် သေဆုံးသူ ၆၅ ဦးရဲ့ ကြွင်းကျန်တဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ထားပြီးပါပြီ။ စုစုပေါင်း လူဘယ်နှယောက် ပါသွားတယ်ဆိုတာ အတိအကျ မသိရတာကြောင့် ပျောက်ဆုံးနေသူတွေ ရှိနေ နိုင်သေးပြီး ရှာဖွေရေးလုပ်ငန်းကို ဆက်လုပ်နေဆဲပါ။ သေဆုံးသူအရေအတွက် ပိုတိုးလာ နိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကထုတ်ပြန်တဲ့ စာရင်းတွေအရ ဇွန်လနှောင်းပိုင်းမှာ ရေစကြီးချိန်ကတည်းကဆိုရင် လူ ပေါင်း ၁ သိန်းခွဲကျော် အိုးအိမ်စွန့်ထွက်ပြေးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မုတ်သုံရာသီ မကုန်သေးတဲ့အတွက် လာမယ့်ရက်တွေအတွင်း မိုးဆက်ရွာနိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။