သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ရေဘေးဒဏ်ကြောင့် ရွှေ့ပြောင်းပေးထားသူ ၅၀,၀၀၀ ကျော်ရှိ


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်လာတာကြောင့် ဒေသခံတွေကို ရွှေ့ပြောင်းကူညီပေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - Myanmar Fire Services Department - သြဂုတ် ၅၊ ၂၀၂၀)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်လာတာကြောင့် ဒေသခံတွေကို ရွှေ့ပြောင်းကူညီပေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - Myanmar Fire Services Department - သြဂုတ် ၅၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံ ဒေသတော်တော်များများမှာ မကြာသေးခင်ရက်တွေက မိုးများရေကြီးခဲ့တာကြောင့် လူပေါင်း ၅၀,၀၀၀ ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

မကြာသေးခင်ရက်တွေအတွင်း ရေကြီးရေလျှံမှုတွေ ကြုံခဲ့ရတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ကရင် စတဲ့ တိုင်းနှင့် ပြည်နယ် ခြောက်ခုမှာ ရေဘေးရှောင်စခန်း ၁၈၀ ကျော် ယာယီဖွင့်လှစ်ခဲ့ရပြီး လူပေါင်း ၅၁,၀၀၀ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရေဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းတိုင်းမှာ အခုအခါ ရေပြန်ကျသွားပြီးဖြစ်ပေမဲ့ ရေဘေးဒုက္ခသည်တချို့ကတော့ ယာယီစခန်းတွေမှာ ရှိနေဆဲ ဖြစ်ကြောင်းလည်း စစ်ကိုင်းတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးစိုးမင်းဦးက ပြောပါတယ်။

“ခုလောလောဆယ်တော့ ရေက ပြန်ကျသွားပါပြီခင်ဗျ၊ ဒါပေမဲ့ ကယ်ဆယ်ထားတဲ့ လူဦးရေတော့ ရှိတာပေါ့။ ရပ်ကွက် ၅ ရပ်ကွက်၊ မြို့ပေါ်ဆိုရင်တော့ ၅ ရပ်ကွက်တော့ ရှိတာပေါ့။ ထုံးဘို၊ မင်းဇံ၊ အေးမြဝတီ၊ နောက် ၅ ထပ်ကြီး၊ လေးဇင်းပေါ့ ရွာတွေရော ဘာညာ အကုန်တွက်မယ်ဆိုရင်တော့ လူဦးရေ ၅,၀၀၀ ကျော်လောက်တော့ ရှိမယ်ဗျ။ သိပ်ခက်ခက်ခဲခဲကြီးတွေတော့ မရှိပါဘူးခင်ဗျ။ အခုဟာက ရေက အရင်ဝင်နေကြနေရာတွေပဲ ဝင်တာဆိုတော့လေ၊ အရင်မဝင်ဖူးတဲ့ နေရာတွေမဟုတ်ဘူး။ နှစ်တိုင်းလည်း ဒီနေရာတွေက ဝင်နေကြနေရာတွေဆိုတော့လေ တော်တော်ခက်ခက်ခဲခဲတွေတော့ မရှိပါဘူးခင်ဗျ။”

နိုင်ငံတဝန်းက ရေကြီးမှုအတွင်း အနည်းဆုံး လူ နှစ် ဦးသေဆုံးခဲ့ကြောင်းလည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။ COVID-19 ကပ်ရောဂါကာလမှာ ရေဘေးဒုက္ခသည်တွေကို ကျန်းမာရေးအတွက် အထောက်အပံ့ အကူအညီတွေ ပေးနေတယ်လို့လည်း ပြောပါတယ်။

“အမတို့ ဌာနက ကျတော့ ပြောင်းရွှေ့တဲ့သူတွေပေါ့။ ရေဘေးရှောင်စခန်းတွေကို ပြောင်းတယ်၊ တချို့ဆိုရင် ဘေးလွတ်တဲ့ နေရာတွေကို ပြောင်းတယ် အဲ့လိုမျိုးပေါ့။ ပြောင်းတဲ့သူတွေအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးတယ်။ လူဦးရေအလိုက်ပေါ့နော်။ နောက်တစ်ခုကကျတော့ ကိုဗစ် ကာလမှာ ထက်ပြီးထောက်ပံ့ပေးတာက ကျနော့် mask ရယ် ဆပ်ပြာရယ်ပေါ့နှော်။ ဒါတွေက ဟိုအရင်နှစ်တွေကတော့ မပါဘူး။ ပျက်သွားတဲ့ အိမ်တွေဆိုရင် အိမ်ဆောက်ပစ္စည်းထောက်ပံ့ ပေးတယ်။ သေဆုံးတဲ့ သူကတော့ နှစ် ယောက်ရှိတဲ့ သေဆုံးတဲ့သူ ဒဏ်ရာရတဲ့သူတွေကိုလည်း ထောက်ပံ့ပေးတယ်။ နောက် ကယ်ဆယ်ရေး ပစ္စည်းတွေပေါ့ ထောက်ပံ့တယ်။ စုစုပေါင်းဆိုလို့ရှိရင် အစ်မတို့ ဇူလိုင် ၁၁ ကနေ ဒီနေ့ထိဆိုလို့ရှိရင် ကျပ်သိန်းပေါင်း ၂,၄၀၀ ကျော်ပေါ့နော်။ အဲ့လောက်တော့ ထောက်ပံ့ပေးပြီးသွားပြီ။”

ရေဘေးသင့်သူတွေ ယာယီစခန်းတွေက မပြန်နိုင်သေးတဲ့ အချိန်မှာပဲ နောက်ထပ်လည်း မိုးများနိုင်တဲ့ ခန့်မှန်းချက်တွေ ရှိနေတဲ့အတွက် ရေကြီးနိုင်တဲ့ အန္တရာယ်တွေ ရှိနေဆဲဖြစ်ပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကတော့ ရှေ့လာမယ့် သီတင်းပတ်အထိ မိုးများနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ ပြောပါတယ်။

“လာမယ့် သတင်းပတ်အတွင်းပေါ့နော်၊ လာမယ့် ၁၂ ရက်လောက်ထိ တစ်ပတ်အတွင်းစုစုပေါင်း မိုးရွာသွန်းနိုင်မှုက ၆ လက်မကနေ ၁၀ လက်မလောက်အထိ အများအားဖြင့်ဒါပျမ်းမှအားဖြင့် မိုးရွာသွန်းနိုင်ခြေ အခြေအနေမျိုး ခန့်မှန်းတွေ့ရှိရတဲ့ အခြေအနေမျိုးရှိပါတယ်။ ဒါကြောင့်မို့ ကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာနိုင်ငံ အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသတွေအနေနဲ့ ဆိုရင်တော့ မြစ်ရေကြီးတဲ့ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေတာတွေနဲ့အတူ နောက်ထပ် ဒီတစ်ပတ်အတွင်းမှာ မိုးသည်းထန်နိုင်တာတို့ မိုးရွာသွန်းမှုတွေ မုတ်သုံလေအားကောင်းတာမျိုး အားအသင့်အတင့်ကနေ အားကောင်းလာတာမျိုးတွေလည်း ဆက်ပြီးတော့ ရှိနေနိုင်သေးတဲ့ အခြေအနေမို့လို့ မိုးသည်းထန်နိုင်တဲ့ အခြေအနေ ခန့်မှန်းချက်လေးတွေကိုလည်း သတိပြုသင့်ပါတယ်။”

မုတ်သုံလေ အားကောင်းတဲ့ ကာလဖြစ်တာကြောင့် မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေနှင့် မြောက်ပိုင်းဒေသတွေမှာ နေထိုင်ကြသူတွေအနေနဲ့ သတိထားကြဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားပါတယ်။ အန္တရာယ်ရှိတဲ့ ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ နေ့စဉ်ထုတ်ပြန်နေတဲ့ မိုးလေဝသခန့်မှန်းချက်တွေကို ဂရုပြုကြဖို့လည်း မိုးလေဝသပညာရှင်တွေက တိုက်တွန်းထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG