သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင့်တက်နေတဲ့ ရွှေဈေးတည်ငြိမ်ဖို့ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေ ကြိုးပမ်း


မှတ်တမ်းဓါတ်ပုံ- ဧပြီလ ၂၃ ရက်နေ့က ရွှေဆိုင်မှ ရွှေလက်ကောက် လာဝယ်သူတဦး
မှတ်တမ်းဓါတ်ပုံ- ဧပြီလ ၂၃ ရက်နေ့က ရွှေဆိုင်မှ ရွှေလက်ကောက် လာဝယ်သူတဦး

(Zawgyi/Unicode)

ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးနဲ့ ချိတ်ဆက်ထားတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ အခုရက်ပိုင်းတွေအတွက် ရွှေတကျပ်သားကို ၁၄ သိန်း ၇ သောင်းကျော်အထိ အမြင့်ဆုံး ရောက်ခဲ့ပြီးနောက် ရွှေလုပ်ငန်းငန်းရှင်တွေက ရွှေဈေး တည်ငြိမ်အောင် ထိန်းနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း ရန်ကုန်က လာတဲ့ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုရဲမွန်က ပြောပြပေးမှာပါ။

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးတဲ့နေ့ကစလို့ မြန်မာနိုင်ငံမှာ ရွှေဈေးတဖြည်းဖြည်းတက်လာနေတာမှာ ဧပြီလ ၂၇ ရက်နေ့မှာတော့ အခေါက်ရွှေတကျပ်သားကို ၁၄ သိန်း ၄ သောင်းကျော်ဈေးရှိခဲ့ပါတယ်။ ဧပြီ ၂၄ ရက်နေ့က ၁၄ သိန်း ၇ သောင်းကျော်အထိ ရှိခဲ့ရာက အနည်းငယ်ပြန်ကျသွားတာဆိုပေမဲ့ ဒီဈေးနှုန်းဟာ မြင့်နေဆဲဖြစ်တဲ့အတွက် ရွှေဈေးနှုန်းတည်ငြိမ်ဖို့ ကြိုးစားနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။

“ကမ္ဘာ့ရွှေဈေးက (ဒေါ်လာ) ၁၈၀၀ လောက်အထိ တက်သွားတော့… ကိုဗစ်က တကမ္ဘာလုံး ပြန်ဖြစ်တဲ့အခါကျတော့ လူတွေက စက်ရုံတွေအကုန်ပြန်ပိတ် ပိတ်ပြီးတော့ အဲဒီငွေကို ရွှေတခါပြန်ဝယ်၊ အဓိကတော့ လက်ငင်း ရွှေထိ၊ ငွေထိပေါ့ ရောင်းဝယ်တဲ့စနစ်၊ ပိုက်ဆံပါရင် ဒီမှာ ဝယ်လို့ရတယ်၊ ရွှေပါရင် ဒီမှာ ရောင်းလို့ရတယ်။ အများကြီးလည်း မဝယ်နိုင်ကြပါဘူး လာဝယ်တဲ့သူကလည်း တပိုင်နှစ်ပိုင် လာရောင်းတဲ့သူလည်း တပိုင်နှစ်ပိုင် ဒီလိုပဲသွားနေကြတယ်၊ ငွေလိုလို့ လှည့်နေတဲ့ သဘောလောက်ပဲရှိတယ်။”

လက်ငင်းအရောင်းအဝယ်ပဲ လုပ်ကြဖို့၊ တခြားတိုင်းနဲ့ပြည်နယ်တွေကို ဖုန်းနဲ့ချိတ်ဆက်ပြီး အရောင်းအဝယ် မလုပ်ကြဖို့ အသင်းအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ရွှေဈေးတက်ရတဲ့ အကြောင်းကတော့ ကမ္ဘာ့ရွှေဈေးရော ဒေါ်လာနဲ့ကျပ်ငွေလဲနှုန်းပါ တက်နေတာကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်းက အခုရက်ပိုင်းမှာ တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၈၀ ဝန်းကျင်ရှိနေပါတယ်။ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းကလည်း ပြင်ပဈေးကွက်မှာ ၁ ဒေါ်လာကို ၁၆၁၀ ကျပ်အထိ အမြင့်ဆုံးရောက်ခဲ့ပါတယ်။ အခုလို ရွှေဈေးမြင့်တက်ခဲ့ပြီးနောက် ရန်ကုန်တိုင်းအတွင်းမှာ တရက်ကိုရွှေ ၅ ပိဿာ ဝန်းကျင်သာ ရောင်းနေရတယ်လို့ သူက ပြောပါတယ်။ မန္တလေးမှာလည်း ရွှေအရောင်းအဝယ်က ခပ်အေးအေးပဲရှိနေကြောင်း မန္တလေးက ရွှေလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးမော်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဆီကတော့ အဆင်ပြေသလို ကိုယ့်ဟာနဲ့ကိုယ် ရွှေသမားအချင်းချင်း ချိတ်ဆက်ပြီးတော့ လုပ်ငန်း လုပ်နေကြတာလေ။ ဈေးတန်းကြီး ဖွင့်ပြီးတော့မှ လုပ်ကြတာ မဟုတ်ဘူးဆိုတော့၊ ဒါပေမဲ့ တအားကြီး အလုပ်မဖြစ်ပါဘူး ကျနော်တို့ဆီမှာ။ စောစောက လှမ်းမေးကြည့်တာတော့ ၁၄၂၅၀၀၀ လောက်ရှိမယ် ထင်တယ်။”

ပြည်တွင်းမှာ ရွှေဈေးအဆမတန် တက်နေတာက ရွှေတင်သွင်းမှုပြတ်တောက်တာ၊ နိုင်ငံခြားငွေ စီးဆင်းမှုအားနည်းလာတာ၊ ကျပ်ငွေရိုက်ထုတ်နိုင်ခြေ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေတာ ဒီလိုဘက်ပေါင်းစုံက မတည်ငြိမ်မှုတွေကြောင့်လို့ သုံးသပ်နေတာလည်း ရှိပါတယ်။ကမ္ဘာ့ရွှေဈေးက ၂၀၂၀ ဩဂုတ်လ ၅ ရက်မှာ တအောင်စကို ဒေါ်လာ ၂၀၀၀ အထိရောက်ခဲ့ဖူးပါတယ်။ အခုလည်း ကမ္ဘာ့ရွှေဈေးက တအောင်စကို ဒေါ်လာ ၂၀၀၀ လောက် ထိရောက်ရှိ သွားနိုင်တယ်လို့လည်း စီးပွားရေးသတင်းတွေမှာ ခန့်မှန်းဖော်ပြနေကြပါတယ်။

မြန်မာနိုင်ငံမှာ ရွှေဈေး အဆမတန် ဆက် မတက်အောင်လို့ ရွှေကုန်သည်တွေက ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ ရွှေဈေးတွေ မြင့်တက်နေပေမဲ့လည်း အခုအခြေအနေမှာတော့ ရွှေအရောင်းအဝယ် အေးနေတယ်လို့ ရွှေကုန်သည်တွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)







XS
SM
MD
LG