သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဈေးနှုန်းထိန်းဖို့ ရန်ကုန်ရွှေဈေးကွက် ပိတ်ထား


မနေ့က ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေတအောင်စကို မနေ့က ၁၄၉၁ ဒေါ်လာထိရောက်ခဲ့ပြီး ပြည်တွင်းရွှေဈေးကွက်မှာလည်း ဒီနေ့ သြဂုတ်လ ၇ရက်ညနေမှာ အခေါက်ရွှေ တကျပ်သားကို ၁၂သိန်းနီးပါး ဖြစ်လာပါတယ်။ ရန်ကုန်မှာတော့ လက်ရှိမှာ ဈေးကွက်ပိတ်ထားပြီး အရောင်းအဝယ် ကိုလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ရွှေလုပ်ငန်းရှင် အသင်းတာဝန်ရှိသူတွေက ဒီနေ့ပြောလိုက်ပါတယ်။

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

ကမ္ဘာ့ရွှေဈေးက တနေ့တခြား တရိပ်ရိပ်တက်နေပြီး သူနဲ့ချိတ်ဆက်ထားတဲ့ ပြည်တွင်း ရွှေဈေးကလည်း အခေါက်ရွှေ တကျပ်သားကို ၁,၁၉၇,၀၀၀ ကျပ်အထိ ရောက်လာပါတယ်။ မနေ့ကနဲ့ ဒီနေ့ ၂ရက်လုံး ရန်ကုန်မှာ ရွှေဈေးကွက်မဖွင့်ဘဲ အရောင်းအဝယ် မရှိသလောက် ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းဝင်တွေ ဒီနေ့အစည်းအဝေး လုပ်ကြပါတယ်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ပြန်ကြားရေးတာဝန်ခံ ဦးအေးချိုက အခုလိုပြောပါတယ်။

“ ရွှေဈေးနှုန်းတည် ငြိမ်အောင်ပေါ့နော် ဈေးတွေဆက်မတက်အောင်ဆိုပြီး ဒီနေ့အစည်းအဝေး ခေါ်တာပေါ့နော်။ အရောင်းအဝယ်တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ နောက်မလိုအပ်ရင်မဝယ်ဖို့ မရောင်းဖို့ တပိုင်းလိုအပ်ရင် တပိုင်းဝယ်၊ နှစ်ပိုင်းလိုအပ်ရင် နှစ်ပိုင်းဝယ် အဲဒါမျိုးလေးတွေချပြတာပေါ့။ ဘယ်လိုပြောရမလဲ အရောင်းအဝယ်မလုပ်တဲ့သဘောပါပဲ။”

ဒီနေ့ သြဂုတ် ၇ရက် ညနေပိုင်းမှာ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၄၉၄ ထိဖြစ်နေပါတယ်။ အမေရိကန်ဒေါ်လာ တန်ဖိုးကလည်း မြန်မာငွေနဲ့ လှဲလှယ်နှုန်းမှာ ဆက်ပြီးတက်နေလို့ ပြည်တွင်းရွှေဈေးကလည်း မကျနိုင်သေးကြောင်း အောင်သမာဓိရွှေဆိုင် အထွေထွေမန်နေဂျာ ဦးမော်က ပြောပါတယ်။

“ သတိထားမိသလောက်ဆိုရင် ခြောက်နှစ်အတွင်းမှာ ဒီကောင်အမြင့်ဆုံး ရောက်နေတယ်။ တကယ်တမ်းပြောမယ်ဆိုရင် အခုဒီလိုအချိန်မျိုးမှာ ဖြစ်သင့်တာက ဒေါ်လာဈေးက ကျရမှာလေ အရင်တုန်းက ဒေါ်လာနဲ့ ကမ္ဘာ့ရွှေဈေးနဲ့ ပြောင်းပြန်အချိုးလေ။ ရှင်းရှင်းပြောရရင် ကျနော်တို့ ကုန်သည်လောကမှာ ၁၁သိန်းနဲ့ တသောင်းခွဲနှစ်သောင်း ရောက်လာတဲ့အချိန်မှာ ဒီဈေးတန်းတွေကကျရမယ့်အခြေအနေ ရောက်နေပြီလို့။ ကုန်သည်တွေတော်တော်များများက ရောင်းမထွက်တာတောင်မှပဲ အကျကို ပြန်စောင့်နေကြတာ အခုအချိန်အထိဘယ်သူမှ ပြန်မဝယ်ဘူး။”

မနှစ်က ၂၀၁၈ သြဂုတ်လ ဒီအချိန်မှာ ကမ္ဘာ့ရွှေဈေးက တအောင်စကို ဒေါ်လာ ၁၂၀၀ ဝန်းကျင်ရှိခဲ့ပြီး ၂၀၁၉ အစမှာစတက်ခဲ့ပါတယ်။ အဲဒီနောက် တဖြည်းဖြည်းထပ်တက်နေပြီး ၂၀၁၉ ဇွန်လ ၂၀ရက်မှာ တအောင်စကို ဒေါ်လာ ၅၀ခုန်တက်သွားလို့ ပြည်တွင်းရွှေဈေး ကလည်း တကျပ်သား ကျပ် ၁၁သိန်းနဲ့ အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။

နောက်တနေ့ ဇွန်လ ၂၁ရက်မှာ ၁၁သိန်းကျော်ထိ ဆက်တက်နေခဲ့တာပါ။ အခု သြဂုတ်လ ၇ရက်မှာ ရွှေဈေး ၁၂သိန်းနီးနီး ရောက်လာတဲ့ အခြေအနေကို မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်းက မနေ့က အစည်းအဝေး လုပ်ပြီး အခြေအနေတချို့ကို သတင်းထုတ်ပြန်ခဲ့တယ်လို့ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ဗွီအိုအေကိုပြောပါတယ်။

“ ရွှေဈေးတက်လာတဲ့အလျောက်ရွှေသည် မဝယ်လည်းဘာမှမဖြစ်ဘူး ရွှေဈေးတက်လို့ ကုန်ဈေးနှုန်းတက်တာကြီးက ဖြစ်လာဦးမှာလေ ရွှေကမဝယ်ရင်ရတယ် ကုန်ဈေးနှုန်းက ဆန်တို့ ဆီတို့ကမစားလို့မရတဲ့အရာဆိုတော့ ရွှေမဝယ်လည်းရတဲ့အတွက် ဈေးမြင့်ရင်ရှုံးမှာဆို မဝယ်ကြရင်ကောင်းတယ်ဆိုတာ ကျနော်တို့ ထည့်ပြောထားတာ ရှိတယ်။ နောက်တချက်က အရင်က တက်တယ်ဆိုတာ ကောလဟလ ကြောင့်တက်တာ အခုဟာက ကမ္ဘာ့ရွှေဈေးပေါ်မှာမှီပြီးတော့ တက်တာဆိုတော့ ဘာမှစိုးရိမ်စရာ မရှိဘူးလို့ ကျနော် ပြောထားပါတယ်။”

အမေရိကန်- တရုတ်ကုန်သွယ်ရေးတင်းမာမှု ပြီးတော့ ကမ္ဘာ့စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေတာ၊ ကမ္ဘာနိုင်ငံအသီးသီးက ဗဟိုဘဏ်တွေရဲ့ ငွေကြေးပေါ်လစီ ဖြေလျှော့မှုတွေကြောင့် ကမ္ဘာ့ရွှေဈေးက တအောင်စကို ဒေါ်လာ ၁၅၀၀ ကျော်သွား လိမ့်မယ်လို့ Bloomberg ကခန့်မှန်းထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG