သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတကျပ်သား ကျပ်၁၁သိန်း စံချိန်တင်မြင့်တက်


ဒီကနေ့မနက်ပိုင်းမှာ ကမ္ဘာရွှေဈေးရုတ်တရက် တက်သွားလို့ ကမ္ဘာ့ရွှေဈေးနဲ့ချိတ်ဆက်ထားတဲ့ ပြည်တွင်းဈေးကွက်မှာလည်း ရွှေတကျပ်သားကို ကျပ် ၁၁သိန်းဖြစ်သွားပါတယ်။ ဒါဟာ မြန်မာ့ဈေးကွက်မှာ ပထမဦးဆုံး အမြင့်ဆုံးစံချိန်ဖြစ်တယ်လို့ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

ကမ္ဘာ့ရွှေဈေးက တရက်အတွင်းမှာ ဒေါ်လာ ၅၀ နီးပါးခုန်တက်သွားလို့ ဇွန်လ ၂၀ရက် မနက်ပိုင်း ပြည်တွင်းရွှေဈေးကွက်မှာ ၁၆ပဲရည်ရှိတဲ့ ရွှေတကျပ်သားကို ကျပ်၁၁သိန်းအထိရောက်သွားပါတယ်။ ဒါဟာ ပြည်တွင်းမှာ အမြင့်ဆုံးစံချိန်သစ်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဗွီအိုအေကိုပြောပါတယ်။

“ ဟုတ်တယ်မှန်ပါတယ်ခင်ဗျ နိုင်ငံခြားဈေး တရက်တည်း၊ တညတည်းပေါ့ မနေ့ညနဲ့ ဒီနေ့မနက် တအောင်စကိုဒေါ်လာ ၄၀ကျော်လောက် တက်သွားလို့။ အရောင်းအဝယ်ကတော့ ဒီမှာတော့ ပုံမှန်ပါပဲ ခင်ဗျ။”

မနေ့က တအောင်စကို ၁၃၄၇ဒေါ်လာရှိနေတဲ့ ကမ္ဘာ့ရွှေဈေးက ဒီနေ့မနက်ပိုင်းမှာ ၁၃၉၅အထိ ထိုးတက်ခဲ့တာပါ။ ရန်ကုန်ရွှေဈေးကွက်မှာတော့ အများစုက အရောင်းအဝယ်ကျနေကြောင်း ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင် ဒေါ်သက်သက်ခိုင်ကပြောပါတယ်။

“ အရောင်းအဝယ်အေးတာကြာပြီ အေးတာကတော့ကျမတို့ဆိုင်ဆိုရင် အရောင်းအဝယ်က တော်တော်လေးကိုအေးတယ်။ ကျကျလာတယ် ၂၀၁၆ထက် ၁၇ ကကျတယ်၊ ၁၇ ထက် ၁၈ ကကျတယ်။ အဲလို ၁၈ထက် ၁၉ က ပိုကျနေတယ်။ အဲလိုသဘောမျိုးဖြစ်နေတယ်။”

ပြည်တွင်းရွှေလုပ်ကွက်တွေ သက်တမ်းမတိုးနိုင်ဘဲ ရပ်တန့်သလိုဖြစ်နေတာကလည်း ရွှေဈေးကွက်အပေါ်သက်ရောက်နိုင်တယ်လို့ အောင်သမာဓိရွှေဆိုင်ရဲ့ အထွေထွေမန်နေဂျာ ဦးမော်ကပြောပါတယ်။

“ ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင်က အခုလောလောဆယ်မှာဆိုရင် ပြည်တွင်းထုတ်လုပ်မှုတွေက သိပ်ပြီးတော့မရှိတော့ဘူးလေ။ လုပ်ကွက်တွေသက်တမ်းတိုးတယ်၊ အဲဒီသက်တမ်းတိုးတဲ့ဟာတွေက မတိုးနိုင်ဘူးဖြစ်နေတာလေ။ ပြည်တွင်းထုတ်လုပ်မှုမှာက ရပ်သလိုဖြစ်နေတာကိုး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အဆင်မပြေတဲ့အခါကျတော့ အတော်ကြီးဒုက္ခတွေရောက်ကုန်ကြတာကိုး။”

ကမ္ဘာ့ရွှေဈေးတက်ပေမဲ့ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲလှယ်နှုန်းကျမယ်ဆိုရင် ရွှေဈေးကို ထိန်းထားနိုင်မှာလို့လည်း ရွှေလုပ်ငန်းရှင်တွေက ခန့်မှန်းပါတယ်။ ဒါကလည်း မြန်မာငွေကြေးရဲ့ ခိုင်မာမှုပေါ်လည်း မူတည်နေတာပါ။ လက်ရှိမှာဒေါ်လာငွေလဲနှုန်းက ၁၅၂၅ကျပ်မှာ ငြိမ်နေတုန်းပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG