မြန်မာနိုင်ငံမှာ မကြာသေးခင်က အဆမတန် ဈေးတက်သွားခဲ့တဲ့ ရွှေဈေးတွေ အခုအခါ တည်ငြိမ်စပြုလာပြီလို့ လုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။ တရုတ်နိုင်ငံဗဟိုဘဏ်က ရွှေဝယ်ယူစုဆောင်းမှုတွေကို ဆိုင်းငံ့လိုက်သလို၊ မကြာသေးခင်က မြန်မာနိုင်ငံမှာ လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးအရေးယူမှုတွေရဲ့ ရိုက်ခတ်မှုကြောင့် ပြည်တွင်းရွှေဈေး ပြန်ကျလာတာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။ မြန်မာနိုင်ငံ ရွှေဈေးကွက် နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မအေးသန္တာကျော် တင်ပြထားပါတယ်။
မေလကုန်လောက်က တအောင်စကို အမေရိကန်ဒေါ်လာ ၂,၄၄၉ ကျော်တဲ့အထိ စံချိန်တင်တက်ခဲ့တဲ့ ကမ္ဘာရွှေစျေးဟာ တရုတ်ဗဟိုဘဏ်က အဝယ်ရပ်လိုက်ပြီးတဲ့နောက် ပြန်ကျသွားပါတယ်။ အလားတူပဲ ပြည်တွင်းရွှေဟာ တကျပ်သားကို မေလကုန်မှာ ကျပ်၅၅သိန်းကျော်တဲ့အထိ ထိုးတက်သွားတာကနေ ၅၃ သိန်းထိ လက်ရှိ ပြန်ကျသွားပြီး အဲဒီစျေးနှုန်းနဲ့ ရပ်တန့်နေပါတယ်။
ကမ္ဘာနိုင်ငံအသီးသီးက ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်စုဆောင်းမှုကလည်း ၂နှစ်တာကာလအတွင်း တိုးလာတဲ့ အထဲမှာ တရုတ်ဗဟိုဘဏ် PBOC ဘဏ်က ပမာဏအများဆုံး ဝယ်ယူစုဆောင်းခဲ့တယ်လို့ သတ္တု တူးဖေါ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို အွန်လိုင်းကနေရေးသားနေတဲ့ Mining.com က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖော်ပြခဲ့တာပါ။
တရုတ်ဘက်က အဝယ်ရပ်ဆိုင်းတာက ပြည်တွင်းမှာ ထိုးတက်နေတဲ့ ရွှေစျေးကိုလည်း ရိုက်ခတ်မှုရှိခဲ့တယ်လို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။ ပြည်တွင်း စျေးကွက်ရဲ့ ထက်ဝက်လောက်က တရားမဝင်စျေးကစားသူတွေဖြစ်ပြီး အရေးယူ ဖမ်းဆီးခဲ့တဲ့ အရှိန်လည်း ရှိနေကြောင်း သူကပြောပါတယ်။
" အဲဒီဘက်က သူတို့ရဲ့အဝယ်ရပ်သွားတာ အဲဒီရိုက်ခတ်မှုတော့ ရှိနိုင်တယ်၊ ဖြစ်နိုင်ပါတယ်။ ရာခိုင်နှုန်းနဲ့ ၄/၅၀ ပါနိုင်ပါတယ်။ ကျနော်တို့က ဖြစ်နေတာက ကျနော်တို့ဆီမှာ ရွှေရောင်းဝယ်မှု ၁၀၀ရာခိုင်နှုန်းမှာ ၂၀ရာခိုင်နှုန်းက မိရိုးဖလာ ဝတ်ချင်စားချင်လို့ ဝယ်ကြ၊ စုကြတယ်။ ၃၀ ရာခိုင်နှုန်းလောက်ကတော့ မြေရောင်း၊ ကားရောင်းလို့ ဝယ်ယူစုဆောင်း၊ ဝယ်ထားကြတယ်ပေါ့လေ။ ကျန်တဲ့ ၅၀ရာခိုင်နှုန်းလောက်က မမြင်ရတဲ့သူတွေက စျေးကစားတာတို့၊ စျေးတက်အောင်လုပ်တာရှိတယ်။ အဲလူတွေ၊ လက်မည်းတွေတော့ လောလောဆယ် တားဆီးထားနိုင်တယ်လို့ ထင်တယ်။ အဲဒီကြောင့် မဖြစ်သင့်တဲ့စျေး တရှိန်ထိုး တက်သွားတာကို တည်ငြိမ်အောင် လုပ်နိုင်တယ်လို့ ထင်ပါတယ်။ အဲလိုဖြစ်ဖို့ များပါတယ်။"
ဒါပေမဲ့ တရုတ်က ရွှေကို ပြန်ဝယ်ဖို့ လုပ်နေပြီဆိုတဲ့ သတင်းတွေလည်း ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထွက်ပေါ်လာပါတယ်။ " တရုတ်က အခြေအနေကို စောင့်ကြည့်နေပြီး ရွှေတအောင်စကို အမေရိကန်ဒေါ်လာ ၂,၂၀၀ လောက်ရောက်ပြီဆိုတာနဲ့ ပြန်ပြီးဝယ်လိမ့်မယ်" လို့ ကမ္ဘာ့ရွှေကောင်စီ (WGC) ရဲ့ အမှုဆောင်ဒါရိုက်တာ David Tait ကသုံးသပ်ထားပါတယ်။
တရုတ်ဝယ်ယူမှုကြောင့် ပြည်တွင်းမှာလည်း ရွှေကို စျေးကောင်းပေး ဝယ်ယူမှုတွေ ရှိနေတယ်လို့ ရွှေကုန်သည်တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ မိုးတွင်းကာလ ရွှေထုတ်လုပ်တာတွေ ရပ်နားလေ့ရှိပေမဲ့ အလုပ်အကိုင် ရှားပါးတာ၊ စျေးကောင်းလည်း ရနေတာဖြစ်လို့ မိုးတွင်းမှာပါ ရွှေကို မနားတမ်း တူးဖော်နေကြတယ်လို့လည်း ဆိုပါတယ်။ အများစုကတော့ ကချင်ပြည်နယ်မှာ တူးဖော်ကြတာဖြစ်ပြီး ရတဲ့ရွှေကို တရုတ်ဝယ်လက်တွေဆီ တိုက်ရိုက် ရောင်းချတာမျိုးမဟုတ်ဘဲ ရွှေကုန်သည်တွေက အဓိက ဝယ်ယူကြတာဖြစ်ပါတယ်။ အဲဒီနောက် တရုတ်စျေးကွက်ကို တင်ပို့တာ ဖြစ်နိုင်ကြောင်း ရွှေတူးဖော်နေတဲ့ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။
" ဒီဘက်က တရုတ်ကို တိုက်ရိုက်ရောင်းတာ မရှိဘူးဗျ၊ မန္တလေး၊ မြစ်ကြီးနားသူဌေးက ဝယ်တာပဲ။ အဲဒီ နောက်ဆက်တွဲတွေတော့ ကျနောတို့ ဆက်ပြီးမသိတော့ဘူး။ ကျနော်တို့ သိရတာကတော့ ရွာလည်ပြီးသား သတင်းလို့ ပြောရမှာပေါ့ဗျာ အဲသဘောပါပဲ (တရုတ်ကိုရောင်းတာ)။ ဝယ်လည်းပြီးရော သူတို့ကနေ နောက်တဆင့် အဆင့်ဆင့် ပြန်ပြန်ရောင်းကြတာ။ အရင်းကတော့ မြစ်ကြီးနားက (ဝယ်လက်) အရင်းပဲ။ အရောင်းအဝယ်ကတော့ အရင်တုန်းက စျေးထက်စာရင် လျော့သွားပါတယ်၊ စျေးတော်တော်လျော့သွားတယ်။"
ပြည်တွင်းရွှေလုပ်ငန်းရှင် အသင်းတွေကတော့ ဒီနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း အခေါက်ရွှေ တကျပ်သားရဲ့စျေးကို ၄,၆၅၈,၆၀၀ ကျပ်သတ်မှတ်ထားပါတယ်။ ပြင်ပစျေးကွက်မှာတော့ တကျပ်သားကို ၅,၃၁၀,၀၀၀ ဝန်းကျင်စျေးခေါ်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရွှေစျေးနှုန်း၊ ငွေစျေးနှုန်းတွေက မဖြစ်နိုင်တဲ့စျေးတွေအထိ ရောက်ရှိနေတာဟာ ဝိသမစီးပွားရေး သမားတွေကြောင့်ဖြစ်ပြီး၊ သူတို့အနေနဲ့ လိုအပ်တဲ့စိစစ်မှုတွေကို လုပ်ခဲ့သလို၊ ပြည်ပနိုင်ငံမှာ အိမ်ရာဝယ်ယူတဲ့ သူတွေကိုလည်း စိစစ်နေတယ်လို့ စစ် ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိူင်က နေပြည်တော်မှာ ဇွန်လ (၇)ရက်နေ့က လုပ်တဲ့ အစည်းအဝေးတခုမှာ ပြောကြားခဲ့ပါတယ်။
Forum