တီဘီရောဂါကြောင့် ရာစုနှစ် (၂) ခုအတွင်း လူပေါင်း ဘီလီယျံချီ သေဆုံးခဲ့တာမို့၊ ဒီရောဂါ အဆုံးသတ်နိုင်ရေး ကုလသမဂ္ဂက ဦးဆောင်ကြိုးပမ်းနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ တီဘီရောဂါ အဆုံးသတ်ရေးအတွက် ၂၀၃၀ ခုနှစ်ကို ရည်မှန်းထားပါတယ်။ အခုလို အဆုံးသတ်ဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၁၄ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်မှာစတဲ့ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် (SDG) ထဲ ထည့်သွင်းခဲ့ပါတယ်။ တီဘီရောဂါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ခန့်ထဲ လူပေါင်းတစ်ဘီလျံ သေဆုံးခဲ့ရပြီး၊ အခုလည်း တစ်နှစ်ကို လူပေါင်း ၁.၃ သန်း (တနေ့လျှင် လူပေါင်း ၃၅၀၀) သေဆုံးကာ၊ ကူးစက်ခံရသူကလည်း သန်းဆယ်ချီ ဆက်ရှိနေဆဲပါ။
အခုလို ၂၀၃၀ ခုနှစ်မှာ တီဘီ အဆုံးသတ်ရေးလို့ ခေါင်းစဉ်တပ်ထားပေမဲ့ လက်တွေ့အတွက်တော့ ဖြစ်စေချင်တဲ့ ရည်မှန်းချက် အသေးစိတ် ချထားပါတယ်။ ဒီ အတိအကျ ရည်မှန်းချက်ထဲ ၂၀၁၄ ခုနှစ်ကနဲ့ ယှဉ်လျှင် တီဘီ ဖြစ်ပွားနှုန်းမှာ ၈၀% အထိ ကျဆင်းရေး၊ တီဘီကြောင့် သေဆုံးမှုမှာလည်း ၉၀% လျော့ချနိုင်ရေးနဲ့ တီဘီရောဂါအတွက် တီဘီလူနာနဲ့ မိသားစုက စိုက်ထုတ်သုံးရငွေ လုံးဝမရှိရေးတွေ ပါဝင်ပါတယ်။ တီဘီရောဂါက ကာလကြာရှည်ကုသရပြီး၊ ဆေးအကြိမ်ကြိမ်စစ်ရ ခရီးသွားရကာ၊ အာဟာရပါ ဖြည့်စွက်ရတာမို့ ကုန်ကျစရိတ်များပါတယ်။
ဒါပေမဲ့ ကြားကာလ ဖြစ်ပေါ်မှုအရ ဒီရည်မှန်းချက်ကို မြန်မာအပါအဝင် နိုင်ငံအများစု (ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်ကလွဲပြီး) မရောက်နိုင်တာကို ကြိုတွက်မိတာမို့ ကြားဖြတ်ပစ်မှတ်တွေ ချမှတ်ခဲ့ပါတယ်။ အခုကြားဖြတ်ကာလ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အတွင်း၊ တီဘီရောဂါ ရှာဖွေကုသရေးနဲ့ လူမူရေးပံ့ပိုးမူတွေကို တီဘီလူနာ ၉၀% ဆီရောက်ဖို့၊ တီဘီ ရှာဖွေဆေးစစ်နည်းထဲ ရှေ.တန်းရောက် မျိုးရိုဗီဇ (DNA) သုံး၊ မော်လီကျူလာနည်းပညာ လူတိုင်းဆီ လက်လှမ်းမီဖို့ (သလိပ်ထဲ ပိုးအကောင်လိုက် မတွေ့လျှင်တာင်၊ မျိုးဗီဇ အစိတ်အပိုင်းတွေ့တာနဲ့ ရောဂါသတ်မှတ်ပြီး ချက်ချင်းကုသပေးနိုင်ဖို့)၊ တီဘီလူနာက ကုန်ကျစရိတ် စိုက်ထုတ်စရာမလိုဖို့နဲ့ တီဘီလူနာ ၄၅ သန်းအထိ ကုသပေးနိုင်ဖို့ (ဒီအထဲ ကလေးတီဘီလူနာ ၄.၅ သန်းနဲ့ ဆေးယဉ်ပါးတီဘီလူနာ ၁.၅ သန်း ပါဖို့) ချမှတ်ထားပါတယ်။ ဒါမှသာ ၂၀၃၀ ခုနှစ် ရည်မှန်းချက်လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ပြန်တည့်ပေးနိုင်မှာပါ။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။
Forum