သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ကျဆင်း


မန္တလေးမြို့ရှိ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု။ (ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆။)
မန္တလေးမြို့ရှိ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု။ (ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆။)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းပေါင်းစုံကြား စီးပွားရေးကျဆင်းမှု တွေနဲ့အတူ အိမ်ခြံမြေဈေးကွက်ကိုလည်း ထိခိုက်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ အိမ်ခြံမြေဈေးကွက် ကျဆင်းမှုတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံလို ပြည်ပမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူတွေလည်း တိုးလာနေပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတာပါ။ မြန်မာနိုင်ငံ အိမ်ခြံမြေ ဈေးကွက် နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စီးပွားရေးကျဆင်းမှုတွေနဲ့အတူ မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်ဟာလည်း သိသိသာသာ ထိခိုက်လာ နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောနေကြပါတယ်။ အိမ်ခြံမြေလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ ခွင့်ပြုချက်တွေ၊ လုပ်ကိုင်ခွင့်တွေမှာ အကန့်အသတ်တွေရှိနေသလို ဈေးကွက်အခြေအနေလည်း တည်ငြိမ်မှုမရှိဘူးလို့ ရန်ကုန်မြိုဲ့က အိမ်ခြံမြေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ဂရမ်တွေ၊ ပါမစ်တွေ ပိတ်ထားတာနဲ့ လူတွေက အရောင်းအဝယ်တွေတန့်၊ စီးပွားရေးတွေ အကုန်လုံးက မကောင်းကြဘူးဆိုတော့ အခုအချိန်က ဈေးကတော့ အေးတယ်။ သေချာ စိစစ်ပြီးရှာဝယ်ရင် အများကြီးရှိတယ်ပေါ့နော်။ လက်ရှိ ပေါက်ဈေးအောက်ကို နှိမ့်ပြီးခေါ်ပြီး ရောင်းစားနေရတာ အများကြီးပဲ။ ဘာလို့ဆို နဂိုကတည်းကလည်း နှစ်သောင်းတန်ထွက်မယ်၊ ဘာညာ ဂယက်နဲရိုက်ပြီးတော့ ရွှေတွေ၊ အိမ်တွေ၊ ဒေါ်လာတွေ အကုန်ကောက်တက်သွားပြီး၊ တက်သွားပြီးရင် ပြန်မကျဘူးလေ။ ဈေးကွက်ကတော့ မာတယ်။ ဒါပေမဲ့ ရောင်းချင်လားဆိုတော့ ဗိုက်နာလို့ မရှူနိုင် မကယ်နိုင်သူတွေကတော့ ရောင်းကြမှာပဲ။ ပေါက်ဈေးအောက်ကို အခုအချိန်ကတော့ ဝယ်လို့ရနေတဲ့ အချိန်ပဲ။ အဝယ်နဲ့ အရောင်းနဲ့ဆိုရင် အဲတယောက်ကို ဝိုင်းပြီး ရောင်းနေရတဲ့ အခြေအနေမျိုးပေါ့နော်။"

ရန်ကုန်မှာ မြို့တွင်း တိုက်ခန်း အငှားဈေးကွက်ကတော့ အားကောင်းနေတုန်း ဖြစ်ပါတယ်။ နယ်က တက်လာသူတွေအဖို့တော့ ရန်ကုန်က အိမ်ခြံမြေဈေးတွေဟာ မကပ်နိုင်တဲ့ ဈေးနှုန်းတွေ ဖြစ်နေကြောင်း ရန်ကုန်မှာ အိမ်ခြံမြေ ဝယ်ရောင်းလုပ်နေသူ တဦးက ပြောပါတယ်။

"ပါးနေတယ်။ အရောင်းအဝယ်တွေ ဒီမှာတောင်မရောင်းရဘူး။ ရောင်းနေတာတွေ မထွက်လို့ စိတ်ညစ် နေတာ။ ဘယ်သူမှလည်း ချလည်း မဝယ်ဘူး အခုခေတ်ကာလ။ ကိုယ်ကချပြီး နောက်တခုကို လိုက်လှမ်းရင် မမီဘူး။ ဘယ်သူမှ ချမရောင်းကြတာ။ ဈေးတွေက အရမ်းတက်နေတာ။ ကိုယ့်နိုင်ငံက... ရင်းနှီးမြှုပ်နှံထားရင် တမျိုးပေါ့နော်။ ကြာဦးမှာလေ အဲလို နိုင်ငံခြားသားတွေ ဝင်ဖို့က။"

စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ တိုက်ခန်း၊ ကွန်ဒို ဝယ်ယူရင်းနှီးမြှုပ်နှံမှုနှုန်းက တနှစ်ပြီးတနှစ် တက်လာတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ မြန်မာစစ်ကောင်စီဟာ ပြည်ပကို ရင်းနှီးမြှုပ်နှံမှုတွေ ထွက်မသွားအောင် လုပ်နေပေမဲ့လည်း ထိုင်းဘက်က အချက်အလက်တွေအရ မြန်မာတွေရဲ့ ဝယ်ယူနှုန်းက ၂၀၂၂ ခုနှစ်ကစပြီး တဟုန်ထိုး တက်လာတာ ဖြစ်ပါတယ်။ တရုတ်ပြီးရင် မြန်မာနိုင်ငံသားတွေက ၂၀၂၄ ခုနှစ်ထဲမှာ ကွန်ဒိုတိုက်ခန်းကို အများဆုံး ဝယ်ယူခဲ့ပြီး ဒုတိယလိုက်နေတာပါ။ မြန်မာနိုင်ငံသားတွေ ၂၀၂၄ ထဲမှာ ဝယ်ယူခဲ့တဲ့ တန်ဖိုးက ဘတ်ငွေ (၅.၄၆) ဘီလီယံ ကျော်ရှိတယ်လို့ ထိုင်းအိမ်ခြံမြေ သတင်းအချက်အလက် စင်တာက မကြာသေးခင်ကပဲ ဖော်ပြထားပါတယ်။

ပိုင်ဆိုင်မှုတွေကို ထိုင်းဘက်ရွှေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ခြံမြေလုပ်ငန်းနဲ့ ဆက်စပ်တဲ့ လူတချို့ကို စစ်ကောင်စီက ၂၀၂၄၊ ဇွန်လထဲမှာ ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းက မရေရာတဲ့ စီးပွားရေးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းမှာ အိမ်ခြံမြေ ဝယ်ယူမှုက ဆက်ပြီး ရှိနေဦးမယ်လို့ အိမ်ခြံမြေ ရောင်းဝယ်သူတွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG