သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး ဒေသတွင်းသက်ရောက်ဟု ကုလကိုယ်စားလှယ် သတိပေး


မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဒေသတွင်းအတွက်ပါ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်လာနေပြီဆိုတာ သိပ်ကိုထင်ရှားနေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးက ပြောလိုက်ပါတယ်။

ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်အဆုံး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပါမောက္ခ ယန်ဟီးလီက အဲဒီလိုပြောသွားတာပါ။ အဲဒီပြောဆိုချက်တွေထဲက တချို့အချက်တွေကို ကောက်နုတ်ပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအရပ်ရပ်ကို စုံစမ်းလေ့လာပြီး အစီရင်ခံတင်ပြဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီက တာဝန်ပေး ခန့်အပ်ထားတဲ့ ပါမောက္ခယန်ဟီးလီဟာ မြန်မာနိုင်ငံကို ဝင်ခွင့်မရတာ ကြာပြီဖြစ်ပေမယ့် သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို ဆက်လုပ်ဆောင်နေတာပါ။ အဲဒီ လုပ်ငန်းတာဝန် အဆက်အနေနဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဆီ သွားပြီးတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အချက်အလက်တွေ ကို စုဆောင်းရယူတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ကနေ အချက်အလက် အလုံအလောက် ရခဲ့ပြီးတော့ မြန်မာ့လူ့အခွင့်အရေးအခြေအနေရဲ့ ရိုက်ခတ်မှုဟာ နိုင်ငံတွင်းမှာ တင် အဆုံးသတ်သွားတာမဟုတ်ဘဲ ဒေသတွင်းမှာပါ သက်ရောက်နေပြီလို့ ပါမောက္ခယန်ဟီးလီက အထူး သတိပေး ပြောဆိုသွား ပါတယ်။

“မြန်မာ့လူ့အခွင့်အရေးအခြေအနေဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသအတွက် စိုးရိမ်ဖွယ် ဒေသဆိုင်ရာကိစ္စရပ်တွေ ဖန်တီးခဲ့၊ ဖန်တီးနေဆဲရှိတယ်ဆိုတာ ဒီခရီးစဉ်အပြီးမှာ ကျမအတွက် သိပ်ကိုရှင်းသွားပါတယ်။

အဲဒီကိစ္စရပ်တွေထဲမှာ ဥပမာအား ဖြင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံကဒုက္ခသည် ၁ သန်းခွဲနီးပါး ရှိနေတာ၊ မြန်မာ နိုင်ငံကလူတွေကို ဒေသတွင်းတလျှောက်မှာ လူမှောင်ခိုကူးတာနဲ့ ခိုးသွင်းတဲ့ဖြစ်ရပ်တွေ၊ ဒေသတွင်းနဲ့ ဒေသအပြင်မှာ မူးယစ် ဆေးဝါး ကုန်သွယ်ရောင်းဝယ်မှု စတဲ့ကိစ္စရပ်တွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံကနေ သူတို့ဆီမှာဖြစ်လာတဲ့ ဒီ စိုးရိမ်ဖွယ်အကောင်း ဆုံးကိစ္စရပ်တွေဟာ ဒေသတွင်းက နိုင်ငံတွေပေါ်မှာ သိသာထင်ရှားတဲ့သက်ရောက်မှုတွေ ဆက်ပြီးရှိနေတယ်ဆိုတာကို မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မဖြစ်မနေ အသိအမှတ်ပြုကြရမှာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ မြန်မာ့လူ့အခွင့်အရေးကိစ္စကို ဆွေးနွေး ရမယ့်အကြောင်းအရာတခုအဖြစ် အခိုင်အမာထည့်သွင်းသင့်တယ်လို့ ပါမောက္ခယန်ဟီးလီက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေကို ဦးစားပေးကိစ္စရပ်အဖြစ် သတ်မှတ်ဖို့နဲ့ လူ့အခွင့်အရေးကို လေးစားဖို့၊ ကာကွယ်ဖို့နဲ့ အပြည့်အဝ ဖော်ဆောင်ရမယ့် တာဝန်တွေကို မြန်မာအစိုးရအနေနဲ့ လိုက်နာ လုပ်ဆောင်လာအောင် လုပ်ဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ကိုလည်း ပါမောက္ခ ယန်ဟီးလီ က အခိုင်အမာ တိုက်တွန်းသွားပါတယ်။ ထိုင်းနိုင်ငံမှာ သူရောက်နေချိန်အတွင်း မြန်မာအစိုးရဘက်က ဝင်ပြီးနှောင့်ယှက်တာကြောင့် သူ့ခရီးစဉ် တစိတ်တပိုင်းကို ဖျက်ပစ်ခဲ့ ရတယ်လို့ ပါမောက္ခယန်ဟီးလီက ပြောသွားသလို ဒါဟာ သိပ်ကို စိုးရိမ်ဖွယ်ကိစ္စဖြစ်ပြီး ပေါ့ပေါ့လေး သဘောထားလို့ မရဘူးလို့ လည်း ပြောပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်တွေနဲ့ ကုလသမဂ္ဂရဲ့ တခြားလုပ်ဆောင်မှုတွေမှာ ပူးပေါင်းဆောင်ရွက်သူတွေကို ဖိအား ပေး၊ ခြိမ်းခြောက်၊ နှောင့်ယှက်၊ လက်တုံ့ပြန်တာမျိုးတွေကို လက်ခံမှာမဟုတ်သလို သည်းခံနေမှာလည်း မဟုတ်ဘူးဆိုတာ ကိုလည်း ပါမောက္ခယန်ဟီးလီက မြန်မာအစိုးရကို သတိပေးသွားပါသေးတယ်။

ထိုင်းနိုင်ငံ ရောက်နေချိန်အတွင်းမှာပဲ ရခိုင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ AA ကို ထောက်ခံ ပံ့ပိုးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ နိုင်ငံသား ၆ ဦးကို စင်္ကာပူအစိုးရက မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့သတင်း ကြားရတာကြောင့် သိပ်ကို စိုးရိမ်မိတယ်လို့လည်း ပါမောက္ခယန်ဟီးလီက ပြောပါတယ်။

“အဲဒီ ၆ ယောက်ကို မြန်မာနိုင်ငံပြန်ရောက်ချိန်မှာ ဖမ်းဆီးလိုက်ပြီး လက်ရှိအားဖြင့် ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ကျမကိုပြောကြပါတယ်။ ရခိုင်ပြည်နယ်မှာ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ရခိုင်အမျိုးသားတွေကို ထိန်းသိမ်း ထားချိန်အတွင်း သေဆုံးတာတွေ မကြာသေးခင်က ဖြစ်ထားတာကြောင့် သူတို့အခြေအနေအပေါ် ကျမ အရမ်းစိုးရိမ်ပါတယ်။ ဒါ့အပြင် စင်္ကာပူမှာနေထိုင်ကြတဲ့ သူတို့မိသားစုတွေနဲ့ တခြားရခိုင်တွေရဲ့ ကံကြမ္မာအတွက်လည်း ကျမ စိုးရိမ်ပါတယ်။ စင်္ကာပူနိုင်ငံ အနေနဲ့ နှိပ်စက်ညှဉ်းပန်းခံရမယ့် အလားအလာရှိတဲ့နေရာကို လူတွေကို ပြန်မပို့ရဘူးဆိုတဲ့ နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေ အတိုင်း လိုက်နာလုပ်ဆောင်ဖို့ ကျမ တိုက်တွန်းပါတယ်။”

မြန်မာ့လူ့အခွင့်အရေးအခြေအနေ အရပ်ရပ်ထဲက တပ်မတော်နဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေကိစ္စ၊ ရခိုင်ပြည်မှာ အင်တာနက် ဖြတ်တဲ့ကိစ္စ၊ Facebook နဲ့သက်ဆိုင်တဲ့ကိစ္စ၊ Victoria လို့ အမည်ဝှက်ပေးထားတဲ့ ကလေးငယ်လေးဖြစ်ရပ်၊ မြေယာအခွင့်အရေး ဆိုင်ရာ၊ အမျိုးသမီးနဲ့ မိန်းကလေးတွေ လိင်လုပ်ငန်းအတွက် တရုတ်ကို လူမှောင်ခိုကူးခံရတာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတဲ့ အခြေအနေအမျိုးမျိုးနဲ့ ပတ်သက်လို့လည်း ပါမောက္ခယန်ဟီးလီက ထောက်ပြ ပြောဆိုသွားပါတယ်။

အခုခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို အစီရင်ခံစာရေးသားပြီး စက်တင်ဘာလမှာကျင်းပမယ့် လူ့အခွင့်အရေးကောင်စီနဲ့ အောက်တိုဘာလမှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံတို့မှာ ပါမောက္ခယန်ဟီးလီက တင်ပြသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG