သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကျွမ်းကျင်သူတွေ ကော်မရှင်မှာထည့်သွင်းဖို့ CSO အဖွဲ့ တိုက်တွန်း


မြန်မာလူ့အခွင့်အရေး ကော်မရှင်ရုံး
မြန်မာလူ့အခွင့်အရေး ကော်မရှင်ရုံး

လူ့အခွင့်အရေး ကော်မရှင်ကို လူ့အခွင့်အရေး လှုပ်ရှားသူတွေ လူ့အခွင့်အရေး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းဖို့ အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းဖို့ MNHRC Reform Working Group လို့ခေါ်တဲ့ လူ့အခွင့်အရေး ကော်မရှင်ပြင်ဆင်ရေး လူထုအဖွဲ့အစည်းများရဲ့ လုပ်ငန်းအဖွဲ့ကနေ တောင်းဆို လိုက်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရးကော်မရှင်ဖက်ကတော့ ရှိနေတဲ့ လူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြင်ဆင်ဖို့ ကုလအဖွဲ့အစည်းတွေနဲ့ ညှိုနှိုင်းဆောင်ရွက် နေတယ်လို့ ပြောပါတယ်။ မမေခ သတင်းပေးပို့ ထားတာပါ။

လူ့အခွင့်အရေးကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းပြီး၊ နောက်တနေ့မှာပဲ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခုလို တိုက်တွန်းချက် ထွက်ပေါ်လာတာပါ။ လက်ရှိ ရှိနေတဲ့ ကော်မရှင်အဖွဲ့ဝင်တွေဟာလည်း လာမယ့် စက်တင်ဘာလမှာ သက်တမ်းကုန်တော့မို့ အသစ်ရွေးမယ့် ကော်မရှင်နဲ့ ပတ်သက်ပြီး ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာဖို့၊ ကော်မရှင် ဝင်သစ်တွေထဲမှာ နိုင်ငံတကာ လူ့အခွင့်အရေးကို နားလည်တတ်ကျွမ်းသူတွေပါဝင်ဖို့ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူတွေက လိုလားနေတာပါ။

ဒါကြောင့်လည်း လက်ရှိရှိနေတဲ့ ကော်မရှင်ဥပဒေကို ပြင်ဆင်ပြီးအဖွဲ့ဝင် သတ်မှတ်ရွေးချယ်မှု ပြန်လုပ်ဖို့ ညီမျှခြင်း မြန်မာက ဦးအောင်မျိုးမင်းက ပြောပါတယ်။ လူ့အခွင့်အရေး ကော်မရှင် ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အရပ်ဖက်အဖွဲ့အစည်း ၂၄ ဖွဲ့ပါ လုပ်ငန်းအဖွဲ့ထဲမှာ ညီမျှခြင်း မြန်မာအဖွဲ့လည်း အပါအဝင်ပါ။

“ အလွှာစုံမပါတဲ့ ကိစ္စကိုပြန်ကြည့်မယ်ဆိုရင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ ဥပဒေ ပေါ်မူတည်နေတယ်။ ပိုမိုအားကောင်းပြီး အလွှာစုံပါဖို့ အထူးသဖြင့် အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ၊ လူငယ်တွေ ပါဝင်ပြီးတော့ နောက် တတ်ကျွမ်းတဲ့ သူတွေ ပါဝင်နိုင်ဖို့အတွက် ဆိုရင် ဥပဒေကို ပြောင်းဖို့ လိုအပ်ပါ တယ်။ ဥပဒေမှာ ရွေးချယ်တဲ့ ဘုတ်အဖွဲ့ရှိတယ်။ ရွေးချယ်တဲ့ ဘုတ်အဖွဲ့ကနေ ရွေးချယ်တဲ့သူကိုပဲ နိုင်ငံတော် သမ္မတက ခန့်အပ်တာ ရှိတယ်။ အဲရွေးချယ်ရေး အဖွဲ့က ဘယ်လိုလူတွေကို စံနမူနာနဲ့ရွေးလဲဆိုတာ အသိပေးတာမရှိဘူး။ ဘယ်လို စံချိန်နဲ့ ရွေးမှာလည်း ၊ သူတို့တွေက ဘယ်လိုလူမျိုးတွေကို Nominate လုပ်လဲ အဆိုပြုလဲဆိုတာကိုပြည်သူလူထုက ပွင့်လင်းမြင်သာစွာသိမှ ဝိုင်းအကြံပေးလို့ရမယ်။ ဒီဥပဒေမှာ အဲအချက်တွေက အဓိကအနေနဲ့ မပါဘဲ အားနည်းချက်တွေရှိနေတယ်။ ဖွဲ့စည်းပုံပြောင်းလဲမှု ရွေးချယ်မှုပုံစံတွေ ပြောင်းလဲမှုက မဖြစ်မနေ လုပ်ရမှာဖြစ်ပါတယ်။”

တည်ဆဲ ကော်မရှင်ဥပဒေအရ ရွေးချယ်ရေးဘုတ်အဖွဲ့က သမ္မတထံကို ကော်မရှင်အဖွဲ့ဝင်လောင်း ၃၀ဦး အမည်စာရင်း တင်သွင်းရတာပါ။ သမ္မတက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး အဖွဲ့ဝင်ခုနစ်ဦးမှ ဆယ့်ငါးဦးအထိ ရွေးချယ်ကာ ဥက္ကဌ နဲ့ ဒုဥက္ကဌ ရာထူးများကို တာဝန်ပေးခန့်အပ်တာဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ဝင်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး အများဆုံးသက်တမ်းနှစ်ကြိမ် ထမ်းဆောင်နိုင်ပါတယ်။

လက်ရှိမှာ ကော်မရှင်အဖွဲ့ဝင်တွေကိုရွေးချယ်ပေးရတဲ့ ဘုတ်အဖွဲ့က ဘယ်လိုစည်းမျဉ်းတွေနဲ့ ရွေးချယ်သလဲဆိုတာ တိတိကျ ကျမသိရသလို အစိုးရဝန်ကြီးဌာန အများစုက ရွေးချယ်ကြတာမို့ လွတ်လပ်မှု အားနည်းတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့က ဦးအောင်ဇော်ဦးက ဆိုပါတယ်။

“ဥပဒေမှာ ပထမဦးဆုံးအချက်ဖြစ်တဲ့ Selection ဘုတ်ပေါ့ဗျာ ။ အဓိက Selection ဘုတ်မှာ ပါတဲ့ သူတွေက ပြည်ထဲရေးတို့ ၊ ရှေ့နေချုပ်ရုံးတို့ ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့တွေ ပါတယ်။ အဲလိုဟာမျိူးကျတော့ လွတ်လပ်မှုမရှိဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ဆုံးဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အဲဒီအထဲမှာ ပါနေတယ်။ အဲဒါကြောင့်ကျနော်တို့ က Selection ဘုတ်ကို အရင်ပြောင်းစေချင်တယ်။ လူ့အခွင့်အရေးကော်မရှင်ထဲမှာ ပါဝင်မယ့်လူတွေရဲ့ အရည်အချင်းကို သတ်မှတ်တဲ့နေရာမှာ အဓိကတော့ လူ့အခွင့်အရေးနယ်ပယ်ထဲမှာ ကျွမ်းကျွမ်းကျင်ကျင် လုပ်နေသူတွေပါဝင်ရမယ်ဗျာ။ ကျနော်တို့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ဟာမျိုးတွေဖြစ်တဲ့ ဝန်ထမ်းဟောင်းတွေကို ခန့်တာမဟုတ်ပဲနဲ့ လူ့အခွင့်အရေးကို သိတဲ့ အဖွဲ့အစည်းထဲက လူတွေပါလာမယ် အဓိက အဲဒါလေးကို ကျနော်တို့ ဖြစ်စေချင်တာပေါ့လေ။ ဘုတ်တခုတည်းမဟုတ်ပါဘူး ကျနော်ပြောင်းစေချင်တာက ဥပဒေမှာပါတဲ့ စံနှုန်းသတ်မှတ်ချက် တချက်ချင်းကို ပြောင်းဖို့ ကျနော်တို့ လုပ်ထားပြီးပါပြီ။ မကြာချင်မှာ ကျနော်တို့ လွှတ်တော်ကိုသွားပြီး Advocacy လုပ်ဖို့ရှိပါတယ်။”

လက်ရှိတည်ဆဲ ကော်မရှင်မှာပါဝင်နေတဲ့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကတော့ ကော်မရှင်ဘက်က တည်ဆဲ ဥပဒေကိုပြင်ဆင်ဖို့လုပ်နေတယ်လို့ ဆိုပါတယ်။

“ UNDP အကူအညီနဲ့ ဥပဒေပညာရှင် ၂ယောက်ကိုဖိတ်ခေါ်ပြီးတော့ ကျနော်တို့ အလုပ်ရုံ ဆွေးနွေးပွဲတွေလုပ်ပါတယ်။ CSO အဖွဲ့တွေနဲ့လည်း သီးခြားတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်တယ်။ ကျနော်တို့မပါဘဲနဲ့လဲ နိုင်ငံခြားက ဥပဒေပညာရှင် ၂ ယောက်ကCSO တွေနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးကြပါတယ်။ ဥပဒေပြင်ဆင်ရေးပေါ့နော်၊ ဆွေးနွေးပြီး ဥပဒေရဲ့ ဘယ်အချက်တွေပြင်မယ် ဆိုပြီးမှ ဇယားကြီးနဲ့ အဖြေတခုထွက်လာတာပေါ့နော်။ ရှေ့နေချုပ်ဆီ ကျနော်တို့ တင်ပြထားတာရှိပါတယ်။”

အရပ်ဘက်အဖွဲ့အစည်းများ ၂၄ ဖွဲ့က ပူးပေါင်းထုတ်ပြန်တဲ့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို လွတ်လပ်ပြီး အမှီခိုကင်းကင်းနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ နိုင်ငံတကာ ကလက်ခံထားတဲ့ အခြေခံမူများနဲ့ အညီ လူ့အခွင့်အရေးကိစ္စရပ်တွေကို အမှန်တကယ် ကာကွယ်မြှင့်တင်ပေးနိုင်တဲ့ အဖွဲ့ဖြစ်ဖို့နဲ့ ပြည်သူလူထုကိုမျက်နှာမှုနိုင်သော ကော်မရှင် တစ်ရပ်ဖြစ်လာစေဖို့ အတွက် အမြန်ဆုံးပြုပြင်ပြောင်းလဲ ပေးဖို့တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG