သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်ဖြတ်ကျော် အကူအညီများ ခွင့်ပြုဖို့ လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း


ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းအောင်းနေရတဲ့ ဒေသခံအချို့။ (မေ ၂၀၊ ၂၀၂၁)
ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပုန်းအောင်းနေရတဲ့ ဒေသခံအချို့။ (မေ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်တပ်ဟာ မြန်မာပြည်တွင်းမှာ လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူညီတွေကို ရအောင်ဆောင်ရွက်ပေးဖို့ထက် ဒီလိုကူညီနေတဲ့ အဖွဲ့အစည်းတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးတာ လှူဒါန်းတာနဲ့ အကူအညီတွေကို ဖျက်ဆီးတာအပြင် အရပ်သားပိုင်ဆိုင်တဲ့ ရိက္ခာတွေကိုပါ ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုငြိမ်းချမ်း ပြောပြမှာပါ။

အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ ရိက္ခာတွေကို ဖျက်ဆီးတာ၊ နိုင်ငံတကာက လှူဒါန်းလိုက်တဲ့ အစာနဲ့ ဆေးဝါးအကူအညီတွေကို စစ်ဆေးရေးဂိတ်တွေမှာ တားမြစ်တာ၊ ဖျက်ဆီးတာတွေ စတဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာတဲ့အတွက် ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေ အနေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မြန်မာဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော် အကူအညီတွေ အမြန်ဆုံးပေးသင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

“လက်နက်ကိုင်ပဋိပက္ခကြားမှာ အကူအညီတွေကို ပိတ်ဆို့တာ၊ လူသားချင်း စာနာထောက်ထားရေး အဖွဲ့တွေကို ပစ်မှတ်ထားတာဟာ စစ်ရာဇဝတ်မှု မြောက်တယ်။” လို့ Fortify Rights ရဲ့ ဒေသတွင်းဒါရိုက်တာ Ismail Wolff က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သူက ဝေဖန်လိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်တွေအတွက် တာဝန်ခံမှု ရှိလာအောင် ကူညီလုပ်ဆောင်ပေးဖို့ ကုလနဲ့ အာဆီယံနိုင်ငံတွေကို သူက တောင်းဆိုလိုက်တာပါ။

Fortify Rights ရဲ့ အစီရင်ခံစာမှာဆိုရင် ထိုင်း၊ အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အကူအညီလိုနေတဲ့ မြန်မာပြည်သူတွေအတွက် နယ်စပ်ဖြတ်ကျော် အကူအညီတွေကို ခွင့်ပြုပေးဖို့ အဓိက တောင်းဆိုထားတာပါ။

အိန္ဒိယအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ CHRO ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်ကလည်း ဒီတောင်းဆိုချက်ကို ထောက်ခံလိုက်ပါတယ်။

“အခုလိုမျိုး အိန္ဒိယပဲဖြစ်ဖြစ်၊ ထိုင်းပဲဖြစ်ဖြစ် နိုင်ငံတကာပံ့ပိုးမှု ရရှိနိုင်အောင် ရှိတဲ့လမ်းတွေကို ချောမွေ့ပေးနိုင်လို့ရှိရင် (အကူအညီတွေ ဖော်ဆောင်ပေးနိုင်လို့ရှိရင်) ဒုက္ခသည်တွေ၊ IDP တွေအတွက် တကယ့်တကယ် အကျိုးရှိလာမှာ ဖြစ်တယ်။ ဆိုတော့ ကျနော်တို့ CHRO အနေနဲ့ကတော့ နိုင်ငံတကာကလည်း တောင်းဆိုထားသလို အိန္ဒိယအစိုးရနဲ့ ထိုင်းအစိုးရက အလေးအနက် စဉ်းစားပေးဖို့ ကျနော်တို့လည်း တောင်းဆိုချင်ပါတယ်။”

လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို ပြည်သူတွေက လိုအပ်နေချိန်မှာ စစ်ကောင်စီဘက်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သူတို့ရဲ့ တရားဝင်မှုကို ကြိုးပမ်းရယူနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက မြင်ပါတယ်။

“မြန်မာပြည်မှာ အခုလက်ရှိ ဖြစ်နေတဲ့ Humanitarian Crisis ပေါ့နော်၊ လူသားချင်းစာနာတဲ့ အထောက်အထား၊ အထောက်အပံ့တွေကို ပေးဖို့အတွက်ဆိုရင် သူတို့နဲ့ ညှိဖို့ပေါ့နော်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရတွေကနေ သူတို့ကို အသိအမှတ် ပြုပေးပြီးတော့ သူတို့က အသိအမှတ်ပြု ခံရပြီးတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီခွင့်ရမယ်ဆိုတဲ့ ပုံစံမျိုးကို မဖြစ်စေချင်ပါဘူး။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အသုံးချပြီးတော့ တရားဝင် အသိအမှတ်ပြု ခံရမှုကိုပေါ့နော်။ အဲဒီလိုမျိုး အသိအမှတ်ပြုဖို့ဆိုရင် ဘာလိုလာပြီလဲဆိုရင် အိမ်နီးနားချင်း မိတ်ဆွေကောင်းတွေ လိုလာပြီပေါ့နော်။ သူတို့ကနေပြီးတော့ သူတို့နယ်စပ်ဖြတ်ကျော်ပြီးတော့ အကူအညီပေးမယ်ဆိုရင် ပေးလို့ရတယ်ဆိုတဲ့ အနေအထားမျိုး ရှိတဲ့အတွက်ကြောင့် ဒါ တောင်းဆိုတယ်လို့ ကျနော်ကတော့ အဲလိုယူဆတယ်။”

Fortify Rights အဖွဲ့မှာ တာဝန်ယူခဲ့ဖူးတဲ့ မြန်မာ့လူ့အခွင့်အရေး ကျွမ်းကျင်သူ Nickey Diamond ပြောသွားတာပါ။

စစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင်တွေကြား တိုက်ပွဲတွေကြောင့် အခုနှစ် မေလကတည်းက နေရပ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ချင်းပြည်နယ်ထဲမှာ ၃၇,၀၀၀ ဝန်းကျင်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ ၁၉,၀၀၀ ကျော်ရှိပြီး ကယားပြည်နယ်မှာတော့ ၁၀၀,၀၀၀ ကျော် ရှိနေတာပါ။

ရှမ်းပြည်နယ် မြို့နယ် ၁၇ ခုက လူပေါင်း ၄၆,၇၄၀ ဟာလည်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ရတယ်လို့ ကုလ လူသားချင်းစာနာထောက်ထားရေးအဖွဲ့ (OCHA) ကလည်း ဒီနေ့ ထုတ်ပြန်ထားပါတယ်။ အခုနှစ်ထဲမှာ ပေါက်ကွဲခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ကလေး ၅၀ ကျော် အပါအဝင် အရပ်သား ၁၅၀ ကျော် သေကျေ ဒဏ်ရာရရှိခဲ့တာပါ။ ဒီပေါက်ကွဲမှုတွေဟာ ရှမ်းပြည်နယ်မှာ အများဆုံးဖြစ်တယ်လို့ OCHA က စာရင်းပြုစုထားပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ နေရပ်ကို စွန့်ခွာခဲ့သူဟာ နိုဝင်ဘာလ ၁ ရက် စာရင်းအရဆိုရင် စုစုပေါင်း ၂၂၃,၃၀၀ ရှိတယ်လို့ OCHA က ဆိုပါတယ်။

အိန္ဒိယဘက်ကို တိမ်းရှောင်သွားတဲ့ မြန်မာနိုင်ငံသားက ၃၀,၀၀၀ ကျော်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ ထိုင်းနယ်စပ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် အရေအတွက်ကလည်း တိုးလာနေပါတယ်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ နေရပ်စွန်ခွာတဲ့သူ များလာပြီး လူသားချင်းစာနာမှု အခြေအနေတွေက တဖြည်းဖြည်း ဆိုးရွားလာကြောင်း ရန်ပုံငွေနည်းပါးမှု၊ သွားလာခွင့် ကန့်သတ်မှုတွေကြောင့် ထိခိုက်လွယ်တဲ့ မိသားစုတွေဆီကို အကူအညီတွေ ရောက်သင့်သလောက် မရောက်ကြောင်း OCHA ရဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Martin Griffiths က တနင်္လာနေ့မှာ ပြောခဲ့တာပါ။

-----------------------

(Unicode)
















XS
SM
MD
LG