သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး နိုင်ငံတကာ ဝိုင်းဝန်းဖြေရှင်းဖို့ အတွင်းရေးမှူးချုပ် တိုက်တွန်း


(Zawgyi / Unicode)

လူနည်းစုတွေ ပစ်မှတ်ထားခံနေရပြီး ရက်စက်ကြမ်းကြုတ်မှုတွေ၊ အဓမ္မ မောင်းထုတ်ခံရမှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပြီး ကမ ္ဘာတလွှား ကြုံတွေ့နေရတဲ့ အဖြစ်ဆိုးတွေကို နိုင်ငံတွေ ညီညွတ်မှုနဲ့ ဖြေရှင်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

တချိန်တည်းမှာဘဲ မြန်မာ စစ်ကောင်စီ အနေနဲ့ အာဆီယံနဲ့ အနှစ်သာရ ရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးကလည်း တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ တွန်းအားပေး ဆောင်ရွက်မှုတွေက မြန်မာ့နိုင်ငံရေး အကြပ်အတည်း ဖြေရှင်းရေးမှာ အထောက်အကူ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အင်္ဂါနေ့က ကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူများ ဆွေးနွေးပွဲ အတွင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres မြန်မာနိုင်ငံ အခြေအနေကိုလည်း ထောက်ပြခဲ့ပါတယ်။ ဆူဒန်၊ မာလီနဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ စစ်အာဏာသိမ်းမှုတွေ ဖြစ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေး တည်ဆောက် ထိန်းသိမ်းထားနိုင်ရေး အတွက် အားစိုက် ကြိုးပမ်းကြဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

“ လူနည်းစုတွေ ပစ်မှတ်ထားခံနေရပြီး ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အတင်းအဓမ္မ မောင်းထုတ်ခံရတဲ့ မြန်မာနိုင်ငံ၊ ကျနော်တို့ မျက်စိ ရှေ့မှောက်မှာဘဲ ထွက်ပေါ်လာတဲ့ လူတွေ ဖန်တီတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ ပဋိပက္ခကြီး ဖြစ်နေတဲ့ အီသီယိုးပီးယားနိုင်ငံ၊ ဒါတွေ အပြင် တခြားသော အဖြစ်ဆိုးတွေဟာ Covid-19 နဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အရေးပေါ် အခြေအနေတွေကြောင့် ပိုပြီး ဆိုးရွားသွားစေပါတယ်။ ”

ငြိမ်းချမ်းရေး အတွက် အရေးကြီးဆုံး အချိန် ဖြစ်နေပြီလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုပြီး နိုင်ငံတွေ အားလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ဖို့လည်း တိုက်တွန်းသွားပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ အဆိုပြုချက်မှာ ပဋိပက္ခ တားဆီး ကာကွယ်ရေးကို အဓိက ထည့်သွင်းထားတာ ဖြစ်ကြောင်း၊ အကြမ်းဖက် ပဋိပက္ခတွေရဲ့ အရင်းအမြစ်တွေကို ဖြေရှင်းနိုင်ဖို့ အတွက် ကမ ္ဘာ့ အသိုင်းအဝိုင်းက စည်းလုံးညီညွတ်စွာ တစိတ်တဝမ်းတည်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

လက်ရှိ ပေါ်ပေါက်နေတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေဟာ ဆိုရင် လုံခြုံရေး ကောင်စီ အနေနဲ့ ပဋိပက္ခရဲ့ အရင်းခံ အကြောင်းရင်းကို ထိထိရောက်ရောက် မဖြေရှင်းတာကို ပြသနေတာ ဖြစ်တယ်လို့လည်း လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ ဥက္ကဌ ကုလသမဂ္ဂ ဆိုင်ရာ မက္ကဆီကို သံအမတ်ကြီး Juan Ramon de la Fuente က အစည်းအဝေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။ မြန်မာ့ အရေး သုံးသပ်သူ ဒေါက်တာ တင့်ဆွေကလည်း ကုလသမဂ္ဂရဲ့ မြန်မာ့ အရေး ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ ကုလသမဂ္ဂက မြန်မာနိုင်ငံ အတွက် ဆောင်ရွက်တာတွေဟာ ပြည်သူ လူထုက မျှော်လင့်ထားသလောက်၊ အားကိုးထားသလောက် မဖြစ်ခဲ့တာကတော့ အမှန်ပါဘဲခင်ဗျ။ ”

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေက အရင် စစ်အစိုးရ လက်ထက် ကာလနဲ့ အခု စစ်အာဏာသိမ်း ကာလတွေမှာ ကုလသမဂ္ဂဘက်က ဆောင်ရွက်မှုတွေကို နှိုင်းယှဉ်ပြောပြပါတယ်။

“ ကျနော်တို့ ဆောင်ရွက်ခဲ့တဲ့ ကာလနဲ့ အခု ဖြစ်နေတဲ့ ကာလ ထူးခြားတဲ့ ပြောင်းလဲမှုတွေတော့ ရှိတယ် ခင်ဗျ။ နိုင်ငံတကာ စင်မြင့်မှာ အခု အာဏာသိမ်းတဲ့ စစ်ကောင်စီဟာ တခုပြီး တခု အနုတ်သဘော၊ ကျဆုံးမှု သဘောတွေ ဖြစ်နေပါတယ်။ ”

စစ်အာဏာသိမ်းမှုကို ကုလသမဂ္ဂမှာ အတိအလင်း ကန့်ကွက်ထားတဲ့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို စစ်ကောင်စီက အစားထိုး ခန့်အပ်ရေးကလည်း အခုအချိန်ထိ မအောင်မြင်သလို မကြာခင်က ကျင်းပခဲ့တဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးမှာလည်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ခွင့်မပေးခဲ့ပါဘူး။ နိုင်ငံရေး အရ ကန့်သတ်မှု မျိုးစုံ ကြုံနေရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၁ ရက်နေ့ မိန့်ခွန်းမှာ အသိအမှတ်ပြု ပြောပါတယ်။

“ ကျနော်တို့ အပေါ်မှာလည်း နိုင်ငံရေး အရပေါ့ဗျာ ဝေဖန်မှုတွေ မျိုးစုံ၊ ကန့်သတ်မှုတွေ မျိုးစုံ ကြုံနေရတဲ့ ကာလ ဖြစ်ပါတယ်။ ”

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ် ပြန်ရောက်စေရေး စစ်တပ်ဘက်က ဆောင်ရွက်ဖို့ တစိုက်မတ်မတ် တောင်းဆိုနေတာ ဖြစ်ပါတယ်။ အင်္ဂါနေ့က အာဆီယံ- သြစတြေးလျ ဆွေးနွေးပွဲ အတွင်းမှာလည်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Marise Payne က စစ်ကောင်စီ အနေနဲ့ အရပ်သားတွေကို ပစ်ခတ်နေတာတွေ ရပ်ဆိုင်းပြီး တွေ့ဆုံ ဆွေးနွေးမှုကို သွားဖို့ ထပ်ပြီး တောင်းဆိုသွားပါတယ်။ စစ်ကောင်စီ အနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရေးမှာ တိုးတက်မှုတွေ ရှိလာဖို့ အာဆီယံနဲ့ အနှစ်သာရ ရှိရှိ ပူးပေါင်းဆောင်ရွက်ပါလို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းသွားတာပါ။

စစ်ကောင်စီဘက်ကတော့ အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ကို နိုင်ငံတွင်း လာရောက်ပြီး သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ရေး ခွင့်မပြုသေးပါဘူး။ ဒါပေမယ့် စစ်ကောင်စီဘက်က ခွင့်ပြုချက်ရရေး ဆက်လက် ကြိုးစားနေကြောင်း အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Erywan Yusof က တနလာၤနေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်ပြသွားပါတယ်။ မြန်မာ စစ်ကောင်စီဘက်ကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို စစ်ကောင်စီဘက်က မလိုက်လျောနိုင်တဲ့ အခြေအနေဟာ ဆိုရင် အာဆီယံရဲ့တွန်းအားဟာ လက်တွေ့ကျတဲ့ အနေအထားလို့ မြန်မာ့ အရေး သုံးသပ်သူ ဒေါက်တာ တင့်ဆွေက ယူဆပါတယ်။

“ အာဆီယံရဲ့ လက်ရှိ ဆောင်ရွက်နေမှုနဲ့ ရပ်တည်ချက်ဟာ ဗမာနိုင်ငံ ပြဿနာ ဖြေရှင်းရေးမှာ စစ်မှန်တဲ့ နည်းလမ်း ဖြစ်တယ်ဆိုတာကို ထပ်လောင်း ပြသနေတဲ့ အချက်လို့ ကျနော် မြင်ပါတယ်။ ”

မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson ကတော့ စစ်ကောင်စီဟာ လူသားစာနာမှု အကူအညီပိုင်းဆိုင်ရာမှာ ကမ ္ဘာကြီးနဲ့ လက်တွဲ လုပ်ဆောင်ဖို့ လမ်းဖွင့်ထားသလို အဲဒီထက် ပိုနိုင်တယ်လို့ ယုံကြည်တဲ့ အကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)

















XS
SM
MD
LG