သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်ကြောင်း သက်သေခိုင်လုံသူတွေကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ရုံး ဆောင်ရွက်မည်


ICC တရားရုံး
ICC တရားရုံး

(Zawgyi/Unicode)

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေမှာ ပြစ်မှုကျူးလွန်ကြောင်း သက်သေအခိုင်အလုံတင်ပြနိုင်မယ်ဆိုရင်၊ ကျူးလွန်သူတွေကို နောက်ပိုင်းမှာ ဖမ်းဝရမ်း ထုတ်ပြန်မှာဖြစ်ကြောင်း ICC ရှေ့နေချုပ်ရုံးက ဗွီအိုအေကို တနင်္လာနေ့က တုံ့ပြန်တဲ့ အီးမေးလ်မှာ ဖေါ်ပြထားပါတယ်။

မြန်မာစစ်သားနှစ်ဦး နယ်သာလန်နိုင်ငံ the Hague ကိုရောက်ရှိနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို ဗွီအိုအေက တိုက်ရိုက်ဆက်သွယ်မေးမြန်းရာမှာ ဘယ်အမှုမျိုးမဆို စုံစမ်းနေဆဲကာလဖြစ်တဲ့အတွက်လျှို့ဝှက်ထိန်းသိမ်းဖို့ အရေးကြီးကြောင်း ပြန်ကြား ခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က တပ်မတော်နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့ဖျက်စီးတာ၊ အတင်းအဓမ္မပြုကျင့်တာ စတဲ့ ပြစ်မှုတွေကျူးလွန်ခဲ့ကြောင်း ဗွီဒီယိုနဲ့ ဝန်ခံပြောကြားထားတဲ့မြန်မာစစ်သားနှစ်ဦး ဟာ ICC ခုံရုံးအခြေစိုက်တဲ့ the Hague ကို ရောက်ရှိနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ICC ရှေ့နေချုပ်ရုံးကို ဗွီအိုအေက တိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့တာပါ။

စက်တာဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ အီးမေးလ်ကနေ တုံ့ပြန်ခဲ့တဲ့ စာမှာတော့ မြန်မာစစ်သားနှစ်ဦးကိစ္စ တိုက်ရိုက်ဖြေဆိုထားခြင်းမရှိပဲ အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။

” ICC ရှေ့နေချုပ်ရုံးအတွက်မည်သည့် စုံစမ်းစစ်ဆေးမှုမျိုးမဆို ထိန်းသိမ်းလျှို့ဝှက်ထားဖို့ ဆိုတဲ့ အချက်ဟာ အလွန် အရေးကြီးတဲ့ ကိစ္စရပ်တခုဖြစ်ပါတယ်။ အဲဒီအချက်ကို စောင့်စည်းလိုက်နာခြင်းမရှိဘူးဆိုရင် ICC ရှေ့နေချုပ်ရုံး အနေနဲ့ သူရဲ့အလုပ်တာဝန်ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေ ဒါမှမဟုတ်သတင်းထုတ်ပြန်ချက်တွေ အပေါ်မှာ ICC ရှေ့နေချုပ်ရုံးအနေနဲ့ လူသိရှင်ကြား မှတ်ချက်ပေးတာမျိုးမရှိပါဘူး။ ဒါ့အပြင် ရှေ့နေချုပ်ရုံးရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်လို့လည်း ဆွေးနွေးတာမျိုးလည်း မရှိပါဘူး။”

အခုလို စုံစမ်းစစ်ဆေးမှုတွေမှာ သိက္ခာသမာဓိရှိရေး ကာကွယ်ဖို့ လိုအပ်ချက်တင်မက ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ၊မျက်မြင်သက်သေတွေနဲ့အတူ ရှေ့နေချုပ်ရုံးရဲ့ ဝန်ထမ်းတွေအတွက် လုံခြုံမှု ရှိစေဖို့ မရှိမဖြစ်လိုအပ်တယ်လို့လည်း ရေးသားထားပါတယ်။

လက်ရှိ ICC ခုံရုံးကနေ မြန်မာကိစ္စ စုံစမ်းစစ်ဆေးနေတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ အခုလို တုံ့ပြန်ထားပါတယ်။

"ဘင်္ဂလားဒေ့ရှ်ကို မောင်းထုတ်ခံရတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ သူတို့ ဘယ်လိုတွေ့ကြုံတွေ့ခဲ့ရလဲ၊ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာနဲ့ပတ်သက်လို့ အမှန်တရားထုတ်ဖေါ်ဖို့ ICC စုံစမ်းစစ်ဆေးရေးမှူးတွေက ကြိုးပမ်းရာမှာ သူတို့ စုဆောင်းထားတဲ့ အထောက်အထားတွေကို ဂရုတစိုက် ပြန်လည်သုံးသပ်နေပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ်ချိန် တကယ်လို့ သက်သေ အချက်အလက်ဟာ လိုအပ်တဲ့ ဥပဒေတွေနဲ့ကိုက်ညီမှုရှိမယ်ဆိုရင် ရက်စက်ပြင်းထန်လှတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း အထောက်အထားခိုင်လုံသူတွေကို ဖမ်းဝရမ်းအမိန့်ထုတ်ပြန်ဖို့ICC တရားသူကြီးတွေကို ရှေ့နေချုပ်ရုံးက လျှောက်ထားမှာ ဖြစ်ပါတယ်။"

အခုလို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ မြန်မာစစ်တပ်က တာဝန်ရှိသူတွေကို ဖမ်းဝရမ်း နောက်ပိုင်းမှာ ထုတ်ပြန်လာမယ်ဆိုရင် ဘယ်လိုရိုက်ခတ်မှုတွေရှိမလဲလို့ နယူးရောက်အခြေစိုက် Global Justice Center ဥက္ကဌ Akila Radhakrishnan ကိုမေးကြည့်တော့

"ဒါက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှ ထိရောက်မယ်လို့ မြင်ပါတယ်။ ICC ဖမ်းဝရမ်းမှာ ပါလာမယ့် သူတွေရဲ့အမည်စာရင်းတွေ အတိုင်း ဖမ်းဆီးတာ၊ ICC ခုံရုံးကိုလွှဲပြောင်းတာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း မြန်မာအစိုးရကICC နဲ့ပူးပေါင်းဖို့ အစီအစဉ်မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောခဲ့တာပါ။ အဲတော့ တစုံတရာပြောင်းလဲမှု မရှိဘူးဆိုရင်တော့ မြန်မာအစိုးရကိုယ်တိုင်က ဘယ်သူ့ကိုမှ လွှဲပြောင်းပေးမှာ မဟုတ်ပါဘူး။"

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုတဲ့ မြန်မာအစိုးရက ICC နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပြီသားဖြစ်ပါတယ်။

ICC ရှေ့နေချုပ်ရုံးက ဗွီအိုအေ ကို အီးမေလ်ကနေ တုံ့ပြန်ထားတဲ့ စာမှာတော့ စုံစမ်းစစ်ဆေးမှုတွေနဲ့ စပ်လျဉ်းပြီး သိသာထင်ရှားတဲ့ တိုးတက်မှုတွေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေပြုလုပ်တဲ့အခါတိုင်း ICC ရှေ့နေချုပ်ရုံးအနေနဲ့ အများပြည်သူ သိအောင် ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာဘက်ကနေ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက် အတင်းအကြပ် မောင်းထုတ်ခဲ့မှုနဲ့ ပတ်သက်လို့ ICC ရှေ့နေချုပ် Fatou Bensouda ရုံးကနေ ICC တရားသူကြီးတွေရဲ့ ခွင့်ပြုချက်အရ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာစုံစမ်းစစ်ဆေးမှုတွေကို စတင်ခဲ့တာပါ။

လက်ရှိ ICC ရှေ့နေချုပ်ရုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေထဲမှာ ၂၀၁၀ပြည့်နှစ် ဇွန်လ ၁ ရက်နေ့က စပြီး အဲဒီ နောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တွေလည်း ပါဝင်နိုင်ဖို့ရှိတယ်လို့ ဗွီအိုအေ ကို အီးမေးလ်ကနေ တုံ့ပြန်ထားတဲ့ စာမှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် သူတို့ စုံစမ်းစစ်ဆေးမှုတွေမှာ အဓိက အာရုံစိုက်မယ့် အပိုင်း ၂ ပိုင်းရှိနေပြီး အဲဒါတွေကတော့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု နှစ်ခုအတွင်း အနည်းဆုံးရိုဟင်ဂျာ ၇ သိန်းလောက်ကို မြန်မာကနေ ဘင်္ဂလားဒေ့ရှ်ဘက် မောင်းထုတ်ခဲ့တဲ့စွပ်စွဲချက်ပဲ ဖြစ်ကြောင်း ရေးသားထားပါတယ်။

ဒီအတောအတွင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ တပ်မတော်ဘက်က ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ၂၀၂၀ပြည်နှစ် မကုန်ခင်မှာ စစ်တရားရုံးနဲ့ကိုင်တွယ် စစ်ဆေးဖို့ရှိကြောင်း ဖေါ်ပြထားပါတယ်။

၂၀၁၇ ခုနှစ်ကရခိုင်ပြည်နယ် ချွတ်ပြင်၊ မောင်နု၊ တောင်ဘဇာရွာတွေ မှာ မြန်မာတပ်မတော်က ကျူးလွန်မှုတွေရှိခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တွေကိုသူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တဲ့ နောက်ဆက်တွဲအနေနဲ့ အခုလို စစ်တရားရုံးနဲ့ စီရင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်သူတွေ ဘယ်လို ကျူးလွန်ခဲ့သလဲ၊ ဘယ်သူတွေကို အရေးယူ ခုံရုံးတင်စစ်ဆေးမှာလည်းစတဲ့ အချက်အလက် အသေးစိတ်ကိုတော့ အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားခြင်းမရှိပါဘူး။


..............


(Unicode)



















XS
SM
MD
LG