သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကားရောက်မြန်မာတို့ရဲ့ အမိမြေအတွက် ကိုဗစ်အလှူ


ဓါတ်ပုံ- Help Myanmar From Natural Disaster
ဓါတ်ပုံ- Help Myanmar From Natural Disaster

(Zawgyi/Unicode)

မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး ရန်ပုံငွေတွေကို နိုင်ငံတကာရောက် မြန်မာတွေ ကူညီပေးပို့နေကြရာမှာ၊ အမေရိကန်ပြည်ထောင်စုမှာလည်း မြန်မာလူငယ်တွေနဲ့ သံဃာတော်တွေ ဦးစီးပြီး ရန်ပုံငွေ ကောက်ခံ စုဆောင်းမှုတွေ လုပ်နေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ကိုဗစ်၁၉ ကူးစက်မြန်ကပ်ရောဂါ လူတသိန်းသုံးသောင်းကျော်ထိ ကူးစက်ခံနေရတဲ့ မြန်မာနိုင်ငံအတွက် ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ဝယ်ယူနိုင်ဖို့ အလှူငွေတွေကို အမေရိကန်ပြည်ထောင်စုရောက် အမေရိကန်-မြန်မာတွေက ဝိုင်းဝန်းကူညီ လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ်က ရဟန်းသံဃာတော်တွေကိုယ်တိုင် ဦးစီးဦးဆောင်ပြု ကိုယ်တိုင်အလှူငွေ ထည့်ဝင်မတည်ခဲ့ကြပြီး ကိုဗစ် ၁၉ ကာကွယ်ဆေးအလှူ မြန်မာပြည်အတွက် ပေးပို့လှူဒါန်းနိုင်အောင် ဆောင်ရွက်နေတဲ့အကြောင်း ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ မင်္ဂလာရာမကျောင်းက ဆရာတော်အရှင်ခေမိန္ဒက အခုလိုမိန့်ပါတယ်။

"ဘုန်းဘုန်းတို့ ကာကွယ်ဆေးအလှူငွေ ကောက်ခံဖြစ်တဲ့အကြောင်းကတော့- မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေပြီးတော့ နိုင်ငံတော်အစိုးရကဒီလောက် ဒီလောက်ဘတ်ဂျက် ထည့်ဝင်ထားပါတယ် တိုင်းသူပြည်သားတွေအနေနဲ့လည်း ပြည်တွင်း ပြည်ပအားလုံး လှူဒါန်းနိုင်တယ်ဆိုပြီးတော့ နိုင်ငံတော်အစိုးရကနေ တရားဝင်ကြေညာချက်လေးထုတ်တာတွေ့တော့ ဘုန်းဘုန်းတို့ကလည်း စဉ်းစားမိတယ် ဘုန်းဘုန်းတို့တွေသည် အမေရိကန်မှာနေတဲ့ ဘုန်းကြီးတွေဖြစ်တဲ့အတွက် ဒီနိုင်ငံကတော့ တချိန်ကျလို့ရှိရင် အနှေးနဲ့အမြန်ပဲ ကာကွယ်ဆေးက ထိုးခွင့်ရကြမှာ။ ဘုန်းဘုန်းတို့ထိုးခွင့်ကြရသလို ဘုန်းဘုန်းတို့နိုင်ငံသားတွေ လည်း ရကြပါစေဆိုတဲ့ အဲ့ဒီ့ကိုယ်ချင်းစာတဲ့ စိတ်ကလေးတခုတည်းနဲ့ အဲ့တာလေး အတွေးပေါက်ပြီး ဘုန်းဘုန်းတို့ သံဃာတော်တွေ တိုင်ပင်ပြီးတဲ့အခါကျ- အမေရိကန်အရှေ့ပိုင်းမှာ ရှိတဲ့ ဗာဂျီးနီးယားရယ်- မေရီလန်းမှာရှိတဲ့ သံဃာတော်တွေ တိုင်ပင်ပြီးတော့ တပည့်တော်တို့တတွေ ကိုယ်တိုင်ဦးဆောင်ထည့်ဝင်ပြီးတော့ အလှူငွေတွေ ကောက်ခံပြီးတော့ လှူဒါန်းပေးကြရင် ကောင်းမယ်ဘုရားဆိုပြီး တိုင်ပင်ပြီးတော့ ကိုဗစ်`၁၉ ကာကွယ်ဆေးအတွက် ကောက်ခံဖြစ်သွားတာပေါ့လေ။ ကြေညာပြီး ဆက်သွယ်လှူဒါန်းဖို့ ဘုန်းဘုန်းတို့ ဆက်သွယ်လှူဒါန်းရမှာတွေ ထည့်ပေးလိုက်တဲ့ ၂နာရီ ၃နာရီအတွင်းမှာကို အလှူငွေ လေးငါးထောင် တက်လာတယ်။ နယူးယောက်တို့ တခြားပြည်နယ်က မြောက်ကယ်ရိုလိုင်းနားက သံဃာတော်တွေလည်း ထည့်ဝင်လာကြတယ်။ အဲ့နောက်ကလည်း လူတွေကလည်း ချက်ခြင်းကို အားတက်သရော လိုက်လာကြတယ်။ သုံးရက်လေးရက်အတွင်းမှာကို အလှူငွေက ဒေါ်လာတသောင်းကျော်သွားပါတယ်။ ဒီမှာရောက်နေကြတဲ့ မြန်မာCommunity ကလည်း တော်တော်ကို သဒ္ဓါတရားကောင်းကြတယ်။ တော်တော်ကို ကိုယ်ချင်းစာစိတ်လေးတွေနဲ့ ဝိုင်းလှူပေးကြတာပေါ့လေ။ အင်မတန်ကို ဝမ်းသာရပါတယ်။"

ရန်ပုံငွေကောက်ခံရာမှာ ငွေသားသက်သက်အလှုခံတာရှိသလို၊ လူငယ်တွေစုပြီး လုပ်အားဒါနနဲ့ အစားအသောက်တွေ ကိုယ်တိုင်ချက်ပြုတ်ရောင်းချ အလှုငွေရှာတာလည်းရှိပါတယ်။ Help Myanmar From Natural Disaster ဆိုတဲ့ မြန်မာပြည်အတွက် အကူအညီပေး လှူဒါန်းနေတဲ့ အဖွဲ့အနေနဲ့ ဆေးအလှုငွေကောက်ခံနေပုံကို ကိုယ်တိုင်ဦးဆောင်လုပ်အားဒါနပြုခဲ့တဲ့ ကိုထိုက်က အခုလိုရှင်းပြပါတယ်။

" ဆရာတော်တွေက COVID Vaccine အတွက် မြန်မာပြည်ကိုလှူဖို့အတွက် အလှူခံနေတယ်ဆိုတော့ ကျနော်တို့တွေကနေပြီးတော့ အဲ့တာဆိုရင် လူငယ်တွေက ကိုယ့်ဘာသာကိုယ် ပိုက်ဆံစုပြီးတော့မှ တယောက် ဘယ်လောက်လှူမယ်ဆိုပြီး လှူမလား ဒါမှမဟုတ် ဈေးရောင်းပွဲလိုမျိုး တခုခုလုပ်ပြီးတော့လှူမလားဆိုပြီး ရတဲ့နည်းနဲ့ရှာပြီးတော့ လှူမယ်ဆိုရင် ပိုပြီးထိထိရောက်ရောက်ဖြစ်မယ်ဆိုပြီး တိုင်ပင်လိုက်ကြပြီးတော့ ဈေးရောင်းတာကိုfree Delivery အရောက်ပို့တဲ့ပုံစံ လုပ်ပြီးတော့ တိုင်ပင်ပြီးတော့ လုပ်ဖြစ်ခဲ့တာပါ။ မျှော်မှန်းထားတာကိုပိုရပါတယ်။ ဝါရှင်တန်ဒီစီရယ် မေရီလန်းရယ် ဗာဂျီးနီးယားရယ်DMV ဧရိယာကသူတွေ မှာလို့ရပါတယ် မှာတဲ့သူတွေ ပို့ပေးပါမယ်ဆိုပြီး ကြေညာလိုက်တော့ မြန်မာအသိုင်းအဝိုင်းက မှာတဲ့အပြင် ရန်ပုံငွေတွေပါ သက်သပ်ထည့်ပြီးပံ့ပိုးပေးကြပါတယ်။အခုနောက်ဆုံးပိတ်စာရင်းအရ စုစုပေါင်းအလှူငွေ တစ်သောင်းသုံးထောင်ရသွားပါပြီ။ အဲ့ဒီ့အလှူငွေတွေကို မြန်မာပြည် ကိုဗစ်၁၉ ကာကွယ်ဆေးအတွက် ဆရာတော်တွေ အလှူငွေကောက်နေတာတွေရှိပါတယ်။ ကျနော်တို့က အဲ့ဒီံအထဲကို သွားပြီးတော့မှContribute လုပ်မှာပါ။ အဲ့ကနေတဆင့် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေတဲ့ COVID Vaccine အလှူအတွက် သွားမှာဖြစ်ပါတယ်။"

ကိုဗစ် ၁၉ ကာကွယ်ဆေးအလှုငွေတွေက မျှော်မှန်းထားတာထက်အလှူရှင်တွေဘက်က ပိုပြီး ဝိုင်းဝန်းလှူဒါန်းကြတဲ့အတွက် အားရကျေနပ်မိတယ်လို့ ကိုထိုက်က ဆက် ပြောပြပါတယ်။

" ကျနော်တို့က ဒီမှာ ကိုဗစ်ကာလလည်းဖြစ်နေတော့ လူစုလူဝေးလည်းလုပ်လို့မရတော့ ဒီမှာရှိတဲ့အမာခံ ၁၀ယောက် ၁၄ယောက် ကျော်ကျော်လောက်နဲ့ လူစုခွဲပြီး ချက်တဲ့ပြုတ်တဲ့ကိစ္စတွေ Delivery ပို့ဖို့ Route ဆွဲတဲ့ကိစ္စတွေအဖွဲ့တွေခွဲလိုက်တယ်ခင်ဗျ။နေရာတခုစီကနေ ဖြစ်အောင် ဖန်တီးကြတာပေါ့။ချက်တဲ့ပြုတ်တဲ့ကဏ္ဍတွေ ဈေးဝယ်တဲ့ကဏ္ဍတွေ တာဝန်ခွဲယူြ့ပီးချက်ပြုတ်ချိန်မှာလည်း မိဘလိုခင်ရတဲ့ မြန်မာမိသားစုက ဝိုင်းကူညီကြတယ်။ နောက် Delivery ပို့ဖို့ဗော်လံတီယာတွေကိုလည်း အွန်လိုင်းကနေ အကူအညီတောင်းလိုက်တော့ အရင်တုန်းက မပါခဲ့ဘူးတဲ့လူငယ်တွေပါ ရောက်လာပြီး ကားစုစုပေါင်း ၁၂စီးလောက်ရသွားပြီးတော့ ဗော်လံတီယာကား၁၂စီးနဲ့ ခွဲပို့လိုက်ကြပါတယ်။ မြန်မာပြည်အတွက် တခုခုလုပ်မယ်လို့ ကြေညာလိုက်တိုင်းမှာ လူငယ်တွေအကုန်လုံးက အားကြိုးမာန်တက်ပါဝင်ကြပါတယ်ခင်ဗျ။"

ကောက်ခံရရှိတဲ့ အလှူငွေတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ Corona Disease ၂၀၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို လှူဒါန်းကြမယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)










XS
SM
MD
LG