သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမအသုတ် မြန်မာလုပ်သား တထောင်ကျော် သြဂုတ်လဆန်း ဂျပန်ကို စေလွှတ်မည်


ဂျပန် လူဝင်မှုကြီးကြပ်ရေးဌာန
ဂျပန် လူဝင်မှုကြီးကြပ်ရေးဌာန

ဂျပန်နိုင်ငံမှာ နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားဗီဇာနဲ့ သွားရောက် အလုပ်လုပ်ကြမယ့် မြန်မာနိုင်ငံက အလုပ်သမား ၁ဝဝဝ ကျော်ကို လာမယ့် သြဂုတ်လကစလို့ ပထမအသုတ်အဖြစ် တရားဝင် စေလွှတ်သွားဖို့ ရှိပါတယ်။

ဂျပန်နိုင်ငံဘက်က One Heart Human Resources Union နဲ့ မြန်မာအစိုးရအသိအမှတ်ပြု ပြည်ပအလုပ်အကိုင် ရှာဖွေပေးရေးအေဂျင်စီ ၅ ခုတို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ- MoU လက်မှတ်ထိုးပွဲကို ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ မေလ ၂၉ ရက်နေ့က ကျင်းပခဲ့တာပါ။

ဂျပန်နိုင်ငံကို အခုလိုသွားရောက်ကြမယ့် မြန်မာလုပ်သားတွေဟာ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ လုပ်ကိုင်ရ မှာဖြစ်တယ်လို့ One Heart Human Resources Union တာဝန်ရှိသူတွေရဲ့ပြောကြားချက်ကို သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

မြန်မာနိုင်ငံသားတွေ ဂျပန်မှာ အခုလိုလာရောက် အလုပ်လုပ်ကိုင်ခွင့် ရတာဟာ ရေရှည်မှာ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေလိမ့် မယ်လို့ တိုကျိုမြို့က မြန်မာ့အရေးလှုပ်ရှားသူ ဦးကျော်ကျော်စိုးက ပြောပါတယ်။

“ကောင်းတဲ့အချက်က နိုင်ငံခြားမှာ နေထိုင်တဲ့ အတွေ့အကြုံတွေ၊ သူတို့ရဲ့ ယဉ်ကျေးမှု၊ သဘာဝ ပတ်ဝန်းကျင် အနေအထား၊ နေထိုင်အစားအသောက်၊ အတွေ့အကြုံတွေ အများကြီးရမယ့်အတွက် အဲဒီကာယကံရှင်တွေ၊ အတွက် ကောင်းကျိုးတွေ ရပါလိမ့်မယ်။ နောက်အချက်က သူတို့ရဲ့ မိသားစုတွေ ဝင်ငွေ ပိုရပါလိမ့်မယ်။ အဲ မကောင်းတဲ့ အချက်က တိုင်းပြည်ရဲ့ လုပ်အား ဆုံးရှုံးတာပေါ့လေ"

ဂျပန်မှာအလုပ်လုပ်လိုတဲ့ မြန်မာတွေအနေနဲ့ အခြေခံနေ့စဉ်သုံး ဂျပန်စာကို သင်ကြားတတ်မြောက်ရမှာဖြစ်ပြီး၊ အစိုးရက သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေကို ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ ဂျပန်ရဲ့အလုပ်သမား လိုအပ်ချက်အရ နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားတွေကို ခေါ်ယူဖို့ ဂျပန်အစိုးရက ဒီနှစ်အစောပိုင်း လွှတ်တော်မှာဆုံးဖြတ်ခဲ့တာပါ။ ဂျပန်မှာ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရတဲ့ နိုင်ငံခြားသားတွေအတွက် ဗီဇာသက်တမ်းက ၃ နှစ်ကနေ ၁ဝ နှစ်အထိ သတ်မှတ်ထားပါတယ်။

ဂျပန်ကုမ္ပဏီနဲ့ သဘောတူ လက်မှတ်ရေးထိုးကြတဲ့ မြန်မာအေဂျင်စီတွေကတော့ Success Family Service ၊ An Emissary For Myanmar ၊ Hein Myint Myat ၊ Shwe Ye Phyo Aung နဲ့ Yetkha Ta Khon အေဂျင်စီတွေပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG