အမေရိကန်နဲ့ ဂျပန်အကြား မယုံကြည်နိုင်လောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ် တိုးတက်နေကြောင်း ဂျပန် ခရီးစဉ်အဆုံးသတ်တဲ့ နေ့မှာဘဲ သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ အထူးသဖြင့်တော့ အမေရိကန်နဲ့ ဂျပန်အကြားက စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ရှိနေတာတွေကို ၂ နိုင်ငံ ခေါင်းဆောင်တွေက အလေးပေး ပြောကြားခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးပါတယ်။
ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ အင်အား ကြီးထွားလာနေတဲ့အချိန်မှာပဲ အမေရိကန်နဲ့ ဂျပန်အကြား စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေတဲ့အကြောင်း သမ္မတ Donald Trump က သူ့ရဲ့ ၄ ရက်ကြာ တရားဝင် ဂျပန်ခရီးစဉ်အပြီး ဒီကနေ့ ပြောကြားလိုက်တာပါ။
“ကျနော်တို့ ၂ နိုင်ငံ တပ်ဖွဲ့ဝင်တွေဟာ ကောင်းမွန်စွာ လေ့ကျင့်ပြီး အခု ကျနော်တို့ ရောက်နေတဲ့ နေရာအပါဝင် ကမ္ဘာ့ နေရာအသီးသီးမှာ လက်တွဲ တာဝန် ထမ်းဆောင်နေကြတာပါ။ တကယ်တော့ ဒီနေရာဟာ အမေရိကန်နဲ့ မဟာမိတ် ရေတပ်ဖွဲ့တို့အကြား ပူးတွဲဌာနချုပ်ထားရှိတဲ့ တခုတည်းသောနေရာ ဖြစ်ပါတယ်။ ဒီနေရာမှာ အမေရိကန်နဲ့ ဂျပန်ရေတပ် တပ်ဖွဲ့ဝင်တွေ အတူလက်တွဲပြီး တာဝန် ထမ်းဆောင်နေကြခြင်းဟာ ၂ နိုင်ငံအကြား တည်ရှိနေတဲ့ ပူပေါင်းဆောင်ရွက်မှုကို ပြသနေတာလည်း ဖြစ်ပါတယ်။”
သမ္မတ Trump နဲ့ ဇနီး Melania Trump နဲ့ ဝန်ကြီးချုပ် Shinzo Abe နဲ့ ဇနီး Akie Abe တို့ဟာ ဂျပန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ Yokosuka မြို့အနီး ရေတပ်အခြေစိုက်စခန်းက ဂျပန်စစ်သင်္ဘော JS Kaga ပေါ်မှာ ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ရင်း တပ်ဖွဲ့ဝင်တွေကို မိန့်ခွန်း အသီးသီး ပြောကြားခဲ့ကြတာပါ။
ဂျပန်စစ်သင်္ဘောပေါ်မှာ အမေရိကန်နဲ့ ဂျပန်တပ်ဖွဲ့ဝင်တွေ အခုလို အခမ်းအနားကို အတူတက်ရောက်နိုင်ခြင်းဟာ ၂ နိုင်ငံအကြား တည်ရှိနေတဲ့ ပြောင်းလဲ တိုးတက်နေတဲ့ မဟာမိတ်ကြောင့် ဖြစ်တယ်လို့ ဝန်ကြီးချုပ် Shinzo Abe က ပြောပါတယ်။
“ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ ရှေ့မှောက်မှာ အမေရိကန်နဲ့ ဂျပန်ခေါင်းဆောင်တွေ အခုလို အားပေးစကားပြောတာ ဒါဟာ သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ သမ္မတ Trump ရဲ့ ဦးဆောင်မှုအောက်မှာ အမေရိကန်နဲ့ ဂျပန် ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ လျင်မြန်စွာ တိုးတက်ဖြစ်ပေါ်ပြီး ကောင်းမွန်လာခဲ့ပါတယ်။ ဒီကနေ့ ကျနော်တို့ စစ်သင်္ဘော JS Kaga ပေါ်မှာ အခုလို အတူတကွ ယှဉ်တွဲ ရပ်တည်နေနိုင်ခြင်းဟာ အဲဒီ လုပ်ဆောင်မှုရဲ့ သာဓက ဖြစ်ပါတယ်။”
ဒါဟာ ဂျပန်နိုင်ငံရဲ့ သမိုင်းဝင် နန်းသက်သစ်အစမှာ ၂ နိုင်ငံ ချစ်ကြည် ရင်းနှီးမှု အထိန်းအမှတ်အဖြစ်နဲ့ ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။
“ဂျပန်နိုင်ငံရဲ့ သမိုင်းဝင် Reiwa နန်းသက်သစ်အခါသမယမှာ လွတ်လပ်မှုကို ချစ်မြတ်နိုးကြတဲ့ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ ကျနော်တို့ရဲ့ မဟာမိတ်နဲ့ ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်ကို အခု ကျင်းပနေကြတာပါ။”
ခေါင်းဆောင် ၂ ဦးစလုံးရဲ့ မိန့်ခွန်းတွေထဲမှာ တရုတ်နိုင်ငံကို နံမည်တပ် ပြောသွားခြင်း မရှိပေမယ့် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကတော့ ဒေသတွင်းမှာ ဖြစ်ပေါ်လာနေတဲ့ လုံခြုံရေးအရ တင်းမာမှု အခြေအနေတွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံက အမေရိကန်ထံက F-35 တိုက်လေယာဉ် အစင်း ၁၀၀ ဝယ်ယူသွားမယ်လို့ သမ္မတ Trump ပြောကြားလိုက်ပြီး အဲဒီလို ဝယ်ယူခြင်းအားဖြင့် ခက်ခဲ ရှုပ်ထွေးလှတဲ့ ခြိမ်းချောက်မှု အန္တရာယ်တွေကနေ ၂ နိုင်ငံစလုံးအတွက် ကာကွယ်ပေးနိုင်လိမ့်မယ်လို့လဲ ပြောပါတယ်။
ဂျပန်ရဲ့ ကာကွယ်ရေးအတွက် အမေရိကန်ဘက်က ရေရှည်ရပ်တည်ပေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ဂျပန်နိုင်ငံမှာ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ဂျပန်နိုင်ငံကို ပြင်းထန်စွာ ဝေဖန်ပြောဆိုလေ့ရှိသူလို့ ကာလရှည်ကြာ အထင်ခံခဲ့ရတဲ့ သမ္မတ Trump လက်ထက်မှာ အဲဒီ စိုးရိမ်မှုတွေ ကြီးထွားလာခဲ့တာပါ။ ဒါပေမယ့် သမ္မတ Trump အခု နောက်ဆုံး ဂျပန်ခရီးစဉ်က အဲဒီ စိုးရိမ်မှုတွေကို ပပျောက်သွားစေခဲ့ပါတယ် ခင်ဗျား။