သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအဝန်း ဆန္ဒပြပွဲတွေအတွင်း သတင်းသမားတချို့ ဖမ်းဆီးခံရ


ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မော်လမြိုင်မြို့မှာ ဆန္ဒပြသူတစ်ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းစဉ် (Photo by STR / AFP)
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မော်လမြိုင်မြို့မှာ ဆန္ဒပြသူတစ်ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းစဉ် (Photo by STR / AFP)

(Zaw Gyi/Unicode)

ရန်ကုန်နဲ့ အခြားမြို့အတော်များများက စစ်အာဏာသိမ်းမှုကန့်ကွက်ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွဲရာမှာ သတင်းယူနေတဲ့ သတင်းထောက်တချို့ပါ ဖမ်းဆီးခံရတဲ့အခြေအနေ ပြောပြချင်ပါတယ်။ ကျမ မေခပါ။

ဖေဖော်ဝါရီ ၂၇ ရက်က ရန်ကုန်က ဆန္ဒပြမှုတွေကို အင်အားသုံးဖြိုခွဲစဉ်မှာ သတင်းယူနေတဲ့ အမျိုးသမီးသတင်းထောက်တဦးနဲ့ သတင်းဓါတ်ပုံရိုက်ကူးသူတချို့ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနေ့မနက်ပိုင်းလှည်းတန်းမှာ ဆန္ဒပြနေသူတွေကို အင်အားသုံးဖြိုခွင်းနေတာကို သတင်းဓါတ်ပုံရိုက်ကူးနေတဲ့ AP သတင်းဌာနက ဓါတ်ပုံသတင်းထောက် ဦးသိန်းဇော်နဲ့ Myanmar Photo Agency (MPA) သတင်းဌာနက ဓါတ်ပုံသတင်းထောက်တဦးလည်း ဖမ်းခံရပါတယ်။

လက်ရှိ အချိန်မှာတော့ သူတို့တွေကို ဘယ်လိုပုံစံနဲ့ထိန်းသိမ်းထားလဲဆိုတာရှင်းရှင်းလင်းလင်းမသိရဘဲ အင်းစိန် အကျဉ်းထောင်ကိုပို့ဆောင်လိုက်တယ်လို့ သာ ကနဦးသိရှိထားတယ်လို့ နိုင်ငံခြားသတင်းထောက်များအဖွဲ့ ဥက္ကဌ ဦးဟန်ထွေးအောင်က ပြောပါတယ်။

“နေ့လည်လောက်ကပြောတာတော့ကျန်းကျန်းမာမာရှိတယ်။ ဒဏ်ရာရခြင်းမရှိပါ. ကင်မရာဘာညာလည်းကောင်းတယ်ဆိုတာမျိုးတော့သတင်းပြန်ရတယ်။ လူကြီးအမိန့်တစုံတရာရရင်တော့ လွှတ်ရင်လည်း လွှတ်မယ်ဆိုတော့ ခုချိန်ထိစောင့်နေတာပေါ့ ခုနကတော့ ၁ဝမိနစ်လောက်ကတော့ ကား၂စီးထွက်လာပြီး အင်းစိန်ထောင်ကိုပို့တယ်လို့သိရတယ်။ ရှေ့ကားမှာပါတယ်ပြောတယ် ကျနော်တို့တော့မျက်စိနဲ့မမြင်ရဘူးပေါ့ တစီးကို ၃၀၊ ၄ဝလောက်ရှိမယ်။ သတင်းထောက်ကသတင်းယူတာလေ အပြစ်လုပ်တာမဟုတ်ဘူးသတင်းရယူတာအပြစ်မရှိဘူး အကိုတို့ဘက်ကတော့တတ်နိုင်သရွေ့လက်လှမ်းမှီသမျှလုပ်မယ် သူတို့ဘယ်လိုဆုံးဖြတ်မလဲတော့မသိသေးဘူး”

ရန်ကုန်မြို့ပေါ် ဆန္ဒပြမှုတွေ ဖြိုခွင်းတာကို သတင်းရယူရင်းဖမ်းဆီးခံရသူတွေက AP သတင်းဌာန ဓာတ်ပုံသတင်းထောက် ဦးသိန်းဇော်၊ MPA သတင်းဌာန ဓါတ်ပုံသတင်းထောက် ဦးရဲမျိုးခန့်နဲ့ Myanmar Now သတင်းဌာနက အမျိုးသမီးသတင်းထောက် ဒေါ်ကေဇွန်နွေးတို့ဖြစ်ပါတယ်။

နောက်ထပ်ထိန်းသိမ်းခံရသူတွေကတော့ မုံရွာမြို့၊ ဟားခါးနဲ့ မကွေးမြို့တို့ကဖြစ်ပါတယ်။ အဲဒီနေ့ မနက် မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်၊ ရဲ နဲ့ အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးနေတာကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ မုံရွာဂေဇက်ဂျာနယ်က အယ်ဒီတာချုပ် ဖြစ်သူ ဦးကျော်ကျော်ဝင်း(ခ) ဦးကိုလေးကို လည်းဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ကို မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာ သတင်းတိုက်ရိုက်ထုတ်လွှင့်နေတာကို သူ့ဖုန်းကို ရဲနဲ့ အရပ်ဝတ်တွေက ဆွဲယူဖျက်ဆီးကာ သူ့ကိုရိုက်နှက်ကန်ကျောက်တာတွေလုပ်ကာဖမ်းဆီးသွားတဲ့ ဗွီဒီယိုဖိုင်တွေဟာလူမှုကွန်ယက်ပေါ်မှာပြန့်နှံခဲ့ပါတယ်။

ဒီလို သတင်းတိုက်ရိုက်တင်ဆက်နေချိန် ဖမ်းဆီးခံရသူနောက်တဦးကတော့ ဟားခါးတိုင်းမ် အယ်ဒီတာချုပ် ကိုပါပွီးပါ။ သူ့ကိုလည်းလက်ရှိမှာထိန်းသိမ်း ထားပြီး သူပြန်လွတ်မြောက်ဖို့ အတွက် ဘာသာရေးခေါင်းဆောင်တွေဘက်က အာဏာပိုင်တွေနဲ့ ညှိုနှိုင်းနေဆဲရှိတယ်လို့သူနဲ့နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“၃နာရီ၊ ၄နာရီလောက်မှာ ဆန္ဒပြတဲ့ အချိန်လူအများကြီးရှိတာပေါ့နော်။ တခြားသတင်းမီဒီယာတွေလည်းရှိတယ်။ သတင်းလွှင့်တဲ့အချိန် စကားပြောချိန် သူ့ကို လာဖမ်းတယ် တခြားသတင်းမီဒီယာသမားတွေကပြေးသွားကြရတယ်။မဖမ်းမိလိုက်ဘူး သူကကျတော့မပြေးလိုက်နိုင်ဘူးပေါ့။ သူအခုစခန်းမှာဘဲရှိနေတုန်း ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့နေတုန်းဘဲ။ စခန်းရောက်တော့ဘယ်အခြေအနေဆိုတာမသိရသေးဘူး။ ဘယ်အချိန်ပြန်လွှတ်မယ်တော့မသိသေးဘူး”

ဒီနေ့ ရန်ကုန်၊မုံရွာ၊ဟားခါး၊မကွေး ဖြိုခွင်းဖမ်းဆီးမှုတွေမှာ သတင်းသမား ၇ ဦးဖမ်းဆီးခံခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း သတင်းသမား အယောက် ၂ဝနီးပါးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ အဲဒီထဲ အများစုကတော့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)











XS
SM
MD
LG