(Zawgyi/Unicode)
အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် နေပြည်တော်မှာ စစ်တပ်က သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာတော့ သတင်းမီဒီယာ တော်တော်များများ ကန့်ကွက်တဲ့အနေနဲ့ မတက်ရောက်ခဲ့ကြပါဘူး။ သတင်းစာရှင်းလင်းပွဲမှာတော့ အာဏာသိမ်းတဲ့ အကြောင်းရင်းတွေနဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေမှာ အာဏာပိုင်တွေ နှိမ်နင်းတဲ့ လုပ်ရပ်တွေအဆုံး ကာကွယ်ပြောဆိုသွားပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးမှာ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကောင်စီက ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အာဏာသိမ်းတဲ့ လုပ်ရပ်နဲ့ နောက်ဆက်တွဲ နိုင်ငံရေးအုံကြွမှုတွေ ပေါ်ပေါက်နေတဲ့ အခြေအနေတွေ၊ အာဏာပိုင်တွေဘက်က တုံ့ပြန်ဆောင်ရွက်နေတာတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သား အစိုးရခေါင်းဆောင်တွေရဲ့ အခြေအနေတွေကို ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူက ရှင်းလင်းဖြေကြားခဲ့တာပါ။ နေပြည်တော်က သတင်းစာရှင်းလင်းပွဲကို ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကို ကြိုတင်ဖိတ်ကြားထားပေမယ့် အာဏာသိမ်းတာကို ကန့်ကွက်တဲ့ အနေနဲ့ မတက်သူတွေလည်း ရှိပါတယ်။
ဒီအထဲမွာ အစိုးရသတင်းစာရှင်းလင်းပွဲတွေကိုပုံမှန်သွားရောက် သတင်းယူနေတဲ့ နေပြည်တော်အခြေစိုက် သတင်းထောက် တဦးဖြစ်တဲ့ ဦးထက်နိုင်ဇော်လည်း တဦးအပါအဝင် ဖြစ်ပါတယ်။
“အခုကောင်စီရဲ့ တရားဝင်မှုကို ပထမဆုံးအနေနဲ့ အသိမှတ်မပြုကြတဲ့သဘောပေါ့။ အရပ်သားအစိုးရလက်ထဲကနေ အာဏာကိုယူသွားတာကို ဘယ်သူမှ မကြည်ဖြူတာကိုပြသတဲ့ အနေနဲ့တော့ မတက်ရောက်တာ နားလည်တယ်။ ကျနော်တို့လည်း အဲစိတ်ဆန္ဒရှိတယ်။ မတက်ရောက်တာက သတင်းသမားတဦးသဘောနဲ့ တိုက်ဆိုင်တဲ့ မူဝါဒဆိုင်ပါလိမ့်မယ်။ သတင်းသမားအနေနဲ့ တက်ရောက်သူတွေကိုလည်း နားလည်ပါတယ်။ သတင်းသမားဆိုတာ ဘယ်အခြေအနေမှာ မဆို ပြည်သူကို သတင်းချပြရမှာ သူ့တာဝန်ပါ။ တက်တဲ့ သတင်းသမားတွေကို အပြစ်မပြောဘူး ၊ သတင်းသမား ဟာ ကိုယ်ရောက်တဲ့ နေရာမှာ ကိုယ့်အလုပ်ကိုလုပ်တာပါ။ အခုလို အွန်လိုင်းမှာ ဆိုရှယ်မီဒီယာတွေမှာ သတင်းသမားနာမည်တွေ ဘလိန်းလုပ် နာမည်ဖော်လုပ်တာကိုတော့ ကျနော်သဘောမတူပါဘူး။”
ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာပဲ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းယူရတဲ့အကြောင်းကိုလည်း ထပ်မံပြောဆိုသွားသလို၊ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကိုလည်း ဆက်လက်ဖော်ထုတ် တင်ပြသွားမယ်ဆိုပြီး ပြောဆိုသွားပါတယ်။ နိုင်ငံအဝန်း ပေါ်ပေါက်နေတဲ့ ဆန္ဒပြပွဲတွေအတွင်း အာဏာပိုင်တွေရဲ့ နှိမ်နင်းမှုတွေနဲ့ ပတ်သက်လို့လည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပေါ် ရန်ပြုတဲ့လုပ်ရပ်တွေကို လက်တုံ့ပြန်တာဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့တာပါ။
ဖိတ်ကြားထားတဲ့ သတင်းမီဒီယာတွေ သတင်းစာရှင်းလင်းပွဲကို ကန့်ကွက်တဲ့အနေနဲ့ သတင်းသမားတွေ မတက်ရောက်ကြတဲ့ အပေါ်မှာလည်း စစ်အုပ်ချုပ်ရေးကောင်စီမှာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်ယူထားတဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။
“ ဒီနေ့ဒီချိန်မှာ ဘယ်မီဒီယာက ဘာတွေ ဦးစားပေး ဖော်ပြနေတယ် အသိဆုံးဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲ တက်ခြင်း၊ မတက်ခြင်း မဝေဖန်လိုပါဘူး။ ဒါကသူတို့ရဲ့ ပြည်သူပေါ်ထားတဲ့ စေတနာဖြစ်တယ်။ ကျနော်တို့နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ရပ်တည်ချက်ကို ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ပြည်သူလူထုက သူတို့ဘာသာ ဆုံးဖြတ်ပါလိမ့်မယ်။”
တချိန်တည်းမှာပဲ အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တချို့လည်း နုတ်ထွက်ဖို့ ပြင်ဆင်နေကြပါတယ်။ သတင်းမီဒီယာကောင်စီဝင် တဦးဖြစ်တဲ့ ဒေါ်ဝေမာသိမ့်ကလည်း လက်ရှိအခြေအနေအရ ဆက်လက် တာဝန်ယူနိုင်မှာမဟုတ်ကြောင်း ပြောပါတယ်။
“ ကျအနေနဲ့ ဒီအာဏာသိမ်းတာကို လက်မခံဘူး၊ သတင်းသမားတယောက်အနေနဲ့ လည်းလက်မခံဘူး အဲဒီအပေါ်မှာ ကျမ ပြတ်ပြတ်သားသား ကန့်ကွက်တယ်၊ လက်လည်းမခံဘူး။ နောက်ကောင်စီဘက်ဂျက်ကလဲ ပြန်ကြားရေးကနေ သွားတာရှိတယ်။ အဲဒါကြောင့် ကျမ ဆက်လုပ်ဖို့ ဆန္ဒလည်း မရှိတော့ဘူး ။ ဒီတော့ကျမ အာဏာသိမ်း ကောင်စီကိုလည်း လက်မခံနိုင်တာမို့ ကောင်စီကနေ နုတ်ထွက်တာဖြစ်တယ်။”
သတင်းစာဆရာ နိုင်ငံရေးလေ့လာသုံးသပ်သူဦးစည်သူအောင်မြင့်ကတော့ လက်ရှိအခြေအနေမှာ သတင်းသမားတွေ အနေနဲ့ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ကိုယ့်ရဲ့ရပ်တည်ချက်ကို ပြသတဲ့အနေနဲ့ တတ်နိုင်တဲ့နည်းနဲ့ ကန့်ကွက်နေကြတာလို့ ယူဆကြောင်းပြောပါတယ်။
“အဓိကကတော့ သတင်းထောက်ဆိုပေမယ့် မြန်မာနိုင်ငံသားဖြစ်နေတယ်။ မြန်မာ နိုင်ငံသားတွေဟာ ဒီအရေးအခင်းနဲ့ ပတ်သတ်လို့ သူတို့ ဘယ်လိုသဘောထားရမလဲ ကိုယ်စီရှိတယ်။ ထုတ်ဖော်ဖို့ လိုအပ်သူတွေရှိ သလို၊မလိုအပ်သူတွေလဲရှိတယ် ။ ထုတ်ဖော်ဖို့ လိုတဲ့သူကတော့ ဒီအာဏာသိမ်းမှုကို သူဘယ်လိုသဘောထားလဲဆိုတာ ဖော်ပြတယ် အဲဒီအထဲမှာ သတင်းထောက်တွေလဲပါတယ်။ နောက်မှသူ့အလုပ်ကို သူတာဝန်ထမ်းတာပေါ့။ အခုကိစ္စမှာ ဖော်ထုတ်ဖို့ကိစ္စက ပိုပြီးတော့ အရေးကြီးလာတဲ့ အတွက်ကြောင့် ဒီဟာကို သူတို့ ဖော်ထုတ်တယ်။ ဖော်ထုတ်ပြီးတော့မှ နောက်မှ သတင်းယူတဲ့ ကိစ္စကို တခြားအခြေအနေမှာလုပ်မယ် ဆိုပြီးတော့ ဆုံးဖြတ်လိုက်တဲ့သဘောပေါ့ ။ ဟုတ်ပြီ သတင်းနဲ့ပတ်သက်ရင်လည်း လိုအပ်သလို လိုအပ်တယ်ဆိုရင်လည်း သူတို့ ရေးသားလို့ရတယ်လေ သိပ်ပြီးတော့ ပြဿနာမရှိဘူးနဲ့ တူပါတယ်”
ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်မှာပဲ အာဏာပိုင်တွေက အင်တာနက် ဖြတ်တောက်တာ အပါအဝင် သတင်းအချက်အလက်တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့အပေါ် ပြည်တွင်း၊ ပြည်ပက သတင်းမီဒီယာ လွတ်လပ်ခွင့် လှုပ်ရှားသူတွေရဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်း ကလည်း အင်တာနက် ဆက်သွယ်မှုတွေနဲ့ သတင်းလွတ်လပ်ခွင့်တွေကို လေးစားဖို့ တိုက်တွန်းထားပါတယ်။
...........
(Unicode)