သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး အနှောက်အယှက်ဖြစ်နေတဲ့ မြေမြုပ်မိုင်းများ


မြန်မာနိုင်ငံ ဒေသအသီးသီးမှာရှိနေတဲ့ မြေမြှုပ်မိုင်းတွေကိုရှင်းလင်းဖို့ မလုပ်ဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် အတားအဆီးဖြစ်လိမ့်မယ်လို့ မြေမြှုပ်မိုင်းတားဆီးရေး လှုပ်ရှားမှုအဖွဲ့ ICBL တာဝန်ရှိသူတဦးကပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာ လုပ်တဲ့ မြန်မာနိုင်ငံ မြေမြှုပ်မိုင်း အန္တရာယ်ဆိုင်ရာ ၂၀၁၈ ခုနှစ် အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ အဲဒီလိုပြောသွား တာပါ။ ဒါ့အပြင် အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ မြေမြှုပ် မိုင်းကြောင့် ထိခိုက်သေဆုံးမှု တတိယအများဆုံးနိုင်ငံဖြစ်တယ်လို့လည်း ပြောထား ပါတယ်။ အပြည့်အစုံကိုတော့ ဗုဒ္ဓဟူးနေ့က အစီရင်ခံစာထုတ်ပြန်ပွဲကို ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ ကနေ သတင်းပေးပို့ထားပါတယ်။

ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်ဖြစ်နေတာ အရှည်ကြာဆုံးဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ စစ်ရေး ပဋိပက္ခအတွင်း ပါဝင်နေတဲ့အဖွဲ့အားလုံးက မြေမြှုပ်မိုင်းတွေကို အသုံးပြုနေကြပြီး ဒါကို ထိထိရောက်ရောက် မရှင်းလင်းနိုင်ဘူးဆိုရင် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ ထိခိုက်နိုင် တယ်လို့ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှု ICBL က တာဝန်ရှိသူ တဦးဖြစ်တဲ့ Dr. Yeshua Moser-Puangsuwan က သတိပေးသွားပါတယ်။

“ကျန်ခဲ့တဲ့နှစ်တွေရဲ့ အစီရင်ခံစာအတိုင်းဆိုရင် တပ်မတော်က မြေမြှုပ်မိုင်းအသုံးပြုနေတဲ့ တစ်ခုတည်း တပ်မတော်ဆိုတာ ထင်ရှား ပါတယ်။ ဒါက တပ်မတော်တစ်ခုတည်း သုံးတယ်လို့ မပြောချင်ပါဘူး။ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ကလည်း သုံးပါတယ်။ ဇွန်လတုန်းကျွန်တော်တို့နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဆွေးနွေးပွဲ တစ်ခုမှာ သူတို့မြေမြှုပ်မိုင်းသုံးတယ်လို့ ဝန်ခံပါတယ်။ တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ ‘ကပစ’ ကနေ ၁၉၉၉ ကစပြီး မြေမြှုပ်မိုင်းထုတ်လုပ်တယ်ဆိုတာကို ကျွန်တော်တို့ စာရင်းဇယားနဲ့ မပေးနိုင်ပေမဲ့လည်း ကျွန်တော်တို့ အတိအကျ ပြောနိုင်တယ်။ တပ်မတော်ကလည်းဝန်ခံထားတာ ရှိတယ်။ မြေမြှုပ်မိုင်းရှင်းလင်းဖို့ အစိုးရအနေနဲ့ ပါဝင် မလုပ်ဆောင်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တားဆီးရာေ ရောက်နေတယ် ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။”

၂၀၀၇ ကနေ ၂၀၁၇ ဆယ်နှစ်ကာလ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးမှု ၃၅၀၀ ကျော်ရှိပြီး အာရှနိုင်ငံတွေထဲမှာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ပြီးရင် တတိယ အများဆုံးပါ။ သေဆုံးမှုအနေနဲ့ ကရင်ပြည်နယ်မှာ ၂၆.၇ % နဲ့ အများဆုံးဖြစ်ပြီး ကချင်မှာ ၂၆.၂% အဲဒီနောက် ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိထားပါတယ်။ မြေမြှုပ်မိုင်းနင်းလို့ သေဆုံးရတဲ့ထဲမှာ အမျိုးသားတွေ များပြီး သစ်ခုတ်၊ အမဲလိုက်၊ ငါးဖမ်းလုပ်ငန်းတွေ လုပ်နေကြရင်း မိုင်းကြောင့်သေဆုံး ရတာပါ။

မြေမြှုပ်မိုင်း ရှာဖွေတဲ့ လူသားချင်းစာနာတဲ့ အဖွဲ့သုံးဖွဲ့လောက် မြန်မာနိုင်ငံ မှာရှိနှင့်ပြီး ဖြစ်ပေမဲ့လည်း ရှာဖွေရှင်းလင်းခွင့်မရသေးဘဲ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး အပစ်ရပ်စာချုပ် NCA အတွက် လက်မှတ်ထိုးပြီးမှ ခွင့်ပြုချက်ပေးမယ်လို့ ပြောထားတဲ့ အပေါ် သဘောမတူတဲ့အကြောင်း Dr. Yeshua Moser-Puangsuwan ကပြောပါတယ်။

“ငြိမ်းချမ်းရေးစာချုပ်တွေကိုမစောင့်ဘဲ စလုပ်နိုင်တဲ့အနေအထားတွေမှာ စလုပ်ထားဖို့ လိုကောင်း လိုမယ်။ အရပ်ဘက်အဖွဲ့အစည်း တွေရဲ့ပညာပေးလှုပ်ရှားမှုတွေက ဒီနေရာတွေ မှာ မိုင်းရှင်းလင်းဖို့ အခွင့်အရေးတွေပေးလာပါလိမ့်မယ်။ ဘယ်ငြိမ်းချမ်းရေး ကိုမှ စောင့်နေစရာမလိုပါဘူး။ တိုက်ပွဲလည်းမရှိဘူးဆိုတဲ့နေရာတွေမှာ ငြိမ်းလည်း ငြိမ်းချမ်း နေတယ်။ မြေအောက်ထဲမှာရှိတဲ့ ပေါက်ကွဲနိုင်တဲ့ဟာတွေကို ငြိမ်းချမ်းအောင် အချိန်မရွေးလုပ်လို့ရပါတယ်။ သက်ဆိုင်ရာနိုင်ငံ ရဲ့လုပ်နည်းလုပ်ဟန်တွေကို ကျွန်တော်တို့ မပြောလိုပေမဲ့ တာဝန်ကတော့ သက်ဆိုင်ရာနိုင်ငံကိုအာဏာရရှိထားတဲ့ အစိုးရရဲ့ တာဝန်ပဲဖြစ်ပါတယ်။”

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ မြေမြှုပ်မိုင်းကိစ္စကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုတယ်လို့ သူကပြောပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ရော တိုင်းရင်းသား လက်နက်ကိုင်တွေကပါ ရှေ့တန်းစစ်မျက်နှာမှာ အရပ်သားတွေကို အတင်းအဓမ္မ စေခိုင်းနေတာကြောင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာတမ်းရဲ့ အပိုဒ် ၃ ကို ချိုးဖောက် နေတာလို့ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း တားဆီးရေးလှုပ်ရှားမှု အဖွဲ့ရဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG