သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်မှာ သတင်းသမား ၃ ဦးနဲ့ မိသားစုဝင်တဦး ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံရ


Police officers walk outside Kamayut township court where the hearing of a group of journalists who were detained during anti-coup protests is scheduled, including that of Associated Press journalist Thein Zaw, in Yangon, Myanmar March 12, 2021. REUTERS/S
Police officers walk outside Kamayut township court where the hearing of a group of journalists who were detained during anti-coup protests is scheduled, including that of Associated Press journalist Thein Zaw, in Yangon, Myanmar March 12, 2021. REUTERS/S

ရှမ်းပြည်နယ်မှာ သတင်းသမား ၃ ဦးနဲ့ မိသားစုဝင်တဦး ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံရ

{{Zawgyi/Unicode}}

ရှမ်းပြည်နယ်၊ ညောင်ရွှေအကျဉ်းထောင်မှာ ၈ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကမ္ဘောဇတိုင်းမ် သတင်းဌာနက သတင်းသမားသုံးဦးနဲ့ မိသားစုဝင်တဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ သောကြာနေ့မှာ တရားရုံးက ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်ပါတယ်။ အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။

ကမ္ဘောဇတိုင်းသတင်းဌာနက တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နဲ့ မိသားစုဝင် စိုင်းစည်သူတို့ကို တပ်မတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုလို့ခေါ်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ထောင်တွင်း အထူးတရားရုံးကနေ သောကြာနေ့မှာ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သူတို့ရှေ့နေက ဗွီအိုအေကို ပြောပါတယ်။

" ဟုတ်တယ်ဗျ။ ၃နှစ်ချလိုက်တယ်။ ၅၀၅-ကနဲ့ဘဲဗျ။ နွေးနွေးလှိုင်ရယ်။ နန်းဝင်းရီရယ်၊ ကိုတင်အောင်ကျော်ရယ် စိုင်းစည်သူရယ်ဗျ. အဲ ၄ယောက်ဗျ။ ဘာဆက်လုပ်မလဲဆိုတော့ ကျနော်တို့က ဥပဒေကြောင်းအရပေါ့။ သူတို့မိသားစုတွေနဲ့တွေ့ပြီးတော့ သူတို့ အနေနဲ့ ဘယ်လိုသဘောတူညီချက် ရှိမလဲ။ သူတို့သဘောအရ အယူခံတော့ဆက်တက်ဖို့ရှိတာပေါ့ဗျာ"

သူတို့ လေးဦးစလုံးဟာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် ညပိုင်းက ဟိုပုံးနေအိမ်ကနေ စစ်အုပ်ချုပ်ရေးကောင်စီဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် ညောင်ရွှေအကျဉ်းထောင်တွင်း အထူးတရားရုံးမှာ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ကစပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆို စစ်ဆေးခံခဲ့ရတာပါ။

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်းမှာ သတင်းမီဒီယာသမား ၁၀ ဦး ဖမ်းဆီးခံခဲ့ရပြီး မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အဲဒီထဲက လေးဦးပြန်လွတ်ခဲ့ပါတယ်။ လက်ရှိမှာ အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ သုံးဦးအပါအဝင် သံလွင်သွေးချင်းသတင်းဌာနမှ အယ်ဒီတာချုပ် မြဝန်းရံ၊ ရွှေဖီမြေသတင်းအေဂျင်စီမှ ရုပ်သံသတင်းထောက် လွေးအမ်ဖောင် တို့ အပါအဝင် စုစုပေါင်းသတင်းသမား ၆ဦး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ် လို့ ကမ္ဘောဇတိုင်း သတင်းဌာနက တာဝန်ရှိသူတဦးကပြောပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း သူက တောင်းဆိုပါတယ်။

"အခုကတော့ကျနော်တို့ သတင်းသမားတွေအပြင် ပြည်သူတရပ်လုံးက ဖိနှိပ်ခံ ဘဝရောက်နေတာပေါ့နော်။ အဖိနှိပ်ခံ ဘဝရောက်နေချိန်မှာ ဒါမျိုး ပြစ်ဒဏ်ချတာကတော့ သိပ်တော့ မထူးဘူး ပေါ့။ မြန်မာနိုင်ငံအနေနဲ့လေ။ ထူးမနေဘူးပေါ့။ ဒါပေမယ့်လဲ သတင်းသမားမဟုတ်တဲ့ မိသားစုဝင်တဦးပါတယ်။ သူ့ကိုသတင်းသမားလို့ စွပ်စွဲပြီးတော့ ဖမ်းလိုက်တာပေါ့။ သူ့ကို မတရားစွပ်စွဲပြီး ဓါးစာခံ သဘောဖမ်းလိုက်ပြီး ထောင်ချလိုက်တာက ပျက်ရယ်စရာပေါ့နော်။ သတင်းသမားသတင်းရေးတာကို အပြစ်လို့မြင်တာကတော့ ဒါက တော့ သူတို့အပိုင်းပေါ့လေ။ အာဏာရှင်လက်အောက်ရောက်နေချိန်ပြောစရာတော့ မရှိတော့ပါဘူး"

လက်ရှိမှာ ရှမ်းပြည်နယ်တွင်းထုတ်ဝေတဲ့ တာချီလိတ်သတင်းအေဂျင်စီကို စစ်အုပ်ချုပ်ရေးကောင်စီဘက်က သတင်းမီဒီယာ ထုတ်ဝေခွင့် ပိတ်သိမ်းထားသလို တခြားသတင်းဌာနတချို့နဲ့ သတင်းသမားတွေရဲ့ နေအိမ်တွေကို စစ်တပ်က ဝင်ရောက်ရှာဖွေတာတွေရှိနေတာမို့ သတင်းသမားတွေ ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ ကမ္ဘောဇတိုင်းသတင်းဌာန၊ တာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာလည်း သူအပါအဝင် သတင်းသမားအချို့ အမှုဖွင့်ခံထားရတာမို့ သတင်းမီဒီယာသမား အများစု ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။

" ကျန်တဲ့ပြည်နယ်မသိပေမယ့် ကျနော်တို့ ပြည်နယ်မှာကျတော့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာ အများစုကတော့ ကိုယ့်နေရပ်မှာမရှိနေကြဘူး။ တော်တော်များများကလည်း အ ကြောင်းအမျိုးမျိုးကြောင့် ဝရမ်းထုတ်ခံထားရတယ်။ ရှောင်တိမ်းနေကြရတာဆိုတော့ မြေပြင်အခြေအနေသတင်းရယူဖို့က တအားခက်ခဲနေတယ်။ ခုချိန်မှာ သတင်းသမားအားလုံးက လိုက်လံဖမ်းဆီးနေတဲ့ အတွက် သတင်းလွတ်လပ်ခွင့်ကလုံးဝမရှိတော့ဘူး။ ဒေသတွင်းမီဒီယာတွေ အနေနဲ့ သတင်းယူရတာစွန့်စားပြီးယူနေ ရတဲ့ အပိုင်းဖြစ်နေတာပေါ့။ ဝရမ်းထုတ်ခံထားရင်ခံထားရ။ နောက်ဆုံးပြေးမနေရရင်ကို သတင်းသမားမဟုတ်ဘူးလို့ တင်စားပြောလို့တောင်ရနေတယ်"

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဆန္ဒပြပွဲတွေမှာ သတင်းယူခဲ့တဲ့ သတင်းသမားတွေအပြင် အရင်က သတင်းထောက်လုပ်ခဲ့ဖူးသူတချို့ပါ ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီနေ့အထိ တနိုင်ငံလုံးအတိုင်းအတာအရ သတင်းသမား စုစုပေါင်း အယောက် ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက အယောက် ၄၀လောက် ဒီနေ့ထိ ချုပ်နှောင်ခံထားရဆဲ ဖြစ်တယ်လို့ စာရင်းပြုစုထားတဲ့ သတင်းထောက်တွေက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကလည်း တောင်းဆိုထားကြပါတယ်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ စာရင်းတွေအရ သတင်းထောက် တွေကို အများဆုံး ဖမ်းဆီးအရေးယူတာ တရုတ်နိုင်ငံဖြစ်ပြီး စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက ဒုတိယအများဆုံးအဖြစ် ရပ်တည်နေပါတယ်။

.......................................................

တိုက်ရိုက် လင့်ခ်


{{Unicode}}












XS
SM
MD
LG