သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကသတင်းစာအားလုံး ရပ်ဆိုင်း


ရန်ကုန်မြို့ရှိ ဂျာနယ်ဆိုင်တခုမှာ တွေ့ရတဲ့ သတင်းဂျာနယ်များ။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)
ရန်ကုန်မြို့ရှိ ဂျာနယ်ဆိုင်တခုမှာ တွေ့ရတဲ့ သတင်းဂျာနယ်များ။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ နောက်ဆုံးကျန်တဲ့ စံတော်ချိန်နေ့စဉ်သတင်းစာ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီမို့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာထုတ်ဝေမှု အားလုံး ရပ်ဆိုင်းသွားပြီဖြစ်ပါတယ်။ စံတော်ချိန် သတင်းဌာနအနေနဲ့ နေ့စဉ်ထုတ်သတင်းစာကိုရော အွန်လိုင်းအခြေခံပြီးရေးသားတဲ့ သတင်းလုပ်ငန်းအားလုံးကိုပါ ဒီကနေ့ မတ်လ ၁၇ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပြီလို့ စံတော်ချိန်နေ့စဉ်က ကြေညာပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာမသိမ်းခင်အထိ မြန်မာနိုင်ငံမှာ Daily Eleven, 7Days, မြန်မာတိုင်းစ်, the Voice daily, စံတော်ချိန်စသဖြင့် ပုဂ္ဂလိကသတင်းစာ ၅ ခုထက်မနည်းရှိနေပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း Eleven အပါအဝင် ပုဂ္ဂလိကသတင်းစာတချို့ ရပ်ဆိုင်းသွားပါတယ်။ 7Days News ကိုတော့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက မတ်လ ၈ ရက်နေ့က လုပ်ငန်းလိုင်စင်ရုပ်သိမ်းပြီး ထုတ်ဝေခွင့်ပိတ်ခဲ့ပါတယ်။

သတင်းဌာနတွေအနေနဲ့ လွတ်လွတ်လပ်လပ်သတင်းဖော်ပြဖို့ လုပ်လာရင် အန္တရာယ်ကြုံရနိုင်သလို၊ တဘက်မှာ ဆင်ဆာဖြတ်တောက်ရေးသားရင်လည်း လူထုနဲ့ ရင်ဆိုင်ရမယ့်အခြေအနေမျိုးကြုံနေရတယ်လို့ ရန်ကုန်မြို့က ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

လတ်တလောအားဖြင့်တော့ နိုင်ငံထုတ် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာနှစ်စောင်ပဲ နေ့စဉ်ထုတ်နိုင်တယ်လို့ ဆိုရပေမဲ့ အဲဒီက ဝန်ထမ်းအတော်များများ CDM အကြမ်းမဖက်အာဏာဖီဆန်ရေးလုပ်နေတာမို့လို့ သတင်းအတော်များများဟာ စစ်တပ်ပိုင် မြဝတီသတင်းဌာနက သတင်းတွေဖြစ်နေပါတယ်။

မတ်လ ၈ ရက်နေ့တုန်းက စစ်အုပ်ချုပ်ရေးကောင်စီကနေ ထုတ်ဝေမှု ပိတ်တဲ့သတင်းဌာနတွေထဲမှာ 7Days အပြင် Myanmar Now, ခေတ်သစ်မီဒီယာနဲ့ ရုပ်သံဌာနကြီးနှစ်ခုဖြစ်တဲ့ မဇ္ဈိမနဲ့ DVB သတင်းဌာနတို့လည်း ပါဝင်ပါတယ်။ ဒါကြောင့် လက်ရှိလွှင့်ထုတ်ဆဲ သတင်းအသားပေး ပုဂ္ဂလိကရုပ်သံဆိုလို့ SkyNet ရဲ့ OneNews သတင်းဌာနတခုပဲ ကျန်ပါတော့တယ်။

နိုင်ငံပိုင် MRTV သတင်းဌာနဆိုရင်လည်း CDM ဝန်ထမ်းတွေ များတာကြောင့်၊ စစ်တပ်ပိုင် မြဝတီက ထုတ်တဲ့သတင်းတွေကို ပြန်လွှင့်နေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်း စစ်တပ်က အာဏာသိမ်းပြီးကတည်းက သတင်းမီဒီယာတွေကို ပစ်မှတ်ထားအရေးယူမှုတွေလုပ်နေရာမှာ သတင်းသမား ၃၇ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရတယ်လို့ ကုလသမဂ္ဂ စာရင်းမှာ ဖော်ပြထားပါတယ်။

[Unicode Version]







XS
SM
MD
LG