ရွှေ့ပြောင်းကလေးငယ်တွေရဲ့ သင်ကြားရေးစင်တာများကို ပိတ်သိမ်းခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ထိုင်းပညာရေးဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စကိုပြန်လည်သုံးသပ်ပေးဖို့ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာလ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ဆူရတ်ဌာနီခရိုင် ဘန်ကွန်းမြိုနယ်အတွင်းမှာဖွင့်ထားတဲ့ ရွှေ့ပြောင်းကလေးတွေ တက်ရောက်ပညာသင်ကြားနေတဲ့ “မေတ္တာရိပ်သင်ကြားရေး စင်တာ”ကို ဆူရတ်ဌာနီခရိုင် ပညာရေးဌာနကနေ စက်တင်ဘာလ ( ၄ ) ရက်နေ့မှာ ပိတ်သိမ်းလိုက်တဲ့အတွက် ရွှေ့ပြောင်းကလေးငယ် အများအပြားရဲ့ ပညာရေးအခွင့်အလမ်းတွေဆုံးရှုံးခဲ့ရကြောင်း၊ ဒါကြောင့် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) ဟာ ဒီအခြေအနေပေါ်မှာ စိုးရိမ်ပူပန်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အမှုဆောင်ညွှန်ကြားရေးမှူး ဦးထူးချစ်က အခုလိုပြောပါတယ်။
“အဓိကတော့ လူ့အခွင့်ရေးကော်မရှင်က ပညာရေးဝန်ကြီးဌာနကို ကျောင်းတွေပိတ်ခိုင်းတာတွေနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ဖို့၊ ထိုင်းအစိုးရအနေနဲ့ ကလေးအခွင့်ရေးဆိုင်ရာစာချုပ်တွေလည်း လက်မှတ်ထိုးထားတယ်၊ ပညာရေးသည် အားလုံးအတွက်ဖြစ်တယ်ဆိုတာရယ်၊ ဘယ်ကလေးပဲဖြစ်ဖြစ်၊ ထိုင်းကလေးပဲဖြစ်ဖြစ်၊ မြန်မာကလေးဖြစ်ဖြစ်၊တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ ထိုင်းကလေးနည်းတူ အခွင့်အရေးတန်းတူ ပညာသင်ခွင့်ရှိတယ်။ကလေးတွေဆို အသက် ၁၅ နှစ်အထိ ပညာသင်ခွင့်ရှိရမယ်လို့ သူတို့ကရေးထားတယ်။”
ဒီလိုကျောင်းပိတ်တာတွေဟာ ကလေးတွေအတွက်အခွင့်ရေးဆုံးရှုံးကြောင်း လူ့အခွင့်ရေးကော်မရှင်နဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်သူ့ပါတီကလည်း ထောက်ပြခဲ့ပါတယ်။ ဒီအခြေအနေပေါ်မှာ ထိုင်းပညာရေးဝန်ကြီးဌာနဘက်ကလည်းထိုင်းဥပဒေအတိုင်း လုပ်ဆောင်တာမျိုးအဖြစ် ပြန်လည်ရှင်းလင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
“လူ့အခွင့်ရေးကော်မရှင်အနေနဲ့ကော နိုင်ငံရေးပါတီတွေကလည်း ထောက်ပြတယ်။ ကလေးအခွင့်အရေး နဲ့ ထိုင်းနိုင်ငံရဲ့ Education for all ပေါ်လစီကို ထိခိုက်တယ်။ ဒီအတွက် ပြန်သုံးသပ်လို့ ထောက်ပြကြတယ်၊ အဲဒီနှစ်ဖွဲ့လုံးက ပညာရေးဝန်ကြီးဌာနကို ပြန်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် ပြန်ရှင်းတာက ကျနော်တို့ဘက်က ဆရာဆရာမဆိုပြီး စာသင်လို့မရဘူး၊ အလုပ်လုပ်ခွင့်လက်မှတ်က စာသင်ပေးလို့မရဘူး၊ သူတို့ရဲအလုပ်လုပ်ပိုင်ခွင့်လက်မှတ်က ရေးထားတဲ့အလုပ်အကိုင်အမျိုးအစားနဲ့ လုပ်နေတာနဲ့ စာသင်တာနဲ့တခြားစီ ဖြစ်တယ်ဆိုတာကို ထောက်ပြလာတယ်။ အလုပ်လုပ်ခွင့်လက်မှတ်တွေပါ စီစစ်လာနိုင်တယ်။ ဆိုလိုချင်တာက ကလေးတွေရဲ့ပညာရေးကြောင့် မဟုတ်ဘူး။ ကျန်တဲ့ထိုင်းဥပဒေချိုးဖောက်တာကြောင့် ဖြစ်တယ်ဆိုတာမျိုး ဖြေရှင်းလာကြမျိုးတွေကို ကျနော်တို့တွေ့ရတယ်။”
အခုဆိုရင် တာ့ခရိုင်တခုတည်းမှာပဲ မြန်မာရွှေ့ပြောင်းအခြေချကြတဲ့ ကလေးတွေ စာသင်နေတဲ့ကျောင်းပေါင်း ၆၃ ကျောင်းရှိပြီး ကျောင်းသား ကျောင်းသူပေါင်း ၁၇,၀၀၀ ကျော် ပညာသင်ကြားနေသလို ထိုင်နိုင်ငံ တောင်ပိုင်းမှာလည်းမေတ္တာရိပ်စာသင်ကြားရေးစင်တာအပါအဝင် ပညာရေးစင်တာပေါင်း ၅၀ ထက်မနည်းရှိနေတာပါ။
စာသင်ကြားရေးစင်တာတွေကိုပိတ်သိမ်းတာဟာ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာဝတ္တရားများနဲ့ အာမခံချက်များကို ချိုးဖောက်ရာရောက်စေနိုင်တယ်လို့လည်း လူ့အခွင့်ရေးကော်မရှင်က ပြောဆိုထးပါတယ်။ ထိုင်းနိုင်ငံအစိုးရနဲ့ ပညာရေးဌာနများအနေနဲ့ ဒီကလေးတွေကို စဉ်ဆက်မပြတ် ပညာသင်ကြားခွင့်ရရှိစေဖို့ လမ်းစဉ်များစီမံချမှတ် ဆောင်ရွက်သင့်ကြောင်း ထိုင်းလူ့အခွင့်ရေးကော်မရှင်က ထောက်ပြထားပါတယ်ရှင်။
ရွှေ့ပြောင်းကလေးငယ်တွေရဲ့ သင်ကြားရေးစင်တာများကို ပိတ်သိမ်းခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ထိုင်းပညာရေးဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စကိုပြန်လည်သုံးသပ်ပေးဖို့ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာလ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Forum