သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမား ၂ သောင်းခွဲလောက် ထိုင်းနိုင်ငံက ပြန်ဖို့ စာရင်းပေး


ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားကနေ နေရပ်ပြန်ကြမယ့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ (မတ် ၂၅၊ ၂၀၂၀)
ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားကနေ နေရပ်ပြန်ကြမယ့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ (မတ် ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင်း - မြန်မာနယ်စပ်တွေကနေ နေရပ်ပြန်ဖို့ မြန်မာအလုပ်သမား ၂၅,၀၀၀ စာရင်းပေးထားတယ်ဆိုတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလအမိန့် ထုတ်ပြန်ထားချိန်မှာ ခရိုင်တခုနဲ့ တခုနယ်မြေ ဖြတ်သန်းသွားလာဖို့ ကန့်သတ်ထားတာကြောင့် နယ်စပ်ကတဆင့် နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေ အခက်တွေ့နေရပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံက မြန်မာသံရုံးဆီကို နေရပ်ပြန်ဖို့ စာရင်းပေးသွင်းထားတဲ့ မြန်မာနိုင်ငံသား ၂၅,၀၀၀ ဝန်းကျင်ရှိနေပြီလို့ မြန်မာအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က VOA ကို ပြောပြပါတယ်။

"သံရုံးကို တရားဝင်စာရင်းပေးထားတာကတော့ ၂၅,၀၀၀ ဝန်းကျင် ၅,၀၀၀၊ ၆,၀၀၀ ဝန်းကျင်ရှိတယ်။ ဒီဟာကတော့ နယ်စပ်တခုထဲ မဟုတ်ဘူး။ နယ်စပ် သုံးပေါက်ဖြစ်တယ်။ စာရင်း ပေးထားတာကတော့ မြဝတီ၊ မဲဆောက်၊ ရနောင်းပါမယ်၊ မယ်ဆိုင်ပါမယ်။ အားလုံးသုံးပေါက်ပေါ့။"

ထိုင်းနိုင်ငံတွေ COVID-19 အရေးပေါ်ကာလ အမိန့် ထုတ်ပြန်ထားပြီး ပြီးခဲ့တဲ့ ရက်တွေကတော့ တချို့ တားမြစ်ထားတာတွေ ဖြေလျှော့ပေးခဲ့ပေမဲ့ နယ်မြေဖြတ်သန်းခွင့်တွေကို ဖြေလျှော့မှု မပေးသေးပါဘူး။ အခုဆိုရင် နယ်မြေတခုနဲ့ တခု ဖြတ်သန်းခွင့်တွေ မရသေးသလို ခရီးသယ်တွေကို သယ်ယူပို့ဆာင်ပေးနေတဲ့ ကားတွေလည်း ထွက်ခွင့်မရသေးပါဘူး။ ဒီအတွက် နယ်စပ်အသီးသီးကနေ နေရပ်ပြန်ချင်သူတွေအနေနဲ့ သည်းခံစောင့်ဆိုင်းဖို့အတွက် ပြောဆိုထားရသလို အစိုးရချင်း ညှိနှိုင်းမှုတွေလည်း ဆက်လုပ်နေဆဲဖြစ်တယ်လို့ ဦးဝေလင်းမောင်က ဆိုပါတယ်။

"ထိုင်းနဲ့ ညှိနိုှင်းတဲ့ကိစ္စက ဒေသဖြတ်သန်းခွင့်ကို တင်ထားတယ်။ ခရိုင်ကျော်ဖြတ်သန်းခွင့်ကိစ္စကိုတော့ ခွင့်ပြုမိန့်ပေးဖို့ ကိစ္စကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ကျနော်တို့တင်ထားပါတယ်။ ဟိုဘက်က အကြောင်းပြန်မကြားသေးဘူး။ မြန်မာနိုင်ငံသားတွေ ဖြတ်သန်းခွင့်ရဖို့ကလည်း ခွင့်ပြုမိန့်ကျမှသာ ဖြတ်သန်းခွင့်ရမယ်။"

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ၊ မတ်လတွေထဲမှာ ထိုင်းကနေ မြန်မာနေရပ်ပြန်ကြသူက သောင်းဂဏန်း ရှိခဲ့ပါတယ်။ အဲဒီနောက် နယ်စပ်ဂိတ်တွေကို ယာယီပိတ်ခဲ့ပြီး အခု မေလ ၁ ရက်နေ့မှာစပြီးတော့ ကျန်မြန်မာအလုပ်သမားတွေကို နယ်စပ်ကနေ ပြန်လက်ခံမှာ ဖြစ်ပါတယ်။

အခုဆိုရင် COVID-19 မေလ ၁ ရက်နေ့က စတင်ပြီး မဲဆောက်မှာရှိတဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ဖွင့်ထားပြီး မြန်မာအလုပ်သမားတွေကို လက်ခံပေးနေတာကြောင့် ဒီရက်ပိုင်းကတော့ နယ်စပ်ကပ်နေတဲ့ တာ့ခ်ခရိုင် မဲဆောက်ဘက်က အလုပ်သမား
ရာဂဏန်းလောက်ပဲ နေရပ်ပြန်နိုင်ကြပါတယ်။ ထိုင်းနိုင်ငံထဲမှာမြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေကြတာပါ။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုကြောင့် ထိုင်း စက်ရုံအလုပ်ရုံတွေမှာ လုပ်သားအင်အားလျှော့တာ စီးပွားကျလို့ အလုပ်ရုံပိတ်တာတွေ ရှိနေပြီး မြန်မာအလုပ်သမား အတော်များများ အလုပ်လက်မဲ့ဖြစ်နေပါတယ်။ ဒီအတွက် နေရပ်ပြန်ရေးအစီအစဉ်တွေ ဖြစ်လာတာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG