သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းထောင်တွေမှာ ပြစ်ဒဏ်ကျပြီး မြန်မာ ၁၀၀ ကျော် နေရပ်ပြန်ပို့


ထိုင်းနိုင်ငံထဲမှာ အကျဥ်းကျပြီး လွတ်ရက်စေ့မြန်မာတွေကို ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို စက်လှေနဲ့ပြန်လည်ပို့ဆောင်စဥ်။ (စက်တင်ဘာ ၂၆၊ ၂၀၂၄/ဓာတ်ပုံ-ထိုင်း လဝက)
ထိုင်းနိုင်ငံထဲမှာ အကျဥ်းကျပြီး လွတ်ရက်စေ့မြန်မာတွေကို ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို စက်လှေနဲ့ပြန်လည်ပို့ဆောင်စဥ်။ (စက်တင်ဘာ ၂၆၊ ၂၀၂၄/ဓာတ်ပုံ-ထိုင်း လဝက)

ထိုင်းနိုင်ငံထဲမှာ တရားမဝင်ခိုးဝင်မှုအပါအဝင် အကြောင်းအမျိုးမျိုးနဲ့ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၁၂၇ ဦးကို စက်တင်ဘာလ ၂၆ ရက်နေ့လယ်ပိုင်းမှာ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားမဝင်ခိုးဝင်မှုအပါအဝင် တခြားအကြောင်းအမျိုးမျိုးနဲ့ဖြစ်စေ၊ ရာဇဝတ်မှုတွေနဲ့ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၁၂၇ ဦးကို စက်တင်ဘာလ ၂၆ ရက်နေ့ နေလယ်ပိုင်းမှာ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကိုပြန်ပို့ခဲ့ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက VOA ကို ပြောပါတယ်။

“အကြောင်းကြောင်းကြောင့် အဖမ်းခံထားရတဲ့ လ၀ကအချုပ်မှာထားတဲ့ မြန်မာနိုင်ငံသားတွေကိုပေါ့နော်။ ပြန်ပို့တာပါ။ရက်ပေါင်း ၁၂၀ အတွင်း အဖမ်းခံရတဲ့သူတွေချည်းပဲမဟုတ်ဘူး။ အကုန်ပဲ။ အကြောင်းကြောင်းကြောင့် ဖမ်းဆီးခံရတဲ့ အချုပ်သားတွေပေါ့။ ဒီနေ့ပို့တာက လူ ၁၂၀ ကျော်ကိုပြန်ပို့တာပေါ့နော်။ အလှည့်ကျနဲ့ပို့တယ်။”

လွတ်ရက်စေ့ မြန်မာတွေကို ဘန်ကောက်မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးမိုးဇော်နဲ့ ရနောင်းဒေသ အာဏာပိုင်တွေက ရနောင်းမြို့ ကနေ မြန်မာဘက်ခြမ်း ကော့သောင်းမြို့ကို စက်လှေနဲ့ ပြန်ပို့ပေးခဲ့တာပါ။ ဒီလပိုင်းတွေအတွင်း အခုလို နေရပ်ပြန်ပို့ခံရသူတွေကို စစ်ကောင်စီက စစ်သားအဖြစ် အတင်းအကြပ်စုဆောင်းတာ စစ်သားမလုပ်ချင်ရင်ငွေညှစ်တောင်းခံတာတွေလည်း ရှိနေတာပါ။ ဒီအတွက် ကိုယ်လွတ်ရုန်းထွက်ပြေးသူတွေလည်းရှိသလို ငွေနဲ့ပြန်ရွေးယူတာတွေလည်း ရှိတယ်လို့လည်း ဦးမင်းဦးကအခုလိုပြောပြပါတယ်။

“ပြန်ပို့တဲ့အထဲက အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံရသူတွေထဲက ပြန်လွတ်သူတွေပြန်ပြောတာကတော့ သူတို့ကိုလမ်းမှာစစ်ပြီး အရွယ်ရောက်တဲ့သူတွေကိုခေါ်ပြီး အရွယ်ကောင်းတွေကိုပေါ့။ သူတို့က စစ်သားစုဆောင်းတဲ့အထဲပို့တယ်။ သူကတော့ထွက်ပြေးတဲ့သူပါ။”

ထိုင်းကနေ နေရပ်ပြန်ပို့ခံရပြီးနောက် စစ်သားစုဆောင်းခံရတဲ့ အမျိုးသား၂၇ ဦးဟာ စစ်တင်ဘာလ ၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနဲ့အတူ ကော့သောင်းကနေ ပုလောမြို့နယ်ဘက်ကို စက်လှေနဲ့ပို့ဆောင်နေတဲ့လမ်းမှာ လှေပေါ်မှာအစောင့်အဖြစ် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို သေနတ်နဲ့ပစ်ခတ်ပြီး KNU တပ်မဟာ (၄) နယ်မြေ၊ KNDO တပ်ရင်း (၇) တပ်ခွဲ (၅) ထံ ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

အခုလို ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရစဥ် စစ်သားအဖြစ် စုဆောင်းခံရပြီး ထွက်ပြေးလွတ်မြောက်ခဲ့ကြတဲ့ ၂၇ ဦးဟာ အသက် ၁၆ နှစ်ကနေ ၃၃ နှစ်ကြား မွန်၊ ကရင်၊ ဗမာ၊ ရခိုင် တိုင်းရင်းသားတွေဖြစ်ကြပါတယ်။

အခုလိုမျိုး ထိုင်းအကျဥ်းထောင်တွေထဲကနေ လွတ်ရက်စေ့ မြန်မာအကျဥ်းသားတွေကို ထိုင်းအာဏာပိုင်တွေက မြန်မာအာဏာပိုင်တွေ လက်ထဲကို တလမှာ နှစ်ကြိမ်လောက် ပြန်လည်လွှဲပြောင်းပေးလေ့ရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG