သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအချုပ်ထောင်ထဲ ပြစ်ဒဏ်ကျမြန်မာ ၁၂၁ ဦး ကော့သောင်းမြို့ပြန်ပို့


ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၁ ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့က ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ပေးစဥ်။ (ဓာတ်ပုံ FED/ဇန်နဝါရီ ၁၀၊ ၂၀၂၄)
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၁ ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့က ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ပေးစဥ်။ (ဓာတ်ပုံ FED/ဇန်နဝါရီ ၁၀၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၁ ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့က ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။ အဲဒီထဲမှာ ဇန်နဝါရီ ၂ ရက်နေ့က ရနောင်းအချုပ်မှာ မြန်မာပြည်ကို အမြန်ဆုံးပြန်ပို့ပေးဖို့ ဆန္ဒပြခဲ့သူအများစုပါဝင်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက ခရိုင်အသီးသီးမှာ ရာဇဝတ်မှု၊ လူကုန်ကူးမှုတွေကျူးလွန်ခဲ့ကြသူတွေ၊ တရားမဝင် အထောက်အထားမဲ့အဖြစ် ဝင်ရောက်လာလို့ အဖမ်းခံရသူတွေကို ပြစ်ဒဏ်ကျခံပြီးတဲ့နောက် ရနောင်း လဝကအချုပ်မှာထားလေ့ရှိပါတယ်။ အဲဒီကနေမှ တလမှာနှစ်ကြိမ်လောက် ရနောင်းကနေ ကော့သောင်းအထိ လှေလမ်းကနေ မြန်မာပြည်ဘက်ကို ပြန်ပို့လေ့ရှိပါတယ်။ ၂၀၂၄ ခုနှစ် နှစ်စမှာ ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံသား ၁၂၀ ကျော်ကို ဇန်နဝါရီလ ၁၀ ရက်နေ့က ပြန်ပို့ပေးခဲ့တယ်လို့ ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။

"ယောက်ကျားလေးက ၁၀၅ ယောက်။ မိန်းကလေးက ၁၆ ယောက်။ ထိုင်းကအလုပ်သမား သံအရာရှိရုံးကနေ နှစ်ကူး ၂၀၂၄ ပထမဆုံးအသုတ်အနေနဲ့ ပို့တာကို ကျနော်တို့က ပြန်လက်ခံခဲ့တာပါ။ ရနောင်းမှာ ပြီးခဲ့တဲ့ ၂၀ ရက်နေ့ကပို့လာတဲ့ထဲက ရနောင်းအချုပ်မှာ အယောက် ၂၀၀ ကျော် ကျန်တယ်။ အဲဒီကျန်တဲ့အထဲမှာ ပြီးခဲ့တဲ့ နှစ်ရက်နေ့က အစားအသောက်ကိစ္စတွေလေးတွေ၊ ဆေးဝါးကိစ္စလေးတွေနဲ့ ဆန္ဒပြမှုတွေဖြစ်သွားတယ်။ တချို့ကလည်း ထောင်ကထွက်လာပြီး ရက်တွေကြာလာတဲ့အတွက် ဆန္ဒပြလာလို့ အလုပ်သမားသံအရာရှိရုံးက သက်ဆိုင်ရာ ကျနော်တို့ဒီဘက်က ဌာနဆိုင်ရာတွေကိုအကြောင်းကြားလာပြီး ပြန်ပို့ဖို့အတွက် ဖြစ်လာတာပါ။"

ထိုင်းနိုင်ငံမှာ အပြစ်ဒဏ်ကျခံရပြီးတဲ့နောက် ရနောင်း လဝက အချုပ်နဲ့ ခရိုင်အသီးသီးက လဝကအချုပ်တွေမှာ လနဲ့ချီကြန့်ကြာမှုတွေက ကိုဗစ်ကပ်ဘေးကာလမှာကတည်းက ဖြစ်ခဲ့တာပါ။ ဒီအတွက် ခရိုင် ၁၄ ခုက လဝက အချုပ်တွေမှာ မြန်မာနိုင်ငံသားတွေဟာ လနဲ့ချီ ဆက်ပြီး ချုပ်နှာင်ခံခဲ့ရပါတယ်။ ဒီအတွက် မြန်မာနိုင်ငံသားတွေဟာ ရနောင်းအချုပ်ရောက်တဲ့အခါ ဆန္ဒပြပြီး နေရပ်အမြန်ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ကြန့်ကြာရတဲ့အခြေအနေတွေကိုလည်း ဦးမိုးဝေက ဆက်ပြောပြပါတယ်။

"ထောင်ထဲမှာအကြောင်းအမျိုးမျိုးနဲ့အဖမ်းခံရပြီး လွတ်ပြီးမှ အချုပ်ထဲမှာ လနဲ့ကြာသွားတာရယ်၊ အဲဒီတော့ ဒီတခေါက်လည်းမပါဘူး၊ နောက်တခါ အခေါက်လည်းမပါဘူးဆိုပြီး ဖြစ်ကြတာပါ။ ထိုင်းဥပဒေအရဆို ၄၅ ရက်ပြစ်ဒဏ်ကျပြီးမှ ပြန်လွှတ်ပေးတာလည်းရှိတယ်။ တချို့အုပ်စုတွေကတော့ မလေးနယ်စပ်မှာ အောက်လမ်းကသွားရင်း လူကုန်ကူးမှုဖြစ်လို့ သူတို့ကိုသက်သေအဖြစ်ထားလို့ အမှုရင်ဆိုင်ရတော့ ရက်ကြာသွားလို့- အဲဒီလိုအုပ်စုတွေလည်း ပါပါတယ်။"

ဇန်နဝါရီနှစ်ရက်နေ့ကလည်း ထိုင်းနိုင်ငံ ရနောင်းလဝက အချုပ်ထဲမှာ မြန်မာလုပ်သမား ၂၅၈ ဦးဟာ နှစ်သစ်မှာ မြန်မာပြည်ကို အမြန်ပြန်ပို့ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပြီးတဲ့နောက် အခု ပထမဦးဆုံးအကြိမ်အဖြစ် ကော့သောင်းမြို့ကို ပြန်ပို့ပေးခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် နှစ်စတုန်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း၊ ထိုင်းမြန်မာနယ်စပ် ရနောင်း လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းမှာ ထိန်းချုပ်ခံထားရတဲ့ လွက်ရက်စေ့ မြန်မာ ၆၇၀ ကျော်ဟာ နေရပ်ပြန်နိုင်ရေးအတွက် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ပြီးတဲ့နောက် ဖေဖေါ်ဝါရီလနှစ်ရက်နေ့မှာ အချုပ်ထဲက မြန်မာအားလုံးကို ထိုင်း-မြန်မာအာဏာပိုင်တွေက ညှိနှိုင်းပြီး ပြန်ပို့ပေးခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံလဝကအချုပ်ထဲမှာ ပြစ်ဒဏ်ကျခံပြီး ပြန်ပို့ရမယ့်အရေအတွက် တိုးလာနေပေမဲ့လည်း ကိုဗစ်ကပ်ဘေးကာလကစလို့ မြန်မာဘက်က ပြန်ပြီး လက်ခံနိုင်တဲ့ အရေအတွက်က အကန့်အသတ်ရှိနေခဲ့တာပါ။ ဒါကြောင့် တလကို တကြိမ်နှစ်ကြိမ် စသဖြင့် လူဦးရေကိုလည်းအကန့်အသတ်နဲ့သာ ပြန်ပို့ပေးနေရတာကြောင့် တချို့လူတွေဟာ ထိုင်း လဝကအချုပ်ထောင်ထဲမှာ ၆ လကျော် ၇ လလောက်အထိ ဆက်ပြီး နေထိုင်နေခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် လွတ်ရက်စေ့မြန်မာတွေဟာ ၂၀၂၂ ခုနှစ်မှာရော ၂၀၂၃ ခုနှစ်မှာပါ လ၀က အချုပ်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG