သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်းပြစ်ဒဏ်ကျခံပြီး မြန်မာ ၂၀၀ နီးပါး  မြန်မာနိုင်ငံပြန်ပို့ 


ထိုင်းနိုင်ငံထဲ ပြစ်ဒဏ်အသီးသီးကျခံပြီး ရနောင်းမှာ ဆက်ပြီးထိန််းသိမ်းခံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ဝန်းကျင်ကို ပြန်ပို့ပေးလုပ်ငန်းစဥ်။ (ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၄/ Photo: official photo)
ထိုင်းနိုင်ငံထဲ ပြစ်ဒဏ်အသီးသီးကျခံပြီး ရနောင်းမှာ ဆက်ပြီးထိန််းသိမ်းခံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ဝန်းကျင်ကို ပြန်ပို့ပေးလုပ်ငန်းစဥ်။ (ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၄/ Photo: official photo)

ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်အသီးသီးမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ နီးပါးကို ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်အသီးသီးက အကျဥ်းထောင်တွေကနေ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉၇ ယောက်ကိုနေရပ်ကိုပြန်ပို့လိုက်တယ်လို့ ထိုင်းအစိုးရဘက်ကထုတ်ပြန်ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးက အခုလိုပြောပါတယ်။

"မနေ့ကတော့ ရနောင်း လဝက အချုပ်ခန်းကနေ ပြန်လွတ်တဲ့သူ ထိုင်းကထုတ်ပြန်တဲ့စာရင်းအရတော့ ၁၉၇ ယောက်ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။"

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်အမျိုးမျိုးနဲ့အဖမ်းအဆီးခံရတဲ့မြန်မာတွေ လွတ်ရက်စေ့တဲ့အခါ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ဖို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးအချုပ်မှာ ဆက်ပြီး ထိန်းသိမ်းထားလေ့ ရှိပါတယ်။ အဲဒီလို လနဲ့ချီပြီး အချုပ်ထဲမှာ ကြန့်ကြာနေတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကပဲ 'နှစ်သစ်ကူးမှာအမိမြန်မာနိုင်ငံကိုပြန်ပို့ပေးပါ' ဆိုတဲ့စာတမ်းကို ကိုင်ပြီး မြန်မာ၂၀၀ ကျော်က ဆန္ဒပြခဲ့ပါတယ်။ အဲဒီလို ဆန္ဒပြမှုမျိုးကလည်း နှစ်စဥ် ရှိတတ်ကြောင်း ဦးမင်းဦးကလည်းပြောပါတယ်။

"တချို့ကတော့ ငါးလ ခြောက်လလောက်နေရတယ်။ များသေားအားဖြင့်တော့ နှစ်လ သုံးလနေရတဲ့သူတွေကတော့ ဘယ်လိုမှ သည်းညည်းမခံနိုင်ကြတော့ ဆန္ဒပြဖြစ်ကြတာပဲ။"

ကိုဗစ်ကပ်ဘေးကာလကစပြီး မြန်မာဘက်က လက်ခံနိုင်တဲ့အရေအတွက်ပေါ်မူတည်ပြီး လူစုခွဲပြီး တလကို တကြိမ် ၂ ကြိမ်ခန့်သာ လူအကန့်အသတ်နဲ့ ပြန်ပို့ပေးနေတာကြောင့် ကြန့်ကြာနေရပြီး အချုပ်ထောင်ထဲမှာ ၆ လကျော် ၇ လလောက်အထိ ဆက်ပြီး နေထိုင်နေရသူတွေလည်းရှိခဲ့ပါတယ်။ ဒီအတွက်ကြောင့် လွတ်ရက်စေ့မြန်မာတွေဟာ နေရပ်ပြန်ပို့ပေးဖို့အတွက် ၂၀၂၂ ၊ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ၃ နှစ်ဆက်တိုက် ရနောင်း လဝက အချုပ်မှာ ဆန္ဒပြတာတွေလည်း ရှိခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG