မန္တလေးတိုင်း မိုးကုတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ကြား ဒီကနေ့ မနက်က တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့သလို၊ နေ့ခင်းပိုင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းက ပစ်ခတ် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ တနင်္လာနေ့ ညပိုင်းကလည်း မူဆယ်မြို့နယ်မှာရှိတဲ့ TNLA စခန်းကို လေကြောင်းက ၂ ကြိမ် ထက်မနည်း တိုက်ခိုက်တာခံရတယ်လို့ TNLA က ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ TNLA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို မဆုမွန်က တင်ပြထားပါတယ်။
စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲတွေဟာ ဇူလိုင်လ နောက်ဆုံးပတ်က စတင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းမှာသာမက မန္တလေးတိုင်း မိုးကုတ်မြို့နယ် အတွင်းမှာပါ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာပါ။ ဒီကနေ့ မနက်ပိုင်းက မိုးကုတ်မြို့နယ်၊ ရေထွက်ကြီးရွာမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့တယ်လို့ TNLA ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး တာ့အိုက်ကျော်က ပြောပါတယ်။
“ဒီမနက်မှာတော့ မိုးကုတ် ရေထွက်ကြီးမှာလည်း ဖြစ်တယ်။ တနေရာဖြစ်တယ်။ ဒီစောစောလောက်ကပဲ အဲဒီမှာ ပြန်ဖြစ်သေးတယ်လို့ သိရတယ်။ တိုက်ပွဲ အသေးစိတ်ကတော့ မရသေးဘူးခင်ဗျ။”
အဓိက တိုက်ပွဲဖြစ်တဲ့ နေရာတွေကတော့ မိုးကုတ်-ပြင်ဦးလွင် ကားလမ်းတကြောက လယ်ကြီး၊ ကုန်းစံ၊ အထက်ညောင်ကုန် စတဲ့ ရွာတွေအနီးမှာ ဖြစ်ခဲ့တာပါ။ ဒီလ ၁၅ ရက်နေ့မှာတော့ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
ဒီကနေ့ နေ့ခင်း ၁ နာရီလောက်က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ငေ့ါငါးရွာကို စစ်ကောင်စီဘက်က လာရောက် ပစ်ခတ်တာ ရှိသလို၊ မနေ့ တနင်္လာနေ့ ညပိုင်းမှာတော့ မူဆယ်မြို့နယ်က သူတို့ တပ်စခန်းကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အကြောင်း ဒုဗိုလ်မှူးကြီး တာ့အိုက်ကျော် က ပြောပါတယ်။
“ ဒီနေ့လည် ၁ နာရီလောက်မှာပေါ့။ ငေ့ါငါးရွာ၊ ကွတ်ခိုင်မြို့နယ်ထဲက ငေ့ါငါးရွာကို လာပစ်သွားတယ်လို့ ပြောတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး။ အထိအခိုက်လည်း မသိရသေးဘူး။ အဲဒီမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမရှိဘူး။ ရွာထဲမှာ လာပစ်တာဖြစ်တယ်။ မနေ့ညကပေါ့။ မနေ့ကလည်း ကျနော်တို့ရှိတဲ့ မူဆယ်ဘက်ခြမ်းတော့ လာရောက်ပစ်ခတ်တာတွေ ရှိတယ်။ ၃- ၄ ကြိမ်လောက်တော့ ပျံဝဲသွားတယ်။ အဲဒီ ဂျက်လေယာဉ်တွေနဲ့ တခါလာရင် ၂ စီး၊ ၁ စီး သူ အဲ့လိုမျိုး ပတ်နေတာပေါ့။ တောထဲမှာလည်း အဲ့လိုမျိုးတွေ လျှောက်ပစ်နေတယ်လို့ သိရတယ်။”
PSLF/TNLA သတင်းပြန်ကြားရေးဌာနကတော့ ဒီလ ၂၅ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်နဲ့ ၁၀ နာရီ ၂၃ မိနစ်မှာ လေယာဉ် ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ၊ ၁၀ နာရီခွဲမှာ လေယာဉ်တစီးနဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်းနဲ့ လွယ်မောက်စခန်းပေါ်ကို ဗုံး ၂ လုံး ကျရောက်တာကြောင့် စခန်း အဆောက်အဦးအချို့ ထိခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးတာတော့ မရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုဟာ မူဆယ်မြို့နယ်အတွင်း ၃ ရက်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် လာရောက် တိုက်ခိုက်တာလို့လည်း ဖော်ပြထားပါတယ်။ မူဆယ်မြို့ခံတဦးကတော့ မနေ့ညက လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အချိန် ပြင်းထန်တဲ့ ပေါက်ကွဲသံ ၈ ကြိမ်လောက် ကြားရတယ်လို့ ပြောပါတယ်။
“မနေ့ညက လေယာဉ်နဲ့ လာကြဲတာက ၂ ခေါက်၊ ၃ ခေါက်လောက် ရှိတယ်။ လာဝဲပြီးတော့ ကြဲတာပေါ့နော်။ ဗုံးကြဲတာပေါ့။ အသံအကျယ်ကြီး ကြားရတာကတော့ ၈ ခါလောက် ရှိတယ်။ လေယာဉ်တော့ တွေ့တာ ၁ စီးပဲ တွေ့တယ်။ ကျန်တဲ့ အပိုင်းတွေကတော့ ကောင်းကောင်းမမြင်ရဘူး။ မှောင်တယ်ဆိုတော့၊ ဖြစ်တဲ့နေရာက မော်တောင်း ဘက်ဆိုတော့ မူဆယ်ရဲ့အရှေ့ဘက် ၁၀ မိုင်ကျော်လောက် ရှိမယ်။”
အထိအခိုက်သတင်းတော့ မရကြောင်းနဲ့ ဒီကနေ့ မနက် ၄ နာရီလောက်မှာလည်း မူဆယ်မြို့အတွင်း သေနတ်ပစ်ခတ်သံတွေ ကြားရကြောင်း ပြောပါတယ်။ ဒီလ ၂၂ ရက်နေ့ကလည်း မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သလို ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းက ၂ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
ဇူလိုင်လ ၂၃ ရက်က စပြီး စစ်ကောင်စီတပ်နဲ့ TNLA အကြားမှာ တိုက်ပွဲ အကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေဟာ မိုးကုတ်၊ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ် အတွင်းမှာ အများစု ဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။