သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝန်း အခြေခံပညာကျောင်းဖွင့် တက်ရောက်သူနည်းပါး


ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အခြေခံပညာ ကျောင်းတကျောင်းတွင် တွေ့ရတဲ့ ကျောင်းသားများ။ (ဇွန် ၀၁၊ ၂၀၂၁)
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အခြေခံပညာ ကျောင်းတကျောင်းတွင် တွေ့ရတဲ့ ကျောင်းသားများ။ (ဇွန် ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

ဒီနေ့ ဇွန် ၁ ရက်မှာ မြန်မာနိုင်ငံတဝန်းက အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ခဲ့ပေမဲ့ ကျောင်းတက်သူ အတော် နည်းပါးပါတယ်။ လုံခြုံရေးနဲ့ ကိုဗစ်ကပ်ရောဂါကူးစက်မယ့် စိုးရိမ်မှုတွေကြောင့် ကျောင်းပြန် မတက်ကြသလို၊ စစ်အာဏာရှင်လက်ထက် ကျောင်းမတက်ဘဲ သပိတ်မှောက်နေကြသူတွေလည်း ရှိပါတယ်။ ပထမဆုံး ကျောင်းပြန်ဖွင့်ရက် ကျောင်းတွေရဲ့ အခြေအနေအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မစုမြတ်မွန် ပြောပြပါမယ်။

၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တဲ့ ဒီနေ့ ရန်ကုန်မြို့ထဲက ကျောင်းတော်တော်များများ ခြောက်ကပ်နေပါတယ်။ အရင်ကဆို ကျောင်းဖွင့်ရက် ယာဉ်ကြောပိတ်ဆို့တဲ့အထိ ကြိတ်ကြိတ်တိုးနေလေ့ ရှိတဲ့ ကျောင်းတွေမှာကို ကျောင်းတက်သူ အတော်လေး နည်းပါးပါတယ်။ နာမည်ကြီးကျောင်းတချို့အပါအဝင် ကျောင်းအများစုမှာ လုံခြုံရေးတွေကို တင်းကြပ်စွာ ချထားတာတွေ့ရပြီး ကျောင်းနဲ့အနီးတဝိုက် လမ်းတွေမှာ အတားအဆီးတွေ ချထားတာ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက လုံခြုံရေးစောင့်နေတာမျိုး တွေ့ရပါတယ်။ ကျောင်းတက်သူ နည်းပါးတာကြောင့် သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပနဲ့ ရန်ကင်းမြို့နယ်ထဲက တချို့ ကျောင်းတွေမှာ မူလ နှစ်ချိန်ကျောင်းကို တစ်ချိန်ကျောင်းအဖြစ် ပြောင်းလဲခဲ့တာမျိုးလည်း ရှိပါတယ်။ ကျောင်းမုန့်စားဆင်းချိန်မှာလည်း သီးသန့်အချိန် မသတ်မှတ်ဘဲ ကျောင်းအခန်းထဲမှာသာ မုန့်စားခွင့်နဲ့ ဆော့ကစားခွင့်ပေးတာမျိုးတွေ ရှိတယ်လို့ ကျောင်းတက်တဲ့ ကလေးငယ်တချို့က ပြောပြကြပါတယ်။ စစ်ကောင်စီ အုပ်ချုပ်နေချိန်မှာ ကလေးတွေကို ကျောင်းပြန်မအပ်ကြဖို့၊ ဆရာတွေကို အလုပ်ခွင် ပြန်မဝင်ဘဲနေဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။ တချို့မိဘနဲ့ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း ကျောင်းပြန်မတက်ဘဲ သပိတ်မှောက်နေကြပါတယ်။ ဒီနေ့ ကျောင်းပြန်တက်တဲ့ စတုတ္ထတန်းကျောင်းသူရဲ့ မိခင်ကတော့ သမီးက ပူဆာလို့ စိုးရိမ်စိတ်နဲ့ပဲ ကျောင်းပြန်ထားခဲ့တယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။

"ကလေးကျောင်းမအပ်ခင်ကတည်းက လမ်းထဲက လူတွေက နင့်သမီးကျောင်းထားမလား၊ ကလေးချင်း၊ ကလေးချင်း ဆော့အုံး... ငါတို့မေမေက ကျောင်းမအပ်ရဘူးပြောတယ်။ နင်တို့ အမေကရော ကျောင်းအပ်လားမေးတော့... ကလေးကလည်း အပ်မယ်ပေါ့ ပြောလိုက်မိတာပေါ့။ အပ်တယ်ဆို နင်တို့သွားပြီ... ပြီးတော့လည်း ရပ်ကွက်ထဲမှာ လူတွေက ခနဲ့သလိုနဲ့ ကိုယ့်ကိုပြောတယ်။ မတက်နဲ့ဆိုတော့ ငိုယိုတယ်။ သူ့ဘကြီးက လိုက်အပ်ပေးတော့ နီးနီးနားပဲလေပေါ့။ နောက်ဒီရပ်ကွက်က တော်တော်တန်တန် မဖြစ်ပါဘူး။ ဒီဘက်မှာ မစိုးရိမ်ရဘူး။ အဲဒီလိုကြောင့် တခြားရပ်ကွက်ဆို ကိုယ်လည်း ကိုယ့်သားသမီးပို့မှာ မဟုတ်ဘူး။"

အခြေခံပညာကျောင်းတွေ ပြန်ဖွင့်နေချိန်မှာ ရုံးမတက် အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ဆရာဆရာမတွေ ရှိတာကြောင့် တချို့ကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာ အချိုးမညီမျှတဲ့ ပြဿနာတွေ ရှိနေပါတယ်။ စစ်ကောင်စီက လစ်လပ်သွားတဲ့ ဆရာတွေနေရာမှာ အစားထိုးဖြည့်ဖို့ လုပ်နေပေမဲ့ ကျောင်းတော်တော်များများမှာ ဆရာတွေ အပြည့် မဖြည့်နိုင်သေးပါဘူး။ ပဲခူးတိုင်း ဖြူးမြို့နယ်တခုထဲတင် CDM လုပ်တဲ့ ဆရာ၊ ဆရာမ အယောက် ၇၀၀ ထက်မနည်းကို စစ်ကောင်စီက အလုပ်နားလိုက်တာမှာ ခုချိန်ထိ ပြန်လည်အစားမထိုးနိုင်သေးသလို ကျောင်းတက်နှုန်းလည်း နည်းတယ်လို့ အဲဒီဒေသက ကျောင်းဆရာတဦးကပြောပါတယ်။

"အထက ၁ ကျောင်း တကျောင်းတော့သိတယ်။ စာရင်းရှိ ၂,၄၀၀ မှာ ပြန်တက်တာ၊ ကျောင်းအပ်တာ ၆၀၀ လောက်ရှိတယ်။ ခုတော့ ဆရာမတွေခေါ်နေတာပဲ။ လျှောက်လွှာတွေနဲ့။ ဒီလ ၁၅ ရက်မှ ဖောင်ပိတ်မယ်။ အဲဒီကျတော့ အဲဒီလျှောက်လွှာတွေကို ခရိုင်ရုံးကို ပို့လိုက်မှာလေ... သူတို့ဘယ်လို ဆက်လုပ်မယ်ဆိုတာတော့ မသိသေးဘူး။"

ကျောင်းမတက်ဘဲ အာဏာဖီဆန်ရေးလုပ်တဲ့ အခြေခံပညာ ဆရာ ဆရာမ ၁၀၀,၀၀၀ ထက်မနည်းကို စစ်အုပ်ချုပ်ရေးကောင်စီက အလုပ်က ရပ်နားခဲ့ပါတယ်။

ခုလို ဆရာ ဆရာမ မလုံလောက်တဲ့ ပြဿနာအပြင် လုံခြုံရေး စိုးရိမ်စရာ အခြေအနေလည်း ဖြစ်နေပါတယ်။ အရင်ရက်တွေထဲက မြို့နယ်တချို့က ကျောင်းတချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သလို ဒီနေ့ ကျောင်းစဖွင့်တဲ့နေ့မှာလည်း အခြေခံပညာကျောင်းတချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကျောင်းသားမိဘတွေက ကလေးတွေ သင်ကြားမှု အဆက်မပြတ်စေချင်ပေမဲ့ ကလေးတွေရဲ့ လုံခြုံရေး အာမခံချက် မရှိတာနဲ့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ကျောင်း ပြန်မပို့ကြတာလည်း ပါပါတယ်။ စစ်ကောင်စီကတော့ ကိုဗစ် စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ကျောင်းတွေတက်နိုင်ဖို့ စီစဉ်ထားတယ်လို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ ဒီကနေ့ကျောင်းဖွင့်ချိန်မှာတော့ ကျောင်းအများစုမှာရော၊ ကျောင်းသားတွေဘက်ကပါ ကိုဗစ်စည်းကမ်းချက်တွေ လိုက်နာကျင့်သုံးမှု အားနည်းနေတာကို တွေ့ရပါတယ်။ ကိုဗစ်မကူးစက်အောင် ကာကွယ်မှုတွေ လုပ်ထားတာကလည်း နှာခေါင်းစည်းအခမဲ့ ဝေဖို့၊ မျက်နှာအုပ်အကာအကွယ်နဲ့ လက်သန့်ဆေးရေ အခမဲ့ဝေဖို့ လုပ်ထားတယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီကပြောထားပေမယ့် တချို့နေရာတွေမှာ မရှိဘူလို့ ကျောင်းသားမိဘတွေကပြောကြပါတယ်။

အခုနှစ်စာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ချိန်မှာ တနိုင်ငံလုံးကျောင်းတက်ရမယ့် ကျောင်းသားဦးရေ စုစုပေါင်းက ၁၁,၀၀၀,၀၀၀ ရှိလို့ မြန်မာနိုင်ငံ ဆရာ ဆရာမများသမဂ္ဂကစာရင်းပြုစုထားပါတယ်။ ၁၁,၀၀၀,၀၀၀ ထဲမှာ ၉,၀၀၀,၀၀၀ က အထက်တန်းကျောင်းသားကျောင်းသူ အရေအတွက်ဖြစ်ပါတယ်။ သမဂ္ဂအမှုဆောင်တယောက် ဒီနေ့ ကျောင်းဖွင့်တဲ့အခြေအနေကို ခုလို သုံးသပ်ပါတယ်။

"တချို့နေရာတွေကျတော့ ကျောင်းသားက များပြီးတော့ ဆရာတွေက မလုံလောက်ဘူး။ တချို့နေရာတွေမှာကျတော့ ဆရာတွေက CDM မလုပ်တဲ့အတွက် ရှိနေတယ်။ မိဘတွေ တော့ရှိတယ်။ ေကျာင်းသားတွေက CDM လုပ်တော့ မလာဘူး။ မိဘတွေ CDM လုပ်တော့ ကျောင်းသားကျောင်းတက်တာ တော်တော်ကို နည်းနေတယ်။ လက်ရှိ ကျန်နေတဲ့ ဆရာဆရာမလောက်နဲ့တော့ သူတို့ မရ၊ ရအောင် လည်ပတ်မယ့် အနေအထားရှိတာပေါ့နော်။ အဲဒီတော့ ကျောင်းသားကလည်း မရှိသလောက်နည်းနေတယ်။ လက်ကျန်ရှိတဲ့ ဆရာမတွေနဲ့ လည်ပတ်ပြီး ဖြစ်သလိုသွားမယ်.. သူတို့ကလည်း သူတို့အုပ်ချုပ်တာ နိုင်နင်းပါတယ်လို့ သူတို့က သရုပ်ဖော်ချင်တဲ့အတွက် ထုံးစံအတိုင်း အရင်စစ်အစိုးရတွေအဆက်ဆက်မှာလည်း တည်တည်ငြိမ်ငြိမ်ဖြစ်တယ်ဆိုတာ ပြချင်လို့ ကျောင်းဖွင့်ပြတယ်။ ဒီတခေါက်မှာတော့ ကျောင်းက ခုဏကလို ကိုဗစ်ကြောင့်မဟုတ်ဘဲ စစ်ကောင်စီအစိုးရ ဖွင့်တဲ့ကျောင်းကို လက်မခံနိုင်ဘူးဆိုတဲ့ အနေအထားမျိုးနဲ့ ဆရာတွေကလည်း CDM လုပ်တယ်။ ကျောင်းသားတွေကလည်း မသွားတာ။"

တနိုင်ငံလုံးကျောင်းအပ်နှုန်းနဲ့ ဒီနေ့ ကျောင်းတက်နှုန်း အတိအကျကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ မြို့နယ်ခရိုင် ကျောင်းပညာရေးမှူးတွေဆီကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းပေမဲ့ ဖြေဆိုမယ့်သူ မရှိတာ ဖြေဆိုခွင့်ပေးမထားလို့ မပြောနိုင်ဘူးလို့ တုံ့ပြန်ကြပါတယ်။ ၂၀၂၀ ခုနှစ် ပညာသင်နှစ်ကတည်းက ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ကျောင်းတွေကို၊ တစ်နှစ်ကျော်အကြာ ဒီနေ့ ပြန်ဖွင့်တာ ဖြစ်ပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေကြောင့် ရန်ကုန်မြို့မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်သူတွေ သိသိသာသာ နည်းပါးနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG