[Zawgyi/Unicode]
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်တွေက အကြမ်းဖက်နှိမ်နင်းခဲ့တဲ့နောက် အခု နောက်ပိုင်း နိုင်ငံအတွင်း နေရာဒေသအနှံ့မှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေ ရက်ဆက် ဖြစ်ပွားနေပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဆန္ဒပြမှုတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ပစ်ခတ်ဖြိုခွဲနေတဲ့ကြားကပဲ လျှပ်တပြက် ဆန္ဒပြမှုတွေရှိနေသလို ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ၊ ရဲစခန်းတွေကို ပစ်မှတ်ထားတဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာတာပါ။
ဒီကနေ့ ဧပြီ ၂၈ ရက် မနက်ပိုင်းမှာ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၊ ချင်းပြည်နယ် တီးတိန်မြို့၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အပါအဝင် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့တွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဆိုင်ကယ်တွေနဲ့ ဒီနေ့မနက်ပိုင်းမှာ လာရောက်ပြီး ထိုင်းနယ်စပ်စစ်ဆေးရေးဂိတ်၊ ကြံ့ခိုင်ရေးပါတီရုံးနဲ့ ရပ်ကွက် ၃ က ကြံ့ခိုင်ရေးပါတီဝင်နေအိမ် တစ်အိမ်မှာ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
ထိုင်းနယ်စပ် စစ်ဆေးရေးဂိတ်အရောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ငယ်နဲ့ ပြန်ပစ်လိုက်တာကြောင့် တင်းမာမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
“ဒီမနက် ၉ နာရီမထိုးခင် ၁၅ မိနစ်လောက်မှာ အဲ့မှာ ချက်ပွိုင့်နေရာမှာ ပေါက်ကွဲမှုဖြစ်တယ်။ ဖြစ်တဲ့အခါမှာ အဲဒီမှာ ချက်ပွိုင့်က နယ်စပ်ဂိတ်စခန်းကို အဲ့ဒီမှာ အဖွဲ့တစ်ဖွဲ့က ဒီလက်ပစ်ဗုံးနဲ့ ပစ်ခွဲတာ။ ခွဲတဲ့အချိန်မှာ တပ်ကလည်း လက်နက်ငယ်နဲ့ ပြန်ပစ်တယ်။ ပြန်ပစ်တော့ ပစ်လိုက်တဲ့ နှစ်လုံး၊ နှစ်လုံးပစ်လိုက်တယ်။ တစ်လုံးထကွဲတယ်၊ တစ်လုံးက မကွဲဘူး။”
ပေါက်ကွဲမှုကြောင့် လူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာပြင်းထန်သလားဆိုတာနဲ့ ထိခိုက်သူ ဘယ်သူလဲဆိုတာတွေကိုတော့ အတိအကျမပြောနိုင်သေးဘူးလို့ ဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။
“တစ်ပြိုင်တည်းမှာပဲ အဲ့ဒီကျနော်တို့ ကြံ့ခိုင်ရေးရုံးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်သွားတယ်၊ အဲ့ဒီလိုပဲ လက်ပစ်ဗုံးနဲ့ ပစ်ပြီးတော့ ခွဲလိုက်တယ်။ နောက်တစ်နေရာထပ်ကွဲတဲ့ အခါကျတော့ နောက်တစ်နေရာ ရပ်ကွက် ၃ မှာရှိတဲ့ ကြံ့ခိုင်ရေး ပါတီဝင်တစ်ယောက်ရဲ့အိမ်မှာလည်း အဲ့ဒီမှာလည်း တစ်ယောက်ကတော့ မိုင်တစ်လုံး ပေါက်ကွဲတာ သုံးနေရာဖြစ်တာပေါ့၊ ဒီ…အဲ့ဒီကြံ့ခိုင်ရေးရုံးမှာ ပစ်ခွဲတဲ့နေရာမှာ အရှေ့မှာ ရှိတဲ့ တရုတ်ရုံးက ရှိနေတော့ တရုတ်ရုံးမှာ စောင့်နေတဲ့အဖွဲ့တွေက သေနတ်တွေနဲ့ ဝိုင်းပစ်ကြတာ မိုးပေါ်ထောင်ပြီး ခြောက်လှမ်းပြီးတော့ သူတို့ ဆိုင်ကယ်ရပ်ခိုင်းတာ ဆိုင်ကယ်တွေက ပြေးသွားတာ တစ်ယောက်က ဆိုင်ကယ်ကျန်သွားတယ်။ လူကထွက်ပြေးသွားတယ်။ အဲ့ဒီလူရဲ့ အိမ်မှာ တပ်က သွားပြီးတော့ အိမ်ကို သွားရိုက်ဖျက်ဆီးလိုက်တယ်ပေါ့၊ အဲ့ဒီ ချက်ပွိုင့်က တစ်ခါ အဲ့ဒီအဖွဲ့တစ်ဖွဲ့က မပေါက်ကွဲသေးတဲ့ အလုံးကို သေနတ်နဲ့ သွားပစ်ခွဲတယ်။ အဲ့ဒီသေနတ်ပစ်ပြီး ဖြစ်ပွားပြီးတော့ လူတစ်ယောက်ထိတယ်လို့ သတင်းရတယ်။”
ကရင်ပြည်နယ် ဘုရားသုံးဆူနယ်မြေမှာ တိုင်းရင်းသား လက်နက်တွေဖြစ်ကြတဲ့ မွန်ပြည်ပါတီ၊ KNU၊ BGF အပါအဝင် DKBA တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေတဲ့ နယ်မြေဒေသတစ်ခုလည်း ဖြစ်ပါတယ်။
အလားတူ ဒီနေ့မနက်ပိုင်း ချင်းပြည်နယ်၊ တီးတိန်မြို့ မြို့မရပ်ကွက်မှာ ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပေမယ့် လူထိခိုက်မှု မရှိဘူးလို့ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးလည်းဖြစ် တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဂင်ကန်းလျံက ပြောပါတယ်။
“ဘာမှတော့ မထိပါဘူး၊ လက်လုပ်ဗုံးလောက်ပဲ ထင်တယ်လေ။ ထိခိုက်မှုတော့ မရှိပါဘူး။ အခုပစ်တာ ၁၃ လမ်း ရပ်ကွက်ရုံးမှာဖြစ်တာ။ မြို့မရပ်ကွက်နဲ့ ၁၃ လမ်းရပ်ကွက်၊ ရပ်ကွက် နှစ်ခုမှာပေါ့။ (ထိခိုက်မှု) မထိဘူး၊ မထိဘူး။”
ကချင်ပြည်နယ် ဗန်းမော်မြို့ စုပေါင်းရုံးဘေးနားမှာ ဒီနေ့ မနက် ၈ နာရီခွဲလောက်က ဗုံးပေါက်မှုဖြစ်ပွားပြီး ဒီတစ်ကြိမ်အပါအဝင် ပေါက်ကွဲမှုုဖြစ်တာ သုံးကြိမ်ရှိနေပြီးလို့ ဗန်းမော်ဒေသခံ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် လူအထိအခိုက်မရှိပေမယ့် စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကြပ်ပြီး ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဟုတ်တယ်။ ကျနော်တို့ သိရသလောက်ကတော့ ဗုံးပေါက်တာဗျ။ ဒီနေ့မနက် ၈ နာရီခွဲလောက်မှာလည်း တစ်ကြိမ်ပေါက်တယ်။ ဒီနေ့မနက်ကကျတော့ ကျနော်တို့ ဒီစုပေါင်းရုံးပေါ့၊ စုပေါင်းရုံးဘေးနားမှာ ပေါက်ကွဲတယ်။ ၂၆ ရက်နေ့မှာကျတော့ ဒီ ကျနော်တို့ ဗန်းမော်နဲ့ မိုးမောက် လမ်းမပေါ်ပေါ့။ လေယာဉ်ကွင်း မျက်နှာစာဘက်မှာ အဲ့ဒီနေ့မှာတော့ နှစ်ကြိမ်ပေါက်ကွဲတယ်ပေါ့။ လောလောဆယ်တော့ စုပေါင်းသုံးကြိမ်ပေါက်ကွဲပြီးဗျ။ လောလောဆယ်အထိကတော့ ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်တာမျိုးကတော့ ကျနော်တို့မရှိသေးတယ်။ မရှိသေးဘူးဆိုတာ မကြားမိသေးဘူးပေါ့။ လောလောဆယ်ကတော့ သူတို့ ဒီမနက် ၈ နာရီခွဲမှာ သူတို့ ဒီဗုံးပေါက်ကွဲပြီးတော့ အဲ့ဒီဟာကို ရှင်းလင်းရေးတွေ အဲ့ဒီမှာသူတို့ ဒီလမ်းတွေ ပိတ်ဆို့ပြီးမှာ ဒါရှာဖွယ်ရေး ဘာတွေလုပ်ကြတယ်။ အဲ့ဒီဟာတွေကိုတော့ ကျနော်တို့လှမ်းမြင်ရတယ်ပေါ့။”
မနေ့ည ၁၁ နာရီခွဲလောက်မှာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့နဲ့ ကြာကြီးကွင်းကျေးရွာအနီးမှာလည်း တဝက်ချောင်းကို သွားတဲ့ ရထားသံလမ်းတံတားနဲ့ မြစ်ကြီးနား-မန္တလေးကားလမ်းမပေါ်က ရေကျော်တံတားတွေ မိုင်းခွဲခံရပြီး ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ် ၁၀ ရပ်ကွက် ဓမ္မရာဇာလမ်းမှာတော့ ဒီနေ့ နေ့လယ် ၂ နာရီခွဲလောက်က ရဲစခန်းဝန်းကျင်မှာ ဗုံးတစ်လုံးပေါက်မှုဖြစ်ပွားခဲ့ပြီး ရဲတွေ ထိခိုက်မှုတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။
အလားတူပဲ မန္တလေးမြို့မှာလည်း ပေါက်ကွဲမှုတခုဖြစ်ပြီး လူတချို့ ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမဲ့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၄ ရဲတပ်ဖွဲ့ရိပ်သာရုံး ဗုံးပေါက်ကွဲခဲ့သလို ဧပြီ ၂၂ ရက်နေ့မှာ မူဆယ်မြို့ နာရီစင်အနီးမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။ ဧပြီလ ၂၅ ရက်နေ့ကတော့ သင်္ဃန်းကျွန်းမြို့နယ် သရက်တော၊ သုမင်္ဂလာ ၄ လမ်းက မြန်မာ့စီးပွားရေးဘဏ်မှာ ဗုံးပေါက်ပြီး လုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တခြားနေရာဒေသတွေမှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာရှိပါတယ်။
[Unicode Version]
ဆန်ဒပွမှုတှကေို စဈတပျနဲ့ ရဲက အကွမျးဖကျပဈခတျဖွိုခှဲနတေဲ့ကွားကပဲ လြှပျတပွကျ ဆန်ဒပွမှုတှရှေိနသေလို ရပျကှကျအုပျခြုပျရေးရုံးတှေ၊ ရဲစခနျးတှကေို ပဈမှတျထားတဲ့ ဗုံးပေါကျကှဲမှုတှေ ဆကျတိုကျဖွဈလာတာပါ။