သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CDM ဝန်ထမ်းများ စားဝတ်နေရေးအခက်ကြုံ


မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝဝါရီ ၁၉ ရက်နေ့က CDM ပါဝင်ကြတဲ့ မြန်မာ့မီးရထားဝန်ထမ်းများ
မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝဝါရီ ၁၉ ရက်နေ့က CDM ပါဝင်ကြတဲ့ မြန်မာ့မီးရထားဝန်ထမ်းများ

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကတည်းက အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး CDM လုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတချို့ စားသောက် နေထိုင်ရေးအတွက် အတော်လေး အခက်တေ့ွနေကြပါတယ်။ အလုပ်တာဝန် ရပ်နားခံရတာအပြင် တရားစွဲဆိုတာတွေအထိ ကြုံတွေ့နေရပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို နန်လဖိုင်က ကပြောပြပါမယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ပါဝင်နေကြတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေ၊ ရေနံမြေက ဝန်ထမ်းတွေဟာ အချိန်ကြာလာတာနဲ့ အမျှ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ CDM ပါဝင်နေတဲ့ ဝန်ထမ်းအတော်များများမှာ တာဝန်မှ ရပ်နားခြင်းခံရတာ အလုပ်ထုတ်ခံတာတွေ ရှိသလို အာဏာဖီဆန်တာကြောင့် ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုခံထားရတဲ့ အခြေအနေလည်းရှိနေပါတယ်။ မိသားစုနဲ့ တကွဲတပြား တိမ်းရှောင်နေရပြီး ပြည်သူတွေကူညီနေတဲ့ ထောက်ပံ့ကူညီမှုတွေကို လက်လှမ်း မမှီနိုင်ဖြစ်နေတဲ့ မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာနက CDM ပြုလုပ်နေတဲ့ ခေါင်းဆောင်တစ်ဦးက သူ့ရဲ့ အခက်အခဲကို ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“အခက်အခဲကတော့ မိသားစုတွေနဲ့ မရှိဘူး၊ သူတို့က သီးသန့်သွားပြီးတော့ တစ်နေရာမှာ သွားရှောင်နေရတယ်။ နောက် စားဝတ်နေရေးက ထောက်ပံ့တဲ့ အဖွဲ့တွေကလည်း နည်းတယ်၊ နည်းတယ်ဆိုတာက မရသလောက်ဖြစ်နေတာ CRPH ကလည်း လစာပေးမယ်ဆိုပြီးတော့ အခုချိန်ထိ လစာက မရသေး၊ ထောက်ပံ့ကြေးလည်းမရသေး အဲ့ဒီလိုဖြစ်နေတယ်။ အခုကတော့ဆရာတို့ကတော့ ပြေးရတာကတော့ အခုဆိုရင် ရှောင်နေရတာပေ့ါ တောထဲမှာ တောထဲရောက်နေတုန်းပေါ့။ အပွင့်အလင်းပြောရရင်တော့ ထောက်ပံ့ပေးတဲ့ လူတွေကိုလည်း ဒီမတရား အုပ်ချုပ်ထားတဲ့ အဖွဲ့တွေက ဖမ်းဖို့၊ ဆီးဖို့ လုပ်တဲ့အခါကျတော့ ထောက်ပံ့ကြေးပေးတဲ့ လူက မပေးရဲကြဘူး။ အမှန်တတော့ တရားဝင်အဖွဲ့အစည်းဖြစ်တဲ့ CRPH ကနေပြီးတော့ ဒီဝန်ထမ်းတွေအတွက်ကို ပံ့ပိုးပေးနိုင်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်မယ်ဆိုတဲ့အကြောင်း နောက်ပြီးတော့ အလှူရှင်များကိုလည်း ဆက်သွယ်ပြီးတော့ အရင်လှူနေတဲ့ အဖွဲ့တွေကိုလည်း ပြန်ပြီးတော့ ဆက်သွယ်ပြီးတော့ လှူနိုင်အောင် လှူပေးပါဆိုတဲ့အကြောင်းလည်း ပြောချင်ပါတယ်။”

ရန်ကုန်မြို့က မီးရထားဝန်ထမ်းတွေမှာ CDM လှုပ်ရှားနေကြသူ ထောင်ချီရှိပါတယ်။ CDM ခေါင်းဆောင်တချို့နဲ့ လှုပ်ရှားသူတချို့လည်း တပ်မတော်ကို ပြိုပွဲအောင် လုပ်ဆောင်တဲ့ ပြစ်မှု၊ အများပြည်သူ တည်ငြိမ်ပျက်ပြားအောင် လှုံ့ဆော်တဲ့ ပြစ်မှုတွေ တပ်ပြီး အမှုဖွင့်ခံထားရပါတယ်။ CDM လုပ်နေတဲ့ ဝန်ထမ်းတွေ လစာမရကြသလို ဝန်ထမ်းလိုင်းခန်းကနေလည်း ဖယ်ရှားခံနေရပါတယ်။ CDM ပါဝင်လို့ အလုပ်ရပ်နားခံရတာ အလုပ်ထုတ်ခံရတာကြောင့် ရှောင်ပြေးနေတဲ့ကြားကပဲ ဝင်ငွေရရာအလုပ်ကို ရှာကြံနေရလုပ်နေရတဲ့သူလည်း ရှိတယ်လို့ ရေနံမြေကCDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“နှစ်လပိုင်း ၈ ရက်နေ့က စလုပ်တယ်။ ဒါပေမဲ့ နှစ်လပိုင်းလကုန်လောက် သူတို့က CDM ဝန်ထမ်းတွေကို လစာမပေးတော့ လစာ တအားဖျက်တယ်။ နှစ်လပိုင်း၊ သုံးလပိုင်းဆို စားဝတ်နေရေးအခက်အခဲကတော့ နှစ်လပိုင်း ပထမ စစခြင်းဆိုတော့ နည်းနည်းတောက်ခံလိုရသေးတယ်။ ကျနော်က၊ သုံးလပိုင်း တစ်လဆို တချို့ဝန်ထမ်းတွေ နည်းနည်းရတဲ့ဝန်ထမ်းတွေ အပြင်အလုပ်တွေ လုပ်တယ်ပြောတယ်။ ရတဲ့ဝန်ထမ်း လုပ်တဲ့ဝန်ထမ်းတွေ ရတယ်ပေ့ါ။ အဆင်ပြေလားဆိုတော့ ပြေတာတော့ မပြေဘူးဗျ။ ဝန်ထမ်းတွေဆိုတော့ အစိုးရဝန်ထမ်းတွေဆိုတော့ လစာကလည်းမရ၊ လိုင်းခန်းကလည်း ဖယ်ပေးရဆိုတာကျတော့ အဲ့ဒီလို ဝန်ထမ်းတွေမှာလည်း အခက်အခဲတော်တော်များများ ရှိတာပေ့ါ။”

CDM ပါဝင်နေတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ဝင်ဖို့ စစ်ကောင်စီက ခြိမ်းခြောက် ဖိအားပေးတာတွေလည်းရှိပါတယ်။ ဖိအားအမျိုးမျိုးနဲ့ စစ်ကောင်စီက မက်လုံးပေးဆွဲဆောင်မှုကြောင့် ရေနံမြေလုပ်သား ၅၀၀ လောက်ကတော့ လုပ်ငန်းခွင် ပြန်ဝင်နေကြပါတယ်။ တစ်နေရာနဲ့ တစ်နေရာ ရှောင်ပြေးနေရလို့ ငွေရေးကြေးရေး အခက်ခက်ဖြစ်နေတဲ့ ရန်ကုန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM ဝန်ထမ်းတစ်ဦးကလည်း သူ့အခက်အခဲကို ခုလို ပြောပါတယ်။

“CDM လုပ်တယ်ဆိုတော့ ကိုယ်နေနေကျနေရာမှာ နေနေလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ အဲ့ဒီအတွက်ကြောင့်မို့လို့ နေနေကျနေရာမှာ မနေဘဲနဲ့ တခြားနေရာမှာ ပြောင်းနေတယ်။ နေတယ်ဆိုပေမဲ့လည်း တစ်နေရာနဲ့ တစ်နေရာတော့ ဒီလိုပဲ ရွှေ့ပြောင်းပြီးသွားလာနေရတယ်။ စားဝတ်နေရေး အခက်အခဲဆိုတာကျတော့ ဝန်ထမ်းဆိုတော့လည်း အကြွေးကတော့ရှိကြတယ်။ ဝန်ထမ်းဆိုရင် အဲ့ဒီအတွက်ကြောင့်မို့လို့ တစ်လ၊ တစ်လ အဲ့ဒီတွေကို ပေးနိုင်ဖို့အတွက် ပထမတစ်လလောက်ကတော့ ထောက်ပံ့တဲ့လူတော့ ရှိတယ်။ နောက်ပိုင်းကကျတော့ ထောက်ပံ့တဲ့ လူကမရှိတော့ဘူး။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကိုယ့်မှာရှိတဲ့ ဟာနဲ့ပဲ စားဝတ်နေရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရတယ်။ အခက်အခဲကတော့ ရှိနေတာပဲ အချိန်မှာတော့ ခက်ခဲနေပြီး ခက်ခဲတဲ့ကြားထဲကပဲ တောင့်ခံထားတယ်။”

အာဏာဖီဆန်ရေး CDM မှာ ပါဝင်ပြီး အလုပ်ထုတ်ခံထားရတဲ့ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM ဝန်ထမ်းတစ်ဦးကလည်း ဒီအခြေအနေမှာ တခြားအလုပ်တစ်ခု ရရှိဖို့ ခဲရင်းတယ်လို့ ပြောပါတယ်။

“ဝန်ထမ်းတောင် မလုပ်တော့ဘူးဆိုတော့ ဘာအလုပ်မှ မရှိဘူး။ ဘယ်အလုပ်မှလည်း ဒီအချိန်ကြီးမှာ ရှာလို့မရဘူး။ လူတွေက ကိုဗစ်ကပ်ရော ဒီအခြေအနေကြီးရော နှစ်ခုလုံးရင်ဆိုင်နေရတဲ့အခြေအနေ တခြားအလုပ်တွေကလည်း ခေါ်ဖို့ အစီအစဉ်ဆိုတာကလည်း ဝေးတယ်လေ။ ဝေးဆိုတာမပြောနဲ့အုံး ကိုယ်ကိုယ်တိုင်ကရော ဘယ်မှာ အလုပ်လုပ်ရင်ကောင်းမလဲ၊ ဘယ်လိုအလုပ်လုပ်ရင်ကောင်းမလဲဆိုတာ့ အဲ့ဒီလိုမျိုးလုပ်ငန်း အခွင့်အလမ်းတွေလည်း သိပ်မမြင်ဘူးလေ။ မမြင်တော့ ရှိတဲ့တာနဲ့ ခြစ်ချုပ်စားပေါ့ လှူတဲ့လူတွေက နည်းနည်းပါးပါးရှိတယ် ကိုယ်တွေက နည်းနည်းပါးပါးရှိတယ်။ တချို့မရှိတဲ့ လူလည်း များတယ်လို့ ကြားတယ်။”

ခုလိုအခက်အခဲတွေကြားမှာပဲ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုကို ဆက်လုပ်နေကြတဲ့ ဝန်ထမ်းတွေလည်း အများအပြား ဆက်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]











XS
SM
MD
LG