သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ဗကသဒုဥက္ကဋ္ဌ ဝေယံဖြိုးမိုးမိခင်နဲ့ ဆက်သွယ်မေးမြန်းချက်


ဗကသများအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး။ (မှတ်တမ်းဓာတ်ပုံ - All Burma Federation of Student Unions)
ဗကသများအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး။ (မှတ်တမ်းဓာတ်ပုံ - All Burma Federation of Student Unions)

[Zawgyi/Unicode]

ရန်ကုန် တာမွေမြို့နယ်မှာ မတ်လ ၃ ရက်နေ့က ဆန္ဒပြမှုကို စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်နှိမ်နင်းရာမှာ ကျောင်းသားလူငယ် ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး တချို့ပြန်လွတ်လာပေမဲ့ ဗကသများအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဝေယံဖြိုးမိုးအပါအဝင် ကျောင်းသားလူငယ် ၂၀၀ ကျော် ဆက်ပြီး ဖမ်းဆီးခံထားရပါတယ်။ သူတို့ကို ၅၀၅ (က) စစ်တပ်ပြိုကွဲအောင်လှုံ့ဆော်မှုနဲ့ စွဲချက်တင်ထားတယ်လို့သိရပါတယ်။ အဲဒီအထဲက ဖမ်းဆီးခံ ဗကသ ဒုဥက္ကဋ္ဌ ဝေယံဖြိုးမိုးကို ရန်ကုန်အင်းစိန်ထောင်မှာ တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေတဲ့ မိခင်ဖြစ်သူ ဒေါ်အေးအေးငွေကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်အေးအေးငွေ။ ။ အခုအခြေအနေက အခုမှ စုံစမ်းဆဲပဲရှိတယ်။ ပထမတော့ အခြေအနေမကောင်းဘူးလို့ သိတာလေ။ အဲဒါကို ကျမတို့ကတွေ့ခွင့်လည်း မရဘူး၊ စာပို့ခွင့်လည်း မရဘူး။ အဲဒီမှာ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတယောက်ဆီကနေပဲ စောစောပိုင်းရက်က သိရတာလေးပဲရှိတယ်။ ကျန်တာတော့ ဘာမှ ကျမတို့ သေချာ မသိရပါဘူး။ ဒီနေ့လည်း ရုံးမထုတ်ဘူးလေ။ ရုံးမထုတ်တော့ အဲဒီက သိရသလောက်တော့ ၃၀၊ ၃၁ ရက်နေ့ကိုတော့ သတ်မှတ်ထားတယ်ဆိုတာ ဒါပဲ သိလိုက်တယ်။ အဲဒါပဲ သိရတယ်။ ခု ကျမတို့ ပစ္စည်းတော့ပို့တယ်။ ၃ ကြိမ်ရှိပြီပေါ့... ပို့လိုက်တာ။ ဘာမှ အထဲကို ချိတ်ဆက်ပြီးတော့ ဘာမှ ဆက်သွယ်လို့မရပါဘူး။

မဆုမွန်။ ။ ကိုဝေယံဖြိုးမိုး စပြီးတော့ ဖမ်းဆီးခံသွားရတဲ့အချိန်ကနေစပြီးတော့ဆိုရင် အခုအန်တီတို့ မိသားစုနဲ့ အဆက်သွယ်ပျက်နေတာ ဘယ်လောက်လောက်များ အချိန်ကြာသွားပါပြီလဲရှင့်။

ဒေါ်အေးအေးငွေ။ ။ ဘယ်လောက်လောက်အချိန်ကြာသွားပြီလဲဆိုတော့ သူဆန္ဒပြနေတဲ့အချိန်တုန်းကတော့ သူ live လွှင့်တာတွေ၊ ဘာတွေ၊ သူတို့ရဲ့ post တွေကို ကျမတို့က တွေ့ရတယ်။ ၃ ရက်နေ့ ဖမ်းသွားပြီးကတည်းက ကျမတို့ ဘာမှ မသိရပါဘူး။ သူများပြောတဲ့ သတင်းစကားအပါးနဲ့ပဲ ဝိုးတိုးဝါးတားတွေ ကြားတော့ ကျမတို့က စိတ်တွေအရမ်းပူပြီးတော့ စစ်ကြောရေးကိုလည်းခေါ်သွားတယ်။

ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီဆိုတာ သိရတဲ့အတွက် ကျမနယ်ကနေပြီးတော့ မနေ့ကတုန်းက အဲဒီလှိုင်သာယာအပစ်အခတ်တွေကြားထဲက ကျမ တက်လာပြီးတော့ ကျမသွားတာပါ။ သွားတော့ အဲဒီမှာ ပစ္စည်းပဲ ပို့ခဲ့ရတယ်။ ဘာမှဆက်သွယ်လို့မရဘူး။ ဒီနေ့တခါ ထပ်သွားတယ်။ ကျမအခြေအနေကို သိချင်လို့ပေါ့နော်။ စာပို့လို့ရတယ်လို့ သိရပါတယ်ပေါ့။ သူ့ဆီကနေ အကြောင်းသိချင်လို့ဆိုတော့ စာလည်း ပေးလို့မရပါဘူးတဲ့ ၃ ရက်နေ့ကနေပြီးတော့တဲ့ ဖမ်းတဲ့သူတွေကို ဘာမှ ဆက်သွယ်ခွင့်မပေးဘူးလို့ အဲဒီလိုပြောလိုက်တယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အဲဒီတော့ အင်းစိန်ထောင်ထဲမှာရော ကိုဝေယံဖြိုးမိုး ရှိနေတယ်ဆိုတာကတော့ သေချာလားအန်တီ။

ဒေါ်အေးအေးငွေ။ ။ အခုအတိုင်းဆိုလို့ရှိရင် သူတို့က ပစ္စည်းထုပ်ကို အပြင်ကို ပြန်မရောက်ဘူးဆိုလို့ရှိရင်တဲ့ အထဲမှာရှိတယ်တဲ့။ ဒါသူတို့သိတဲ့သူတွေပြောတာပေါ့နော်။ မနေ့ကသွားပို့တဲ့ဟာ လည်း ပြန်မထွက်လာဘူး။ အဲဒီတော့ ကျမတို့က အဲ့အထဲမှာ ရှိတယ်လို့ပဲ ယူဆရတာပေါ့နော်။ ရှိ၊ မရှိဆိုတာကတော့ ကျမ အတိအကျမသိပါဘူး။

မဆုမွန်။ ။ အဲဒီတော့ ခုနက အန်တီပြောသလိုပေါ့နော်။ အခုဒီလိုမျိုး ကိုယ်တိုင်နယ်ကနေပြီးတော့ အခုသားကိုလာပြီးတော့မှ ရှာနေတဲ့အနေအထားပေါ်မှာ အန်တီအနေနဲ့ ဘာများ အန်တီ့သားလေးအတွက် ပြောချင်တာရှိပါသလဲရှင့်။

ဒေါ်အေးအေးငွေ။ ။ ကျမပြောချင်တာကလေ... သားက အထဲမှာ ဘယ်လိုနေရသလဲ။ နောက်ပြီးတော့ ကျန်းမာရေးအခြေအနေပေါ့နော်... သူ ဘာဖြစ်ချင်သလဲ။ သူ့ကို ဘာလုပ်ပေးရမလဲဆိုတာကို ကျမ သိချင်ပါတယ်။ မိဘတွေဆိုတာကလည်း ရင်ပူနေရတယ်လေ... ကျမလိုပဲပေါ့နော်။ ဘယ်တွေရောက်လို့ ရောက်မှန်းမသိ၊ ဘာတွေ ဖြစ်လို့ ဖြစ်မှန်းမသိဆိုတော့... အခုက ဘယ်လိုခေါ်လဲဆိုတော့ ကလေးတွေကို ထောင်ဝင်စာပို့လိုက်တာကလည်း နေတာထိုင်တာ မသိတဲ့အခါကျတော့ အပြင်က ပို့တဲ့သူတွေကလည်း တော်တော်ဒုက္ခရောက်နေတယ်။ အဲဒီတော့ အထဲကကလေးတွေကလည်း ဘယ်လိုနေ၊ ဘယ်လိုစား၊ ဘယ်လိုနေထိုင်ရသလဲဆိုတာ ကျမလည်း ကျမသားပူပင်သလိုပဲ ပူပင်ပါတယ် အားလုံးအတွက်။ သူတို့ ဘယ်နေရာမှာ ရှိတယ်၊ ငါတို့ သားသမီးတွေ ဘယ်မှာရှိတယ်ဟေ့၊ ဘယ်လိုမျိုးနေရတယ်ဆိုလို့ရှိရင်တော့ နည်းနည်း သက်သာဦးမယ်ပေါ့နော်။

အခုတော့ ဘယ်ကို ခေါ်လို့ ခေါ်မှန်းမသိ၊ ဒီထဲမှာ ရှိမှန်း၊ မရှိမှန်း မသိ။ အဲဒီလိုမျိုး ပူပန်နေရတဲ့ မိဘတွေ အများကြီးပါပဲ။ အဲဒီအတွက်ကို အားလုံးအတွက် အကုန်လုံးကို ကူညီပေးစေချင်ပါတယ်။ လွတ်မြောက်စေချင်ပါတယ်။ အန်တီ −သားဆီကနေပြီးတော့ သားကတော့ ဘယ်လိုနေနေရတယ်၊ ဘယ်မှာရှိတယ်ဆိုတာကို အဲဒီလိုမျိုးလေးပြန်ပြောတာကို သိချင်တာပေါ့နော်။ ဟိုလိုလိုဒီလိုလိုတွေနဲ့ ရက်ကရှည်နေပြီလေ ၃ ရက်နေ့ကတည်းကဆိုတော့ အဲဒါတွေနဲ့ စိတ်တွေပူပြီးတော့ အိပ်လည်းမအိပ်နိုင်၊ စားလည်း မစားနိုင်။

အဲဒါကြောင့်မို့ မနေ့က သေနတ်တွေကြားထဲကနေ လှိုင်သာယာကနေပြီးတော့ ဒုက္ခခံပြီးတော့ ထွက်ပြီးတော့ ဆိုင်ကယ်ကယ်ရီနဲ့ အမျိုးမျိုးတွေပတ်ပြီးတော့ အကျဉ်းဦးစီးဌာနကို လာခဲ့ရတာ ကိုယ့်သားအတွက်ကို။ အခု အဲဒီလိုမျိုးလည်း မိဘတွေလည်း အကုန်လုံးဖြစ်ကြလိမ့်မယ်၊ တချို့ဆို မသိသေးတာတွေလည်းရှိလိမ့်မယ်၊ ရှာဖွေနေကြတာတွေရှိတယ်... အဲဒီအတွက် အဲဒီလူတွေအားလုံးအတွက်ကိုလည်း ကူညီနိုင်ရင် ကူညီပေးပါလို့ပဲ ပြောချင်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG