သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းနဲ့ ပြည်နယ်အနှံ့က ဆန္ဒပြပွဲများ ဖမ်းဆီးခံရမှု ရှိ


မတ် ၂၂ ရက် ကလေးမြို့ သပိတ်စစ်ကြောင်း မြင်ကွင်း။ (ဓာတ်ပုံ - နီမင်းဦး)
မတ် ၂၂ ရက် ကလေးမြို့ သပိတ်စစ်ကြောင်း မြင်ကွင်း။ (ဓာတ်ပုံ - နီမင်းဦး)

[Zawgyi/Unicode]

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းတာကြောင့် သေဆုံးထိခိုက်မှုတွေရှိနေပေမဲ့ တိုင်းနဲ့ ပြည်နယ်အနှံ့ ဆန္ဒပြလှုပ်ရှားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အလိမ္မာ ပြောပြပါလိမ့်မယ်။

ကချင်ပြည်နယ်က နမ္မတီးမြို့နယ်မှာ ဒီကနေ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က အင်အားသုံး ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခံရတာတွေရှိတယ်လို့ နမ္မတီးဒေ သခံတစ်ယောက်ကပြောပါတယ်။

“ဒီနေ့က ဆန္ဒပြတယ်။ ဆန္ဒက ၈ နာရီလောက်က စထွက်တယ်။ ဖြိုခွင်းခံရတာက ၉ နာရီကျော် ခဏလေးပဲ ပတ်ရသေးတယ်။ သူတို့နောက်ကနေ ရဲကားတစ်စီးရယ်၊ စစ်ကားတစ်စီးရယ်။ ဒါပေမဲ့ လူအင်အားများတယ်။ သူတို့က မိုးကောင်းက ရဲတွေလည်း လာပေါင်းတယ်။ သူတို့ လာဖြိုခွင်းတယ်။ ရိုက်လည်း ရိုက်နှက်တယ်။ မိန်းကလေးတွေ ဆိုရင် ပါးတွေလည်း ရိုက်တယ်။ ပြီးတော့ ကျနော်တို့ကလည်း ရဲစခန်းကို တစ်ခါတည်း နမ္မတီးသားတွေ အကုန်လုံး တညီတညွတ်တည်း အကုန်လုံး လမ်းတွေ၊ ဘာတွေ အကုန်ပိတ် ကျောက်ခဲ တွေနဲ့ ပိတ်ပြီးတော့မှ ပြန်သွားတောင်းဆိုယူရတာပေါ့ အကုန်လုံးကို။ ၁၇ ယောက် ယောကျာ်းလေး ၁၀ ယောက်၊ မိန်းကလေး ၇ ယောက်ပေါ့။ နောက်ခါ အဲဒီလိုမျိုး မလိုက်ဖို့ပေါ့နော်။ အဲဒီလိုမျိုး ဝန်ခံကတိတွေ ဘာတွေ ထိုးခဲ့ရတယ်။ လက်မှတ်ထိုးပြီးမှ ပြန်လွှတ်ပေးတယ်။”

ကချင်ပြည်နယ် မြစ်ကြီနားမြို့ပေါ်မှာလည်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို အာဏာပိုင်တွေဘက်က ဖြိုခွင်းခဲ့ပေမဲ့ ဖမ်းဆီးတာတွေ မရှိဘူးလို့လည်း ကချင်ပြည်နယ်က ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ (PCG) တာဝန်ရှိသူ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“ဒီနေ့ကတော့ နှစ်နေရာ သုံးနေရာလောက်တော့ စုပြီးတော့ အဲဒီမှာ ထွက်ခါနီးမှာပဲ လူအုပ်ကို ပြန်ပြီးတော့ ဖြိုခွင်းလိုက်တယ်လို့တော့ သိရတယ်ဗျာ။ အခုအချိန်ထိတော့ ဘာမှမကြားမိသေးပါဘူးခင်ဗျာ။”

ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီးဘက်မှာဆိုရင်လည်း လက်ရှိအချိန်ထိ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံထားရသူ ၆၀ နီးပါး ရှိနေသေးတယ်လို့ ဖမ်းဆီးခံရသူတွေအရေး လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“ရှမ်းပြည်တောင်ပိုင်း တစ်ခုလုံးမှာ ကျမတို့အနေနဲ့ လက်ရှိလိုက်ပေးနေတာ လူ ၃၀ လောက် ရှိတယ်။ တခြားသော ရှေ့နေအဖွဲ့အသီးသီးတွေကလည်း အဲဒီလို လိုက်ပေးနေတာတွေတော့ ရှိတယ်ရှင့် ၁၀၀ တော့ မပြည့်လောက်ဘူး။ အဖမ်းခံထားရတဲ့ လူတွေကလေ အားလုံးပေါင်းရင်တော့ ၅၀၊ ၆၀ လောက်တော့ ရှိပါလိမ့်မယ်ရှင့်။”

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာလည်း ဒီကနေ့မနက်ပိုင်းက အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က အင်အားအလုံးအရင်းနဲ့ ဖြိုခွင်းခဲ့တာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတွေ၊ ဖမ်းဆီးခံရသူတွေ ရှိခဲ့တဲ့ စကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းမှာတော့ အာဏာပိုင်တွေက မြို့တွင်းတပ်စွဲထားတာတွေရှိပေမဲ့ ဒီကနေ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို ပစ်ခတ်ဖြိုခွင်းတာတွေ မရှိဘူးလို့ မုံရွာ ဒေသခံတစ်ဦးကပြောပါတယ်။

“ဒီနေ့ကတော့ အေးအေးချမ်းချမ်းနဲ့ ငြိမ်းချမ်းစွာပဲ ဆန္ဒပြကြပြီးတော့ပဲ လူစုခွဲသွားကြတယ်။ သူတို့ကလည်း သူတို့ တပ်စွဲထားတယ်ဗျာ။ ကျနော်တို့ကလည်း သူတို့နေရာကို မသွားကြပါဘူး။ ကိုယ့်ဟာနဲ့ကို ရပ်ကွက်ထဲမှာ အိတ်တွေ ကာထားတဲ့ နေရာမှာ ပြတာဗျာ။ ပြီးတော့ ငြိမ်းချမ်းစွာပဲ လူစုခွဲတယ်။ အင်အားကောင်းနေဆဲပါပဲခင်ဗျာ။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဆန္ဒပြသူတွေကို ဖမ်းဆီးထားတဲ့အရေအတွက် ၂,၆၀၀ ကျော်သွားပြီလို့ AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG