သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ခေါင်းဆောင်နဲ့ တရုတ်ကပြန်လာတဲ့ သမ္မတဟောင်း ဦးသိန်းစိန်တွေ့ဆုံ


ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ် နှစ် ၇၀ ပြည့်အခမ်းအနားပြင်ပ၌ သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့တွေ့ဆုံ။ (ဇွန်၊ ၂၀၂၄)
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ် နှစ် ၇၀ ပြည့်အခမ်းအနားပြင်ပ၌ သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့တွေ့ဆုံ။ (ဇွန်၊ ၂၀၂၄)

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်က ပြန်လာတဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ ဒီရက်ပိုင်း တွေ့ဆုံခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဇွန်လ ၂၇ ရက်နေ့က တရုတ်မှာကျင်းပတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ် အခမ်းအနား တက်ရင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။

မြန်မာဘက်က ပါးလိုက်တဲ့သတင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဘက်က ဘယ်လို သတင်းပြန်ပါးသလဲဆိုတာ ပြောပုံရတယ်လို့ နီးစပ်သူတွေက ခန့်မှန်းကြသလို ဒီတွေ့ဆုံမှုကို နေပြည်တော်မှာ တခါးပိတ်လုပ်တာဖြစ်ပြီး ဒီလ ၉ ရက်နေ့ကမှ တရုတ်က ပြန်လာတဲ့ ဒုတိယ စစ်ကောင်စီ ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း လည်း ပါတယ်လို့ သိရပါတယ်။

ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO)ရဲ့ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို သွားတက်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလည်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ တရုတ်ဘက်က ဦးသိန်းစိန် လက်ထက်ကလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ထိရောက်အောင် လုပ်စေချင်ပုံရတဲ့အကြောင်း ပြောပြနိုင်တယ်လို့ နီးစပ်သူတွေက သုံးသပ်ပြောဆိုပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်ဟာ တရုတ် ခရီးစဉ် မထွက်ခင်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၃ နာရီ ဝန်းကျင်ကြာ ဆွေးနွေးခဲ့ပြီး၊ ညဘက်မှာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းနဲ့ ညစာ စားရင်း တင်ကြို ဆွေးနွေးခဲ့တာလည်း ရှိတယ်လို့ နီးစပ်သူတွေက VOA ကို ပြောခဲ့ပါတယ်။ ရှေ့နှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ကတိပေး ပြောဆိုခဲ့ပြီး လပိုင်းအတွင်းမှာ အခုခရီးစဥ်တွေ ဖြစ်လာခဲ့တာ ဖြစ်သလို၊ တရုတ်က ကြားဝင် စေ့စပ်ပေမဲ့လို့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ကျယ်ပြန့် ပြင်းထန်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG