သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဆန္ဒပြသူတွေကို သတ်ဖြတ်ဖမ်းဆီးတာရပ်ဖို့ ကုလမဟာမင်းကြီးတောင်းဆို


ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရန်ကုန်မြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁)
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရန်ကုန်မြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ဆန္ဒပြနေသူတွေကို သတ်ဖြတ်၊ ဖမ်းဆီးနေတာ ရပ်ရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကဒီနေ့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတဝန်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်နေတာဟာ အင်မတန် စက်ဆုပ်ရွံရှာစရာဖြစ်တယ်လို့ လူ့အခွင့်အရေးမဟာမင်းကြီး ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြင်းထန်တဲ့ အသုံးအနှုန်းနဲ့ အပြစ်တင်ထားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ကူညီ ကယ်ဆယ်ဖို့ ကြိုးစားတဲ့ လူနာတင်ယာဉ်နဲ့ ဆေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်တဲ့ အထောက်အထားတွေ မြင်ရတာလည်း အင်မတန် ဆိုးဝါးစိတ်ပျက်စရာဖြစ်တယ်လို့ ပြောထားပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက သေဆုံးသူ ၅၄ ယောက်ထက်မနည်း ရှိတယ်ဆိုတာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက အတည်ပြုထားနိုင်ပေမဲ့ ဒီထက်အများကြီး ရှိနိုင်သေးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ဥပဒေမဲ့ ဖမ်းဆီးခံထားရသူကလည်း ၁,၇၀၀ ကျော်တယ်လို့ မှတ်တမ်းရှိထားပေမဲ့ သတင်းမသိရတဲ့နေရာတွေမှာ ဖမ်းဆီးခံရသူတွေ ရှိနိုင်တာကြောင့် တကယ့်အရေအတွက်က ဒီထက်များနိုင်တယ်လို့ပြောပါတယ်။ ခုလို တရားလက်လွတ် ဖမ်းဆီးမှုတွေဟာ အတင်းအဓမ္မ အင်အားသုံး လက်စဖျောက်မှု မြောက်ကောင်းမြောက်နိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Bachelet ကပြောကြားပြီး ဆက်လက်ဖမ်းဆီးခံထားရသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အမျိုးသမီးသတင်းထောက် ရှစ် ယောက်ထက်မနည်း အပါအဝင် သတင်းထောက် ၂၉ ယောက်ထက်မနည်း ဖမ်းဆီးခံထားရတဲ့အပေါ် စိုးရိမ်ကြောင်းလည်း ပြောထားပါတယ်။

မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းနိုင်သူတွေ၊ သတင်းအချက်အလက် ရှိထားသူတွေအားလုံးအနေနဲ့ စစ်ခေါင်းဆောင်တွေ အရင်ကရော အခုပါ ကျူးလွန်ထားတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံအောင် လုပ်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အဓ္ဓမအာဏာသိမ်းထားတာ အဆုံးသတ်အောင်နဲ့ တရားမ ျှတမှု ပေါ်ပေါက်ရေးအတွက် အဆုံးအဖြတ်ပေးရမယ့် အချိန်ရောက်နေပြီလို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG