ဇွန် ၇ ရက်နေ့တုန်းက မြိတ်မြို့ကနေ ရန်ကုန်မြို့ဆီ ပျံသန်းသွားစဉ် ပျက်ကျသွားတဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်ဟာ ဆိုးရွားတဲ့ ရာသီဥတုနှင့် ကြုံတွေ့ခဲ့ရပြီး လေယာဉ်ကို မထိန်းနိုင်လို့ ပျက်ကျခဲ့တာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားလိုက်ပါတယ်။
ထားဝယ်မြို့ အနောက်တောင်ဘက် ၄၃ မိုင်ကျော်လောက် အရောက်မှာ ဆက်သွယ်မှု ပြတ်တောက် ပျောက်ဆုံး ပျက်ကျ သွားခဲ့ရတာဟာ မသမာမှု တစ်ခုခုကြောင့် သော်လည်းကောင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုခုကြောင့် သော်လည်းကောင်း၊ လေယာဉ် အင်ဂျင် ချို့ယွင်း ရပ်တန့်မှုကြောင့် သော်လည်းကောင်း ပျံသန်းနေစဉ် ပျက်ကျခဲ့တာ မဟုတ်ဘူးလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီလေယာဉ်ပျက်ကျမှုကို ဘယ်လို အသေးစိတ် စုံစမ်းခဲ့သလဲ ဆိုတာကိုလည်း ဇူလိုင် ၁၈ နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ အကျယ်တဝင့် ရေးထားပါတယ်။
သြစတေးလျ နိုင်ငံ လေတပ်ရဲ့ လေကြောင်းလုံခြုံရေး (DDAAFS) ဌာနက ကျွမ်းကျင်သူတွေနဲ့ မြန်မာနိုင်ငံ လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေး ဌာန တာဝန်ရှိသူတွေ ပူးပေါင်းစုံစမ်းခဲ့တာကိုလည်း ဖော်ပြထားပါတယ်။ လေကြောင်းပျံသန်းမှု မှတ်တမ်းတင် Black Box ကရရှိတဲ့ မှတ်တမ်းတွေအရ လေယာဉ်ပျက်မကျခင် အချိန်အထိ လေယာဉ် စက်အစိတ်အပိုင်းတွေ ချို့ယွင်းမှု မရှိကြောင်း စစ်ဆေး တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ မှတ်တမ်းတွေ အရ မြိတ်လေဆိပ်ကနေ ရန်ကုန်လေဆိပ် သွားရာ ခရီးလမ်း တစ်လျှောက် လေတိုက်နှုန်းဟာ တဖြည်းဖြည်း အင်အားပြင်း လာခဲ့တယ်လို့ ပြောပါတယ်။ ရုတ်တရက် ပြောင်းလဲနေတဲ့ ပုံမှန်မဟုတ်တဲ့ ရာသီဥတုမှာ ပျံသန်းရတဲ့အတွက် လေယာဉ်ကို ထိန်းချုပ် မောင်းနှင်နိုင်တဲ့ အခြေအနေ မရှိတော့ဘဲ ပျက်ကျခဲ့ရတာ ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပြောပါတယ်။ ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ စစ်သည်၊ တပ်မတော် မိသားစုဝင် ၁၀၆ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၁၄ ယောက် ပါသွားခဲ့ပါတယ်။