သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပတ်မှာ အရပ်သားသေဆုံးမှု စစ်ကောင်စီငြင်းဆန်


စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ တမိုင်ခန့်သာဝေးတဲ့ ကနန်ရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ (ဇန်နဝါရီ ၇၊ ၂၀၂၄)
စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ တမိုင်ခန့်သာဝေးတဲ့ ကနန်ရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ (ဇန်နဝါရီ ၇၊ ၂၀၂၄)

စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ အများအပြား သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဟာ မမှန်ကြောင်း စစ်ကောင်စီက ငြင်းဆန်လိုက်ပါတယ်။ ခမ်းပတ်မြို့နယ် ကနန်ရွာကို မနေ့က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် ၉ ဦး အပါအဝင် အနည်းဆုံး ဒေသခံ ၁၇ ဦးသေဆုံးပြီး၊ ၂၀ လောက် ဒဏ်ရာရခဲ့ကြာင်း ဒေသခံတွေကို ကိုးကားပြီး AP သတင်းက ဖော်ပြခဲ့တာပါ။ စစ်ကောင်စီကတော့ ကနန်ရွာက ခရစ်ယာန်ဘုရားကျောင်းကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု သတင်းဟာ သတင်းမှားဖြစ်ကြောင်း မနေ့တုန်းက ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တဦးကတော့ ကနန်ရွာထဲက ဘုရားကျောင်း ၂ ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း VOA ကို ပြောပါတယ်။ ပထမအကြိမ်တိုက်ခိုက်လို့ လူတွေ ဘုရားကျောင်းက ထွက်အပြေး ဒုတိယအကြိမ် တိုက်ခိုက် ခံခဲ့ရတာလို့ ပြောပါတယ်။ အနီးနားဝန်းကျင်က နေအိမ်တွေကိုလည်း ဗုံးစတွေ ထိမှန်ခဲ့ပါတယ်။ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာနယ်မြေတွေကို လေကြောင်းကနေ မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ ထိုခိုက်သေဆုံးတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာတုန်းကလည်း ကချင်ပြည်နယ် လိုင်ဇာအနီး စစ်တပ်ဘက်က လေကြောင်းနဲ့ မြေပြင်က လက်နက်ကြီးတွေသုံး ထိုးစစ်ဆင်ခဲ့တဲ့အတွက် ကလေးငယ် ၁၁ ဦးအပါအဝင် အရပ်သား ၂၉ ဦး သေဆုံးခဲ့တဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG